ရေစကြိုမှာ လူမှုကူညီရေးအသင်းကား ၁ စီး ပစ်ခတ်မီးရှို့ခံရ

ရေစကြိုမှာ လူမှုကူညီရေးအသင်းကား ၁ စီး ပစ်ခတ်မီးရှို့ခံရ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ပခုက္ကူ-ရေစကြို-ချောင်းဦးလမ်းပိုင်း၊ ကျောက်လှေခါးကျေးရွာ တိုးဂိတ်အဟောင်းအနီးမှာ ရေစကြိုမြို့က လူမှုကူညီရေးအသင်းကား ၁ စီးသေနတ်နဲ့ ပစ်ခတ်ခံရပြီးနောက် မီးရှိုခံခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဇန်နဝါရီ ၂၈ ရက် မနေ့ညနေ ၃ နာရီကျော်မှာ ပခုက္ကူဘက်ကနေ ရေစကြိုဘက်ကို ယာဉ်မောင်း ဦးမြတ်သူ ၅၁ နှစ် နဲ့ ဦးချမ်းငြိမ်းကို ၃၆ နှစ်တို့လိုက်ပါလာတဲ့ ဖြူစင်လူမှုကူညီရေးအသင်းကားကို အဆိုပါနေရာအနီးမှာ လက်နက်ကိုင်အဖွဲ့တခုက ပစ်ခတ်မီးရှို့ခဲ့တာလို့ဆိုပါတယ်။

"အောက်ဆီဂျင်ကိစ္စနဲ့ ပခုက္ကူဘက်သွားပြီး ပြန်လာတာလို့ သိရတယ်။ ကားပဲ မှားပစ်ခံရတာလား။ ဘာကြောင့်လဲ ဆိုတာတော့ မသိရသေးဘူး" လို့ ရေစကြိုမြို့လူမှုကူညီရေးအသင်းနဲ့ နီးစပ်သူတဦးက မြေလတ်အသံကို  ပြောပါတယ်။

အသင်းကားပစ်ခံရချိန် ယာဥ်မောင်းနဲ့ယာဥ်နောက်လိုက်က ထွက်ပြေးလွတ်မြောက်ခဲ့ပြီး ကျန်ခဲ့တဲ့အသင်းလူနာတင်ကားကို ပစ်ခတ်ခဲ့တဲ့လက်နက်ကိုင်အဖွဲ့ဘက်က ကားကိုမီးရှို့ခဲ့တာလို့ သိရပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်ပြီး ရေစကြိုပကဖတာဝန်ရှိသူတဦးက “လူမှုကူညီရေးအသင်းကားက ပခုက္ကူဘက်ကနေ အောက်ဆီဂျင်သယ်ပြီး  ပြန်လာတယ်လို့ သိရတယ်။ မီးရှို့ခံရတာက ဟုတ်တယ်။ လမ်းပိုင်းမှာက စကစဘက်ကရော PDF တွေဘက်ရောရှိတာဖြစ်လို့ ဘယ်အဖွဲ့ကလုပ်တယ်ဆိုတာ မသိရသေးဘူး၊ စုံစမ်းနေဆဲပါ"လို့  ပြောပါတယ်။

ရေစကြို-ပခုက္ကူလမ်းပိုင်းမှာ အရပ်ဘက်ယာဉ်တွေ မကြာခဏပစ်ခတ်ခံနေရပြီး ပြီးခဲ့တဲ့နိုဝင်ဘာ ၆ ရက်ကလည်း အဆိုပါကျောက်လှေကားရွာအနီးမှာ အိမ်စီးကားနဲ့လာတဲ့ ကုန်မာဆိုင်ပိုင်ရှင်နဲ့ ယာဥ်မောင်းတို့ ပစ်ခတ်ခံရလို့ သေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#မကွေး #ရေစကြို #လူမှုကူညီရေး #အသင်းကား #ပစ်ခတ်မီးရှို့ခံရ #မီးလောင်ပျက်စီး #စစ်ကောင်စီတပ် #PDF #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10