ရေစကြို၊ ကြူရွာစီးနင်းခံရပြီး LPDF ရဲဘော် ၄ ဦးကျဆုံး

ရေစကြို၊ ကြူရွာစီးနင်းခံရပြီး LPDF ရဲဘော် ၄ ဦးကျဆုံး

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ကြူရွာကို စစ်ကောင်စီတပ်သားတွေက ဝင်ရောက်စီးနင်းရာ  အဆိုပါရွာရှိ LPDF ရဲဘော်တွေနဲ့ ထိတွေ့ပစ်ခတ်မှုတွေဖြစ်ပွားပြီး ရဲဘော် ၄ ဦး ကျဆုံးခဲ့တယ်လို့ ဒေသခံကာကွယ် ရေးအဖွဲ့ဝင်တဦးဆီက သိရပါတယ်။

ဇူလိုင်လ ၂ ရက် မနေ့ မနက် ၅ နာရီခန့်မှာ ရေစကြိုဘက်ကလာတဲ့ စစ်ကောင်စီအင်အား ၁၀၀ ခန့်က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ 

“သူတို့ သတင်းရလို့ဝင်စီးတဲ့ပုံစံမျိုးနေမှာ။ ရဲဘော် ၄ ယောက်ကျတယ်၊ သေနတ် ၂ လက်ပါသွားတယ်။ အဲ့လောက်ပဲ သိရသေးတယ်။ လျှပ်တပြတ်ဝင်စီးတာ။ ပြန်ခံပစ်တဲ့ရဲဘော်တွေက ကျသွားတဲ့ အနေအထားမျိုးပေါ့” လို့ ရေစကြိုအခြေစိုက် ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။ 

ခုလိုစီးနင်းတိုက်ခိုက်ခံရမှုကြောင့် LPDF ရဲဘော် ၄ ဦးသေဆုံးပြီး ဒဏ်ရာရသူအချို့ရှိကာ လက်နက်နဲ့ ပစ္စည်းအချို့လည်း သိမ်းဆည်းခံလိုက်ရတယ်လို့ ဆိုပါတယ်။

အဆိုပါစခန်းဝင်စီးခံရတာနဲ့ပတ်သက်ပြီး အသေးစိတ်သိနိုင်ဖို့ သက်ဆိုင်ရာ LPDF တပ်ဖွဲ့ဆီ မြေလတ်အသံက အဆက်အသွယ်ရဖို့ကြိုးစားနေပေမယ့် ဆက်သွယ်လို့မရသေးပါဘူး။

စစ်ကောင်စီထောက်ခံတယ်လီဂရမ်တွေဘက်မှာတော့ ကြူကျေးရွာဆေးပေးခန်းမှာ အထိုင်ချထားတဲ့ PDF အဖွဲ့စခန်းကိုဝင်ရောက်စီးနင်းရာမှာ PDF အလောင်း ၄ လောင်း၊ Type 81 တလက်အပါအဝင် လက် လုပ်သေနတ် ၉ လက်နဲ့ ကျည်တွေသိမ်းဆည်းရမိတယ်လို့ ဓာတ်ပုံတွေနဲ့ ဖော်ပြထားပါတယ်။

စစ်ကောင်စီတယ်လီဂရမ်တွေမှာဖော်ပြထားတဲ့ ရဲဘော်အလောင်းနဲ့ သိမ်းဆည်းခံလိုက်ရတဲ့ လက်နက်ပုံတွေဟာလည်း ကြူရွာစီးနင်းမှုမှာဖြစ်ခဲ့တဲ့ပုံတွေ မှန်ကန်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က အတည်ပြုထားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်ကလည်း ရေစကြိုမြို့နယ်၊ ခုနှစ်ပင်ကျေးရွာရှိ PDF  ကင်းစခန်းတခု တိုက်ခိုက်ခံရပြီး PDF ရဲဘော် ၄ ဦးကျဆုံးကာ လက်နက်အချို့လည်းသိမ်း ဆည်းခံလိုက်ရပါသေးတယ်။ 

စာတည်း - လင်း 

 #မြေလတ်အသံ

#မကွေး #ရေစကြို #LPDF #စခန်းစီးနင်း #PDF #ကျဆုံး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10