ရေစကြို၊ သဲတောရွာကို လေယာဉ်နဲ့ ပစ်ခတ်ပြီး စစ်ကြောင်းထိုးစီးနင်းလို့ ရွာခံ ၃ ဦးဒဏ်ရာရ     ■ ဒဏ်ရာကြောင့်မပြေးနိုင်တဲ့ အမျိုးသား ၁ ဦးအပါ ရွာခံ ၁၀ ဦးကျော်ဖမ်းခံထားရ

ရေစကြို၊ သဲတောရွာကို လေယာဉ်နဲ့ ပစ်ခတ်ပြီး စစ်ကြောင်းထိုးစီးနင်းလို့ ရွာခံ ၃ ဦးဒဏ်ရာရ  ■ ဒဏ်ရာကြောင့်မပြေးနိုင်တဲ့ အမျိုးသား ၁ ဦးအပါ ရွာခံ ၁၀ ဦးကျော်ဖမ်းခံထားရ

 

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ သဲတောရွာကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲပစ်ခတ်ပြီးနောက် မြေပြင်စစ်ကြောင်းနဲ့ သေနတ်ပစ်ဖောက်စီးနင်းလာလို့ ဒေသခံ ၃ ဦးကျည်ထိမှန်ဒဏ်ရာရရှိကာ ခြေထောက်ထိမှန်လို့ မပြေးနိုင်တဲ့ရွာခံအမျိုးသား ၁ ဦးအပါ ရွာခံ ၁၀ ဦးကျော် ဖမ်းဆီးခံထားရတယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၂၁ရက် ဒီကနေ့မနက် ၅ နာရီလောက်မှာ သဲတောရွာ ဘုန်းကြီးကျောင်းအနီးကို ပေါင် ၃၀၀ ဗုံးသီး ၂ လုံး၊ ရော့ကတ်တွေနဲ့ ၂ ကြိမ် ဗုံးကြဲပစ်ခတ်ပြီးတဲ့နောက် မိနစ်ပိုင်းသာခြားပြီး စစ်ကောင်စီတပ်အင်အား ၁၅၀ ဝန်းကျင်ဟာ စစ်ကြောင်း ၂ ကြောင်းနဲ့ ရွာအတွင်း၊အပြင်ခွဲစီးနင်းခဲ့တာလို့ ဆိုပါတယ်။

" လေယာဉ်ဗုံးကြဲပြီးတာနဲ့ ကျနော်တို့ ဗုံးခိုကျင်းကနေထွက်ပြီး ရွာဖျားရောက်နေတဲ့အချိန် သူတို့က ရွာထဲကို လက်နက်(ငယ်)တွေပစ်ဖောက်ပြီး ဝင်လာတာ။ ဒဏ်ရာရတဲ့လူတွေက စစ်ကြောင်းလာမှ ရှောင်လိုက်တဲ့သူတွေပါ " လို့ သဲတောဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းရဲ့ ပစ်ခတ်မှုကြောင့် သဲတောရွာခံ ဒေါ်သက်နွယ်  အသက် ၇၀ နှစ်မှာ လက်မောင်း၊ မနန်းဝေဖြိုး အသက် ၁၄ နှစ်မှာ ပေါင်၊ ဦးကျော်လင်း အသက် ၄၀ နှစ်ဝန်းကျင်မှာ ခြေထောက်တွေကို လက်နက်ငယ်ကျည် ထိမှန်ဒဏ်ရာအသီးသီးရရှိခဲ့ပြီး၊ ၎င်းတို့ ၃ ဦးအနက် ဒဏ်ရာတွေနဲ့ မပြေးနိုင်တော့တဲ့ ဦးကျော်လင်းကို စစ်ကောင်စီတပ်ကဖမ်းဆီးထားတယ်လို့ သိရပါတယ်။

လေကြောင်းဗုံးကြဲပစ်ခတ်ခံရတဲ့ ဘုန်းကြီးကျောင်းဟာ ရွာမြောက်ဘက်မှာရှိတာဖြစ်ပြီး ဗုံးကြဲတိုက်ခိုက်ခံရချိန်မှာ ဘုန်းကြီးကျောင်းဝန်းထဲ ကျရောက်တာမရှိလို့ ထိခိုက်ပျက်ဆီးတာမျိုးမရှိဘူးလို့ ဆိုပါတယ် ။

" ဘုန်းကြီးကျောင်းမှာ ကာကွယ်ရေးအဖွဲ့ဝင်တွေက အမြဲလာနေတာမျိုးမဟုတ်ဘူး၊ တခါတလေ ခဏတဖြုတ် ဝင်နားတာမျိုးတော့ရှိတယ်။ လေကြောင်းနဲ့လာပစ်တဲ့အချိန် ဘုန်းကြီးတွေကြိုတင်ရှောင်ထားတော့ထိခိုက်တာမရှိဘူး၊ ဘုန်းကြီးကျောင်းမှာဘယ်သူမှမရှိဘူး" လို့ အထက်ပါဒေသခံက ဆက်ပြောပါ တယ်။

ဒါ့အပြင် ရွာပြင်ကနေ ခွဲပြီးသွားတဲ့ စစ်ကြောင်းက သဲတောရွာ နဲ့ ၁မိုင်ခန့်အကွာရှိ ဒေသကာကွယ်ရေးတပ်ဖွဲ့စခန်းတခုကို ဝင်ရောက်စီးနင်းခဲ့ပြီး စခန်းကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

" ကာကွယ်ရေးစခန်းကတော့ပစ္စည်းဆုံးရှုံးမှုတွေရှိတာပေါ့၊ လက်နက်/ခဲယမ်း၊ လူတွေကတော့ လွတ်တယ် ။ ထုတ်လုပ်ရေးပစ္စည်းတွေ၊ စစ်ဝတ်တန်ဆာတွေတော့ဆုံးရှုံးတယ်လို့တော့ကြားတယ် " လို့ ၎င်းက ပြောပါတယ်။

လက်နက်ငယ်ထိမှန်ထားတဲ့ ဒေါ်သက်နွယ်ကို ကာကွယ်ရေးတပ်ဖွဲ့တွေက ဆေးကုသပေးနေပြီး  မနန်းဝေဖြိုးကိုတော့ မြို့ဆေးရုံတခုထံ လွှဲပြောင်းကုသပေးဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

လက်ရှိအထိအဆိုပါစစ်ကောင်စစ်ကြောင်းမှာ သဲတောရွာဘုန်းကြီးကျောင်းမှာရှိနေပြီး ကျေးရွာအတွင်းကျန်နေတဲ့ သက်ကြီးရွယ်အိုတွေနဲ့ ဒဏ်ရာရရှိထားသူ ဦးကျော်လင်းအပါ ရွာခံ ၁၀ ဦးကျော်ကို ဖမ်းဆီးထားတယ်လို့ သိရပါတယ် ။

သဲတောရွာကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ပစ်ခတ်ပြီး မြေပြင်စစ်ကြောင်းထိုး အထိုင်ချတပ်စွဲနေတဲ့အတွက် သဲတောအပါအဝင် နီးစပ်ရာကျေးရွာတွေဟာ တောတောင်တွေထဲ ရှောင်တိမ်းနေရတယ်လို့ သိရပါတယ်။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#မကွေး #ရေစကြို #စစ်ကောင်စီ #လေကြောင်း #တိုက်ခိုက် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10