သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်မှာ စပါးစိုက်ပျိုးတဲ့ တောင်သူတွေ အနေနဲ့ လယ်ယာလုပ်သားရှားပါးလာ တာကြောင့် ကြဲခင်းစနစ်နဲ့သာ စိုက်ပျိုးနေကြရတယ်လို့ ဒေသခံ တောင်သူတွေထံက သိရပါတယ်။
လယ်ယာစိုက်ပျိုးရေးလုပ်ငန်းခွင်အတွက် ကောက်စိုက်၊ ပျိုးနုတ်၊ ပေါင်းသင်လုပ်ငန်းတွေမှာ လုပ်သားငှားရမ်းရတာ ခက်ခဲလာတာ၊ ငှားရမ်းခတွေ စျေးနှုန်းတက်လာတာနဲ့ သွင်းအားစုစျေးနှုန်းတွေ မြင့်တက်လာတာကြောင့် ကြဲခင်းစပါးစိုက်စနစ်ကို ပြောင်းသုံးလာတယ်လို့ ဆိုပါတယ်။
"ကြဲခင်းစနစ်နဲ့က နိုင်ငံရေးမဖြစ်ခင်ကတည်းက လုပ်နေရတာ။ အဲ့တုန်းကတော့ ကြဲခင်းသမားလည်းရှိသလို လူငှားစိုက်တဲ့သူတွေလည်း ရှိသေးတယ်။ အခုနိုင်ငံရေးဖြစ်တော့ ပိုဆိုးလာတာပေါ့။ လူတွေက စစ်ဘေးကြောင့် ပြေးနေရတာဆိုတော့ ဟိုးအရင်ကလို စိုက်စနစ်နဲ့လုပ်ဖို့မလွယ်တော့ဘူး" လို့ ဒေသခံတောင်သူတဦးက ပြောပါတယ်။
နိုင်ငံရေးမဖြစ်ခင်ကာလမှာတော့ လယ်ယာလုပ်ငန်းခွင် လုပ်သားတွေဖြစ်တဲ့ ကောက်စိုက်၊ ပျိုးနုတ်၊ စာရင်းငှား တွေဟာ လယ်ယာလုပ်ငန်းခွင်ထက် လုပ်ခလစာပိုရတဲ့ နိုင်ငံခြားထွက် အလုပ်လုပ်ကြတာ၊ ပြည်တွင်းလုပ်ငန်းတွေကို ပြောင်းလဲ လုပ်ကိုင်ကြတာဖြစ်သလို နိုင်ငံရေးဖြစ်ပြီးနောက်ပိုင်း စစ်ဘေးရှောင်နေရတာတွေကြောင့် လုပ်သားရှားပါးမှုတွေ ဖြစ်နေရတာလို့ ဆိုပါတယ်။
လူအင်အားသုံးစိုက်စနစ်နဲ့ စိုက်ပျိုးပါက တဧကလျှင် စပါးတင်း ၆၀ နဲ့ ၈၀ ကြားထွက်ရှိပြီး ကြဲစနစ်ကတော့ တင်း ၅၀ အောက်သာထွက်ရှိတယ်လို့ ဆိုပါတယ်။
စိုက်စနစ်နဲ့ စိုက်ပျိုးပါက စုစုပေါင်း ကုန်ကျစရိတ် တဧက ကျပ် ၃ သိန်းနှုန်းခန့် ကုန်ကျပြီး ကြဲခင်းစနစ်နဲ့လည်း ပိုသတ်ဆေး၊ ဓာတ်မြေဩဇာတွေ ပိုသုံးရလို့ ကုန်ကျစရိတ် သိပ်မကွာဘူးလို့ သိရပါတယ်။
ထွက်ရှိလာတဲ့ စပါးတွေကတော့ ဆန်ချောအုပ်စုဝင် စပါးတွေက တင်း ၁၀၀ လျှင် ကျပ် ၁၃ သိန်းကျော်စျေးရပြီး ဆန်ကြမ်းအုပ်စုဝင် စပါးတွေကတော့ ကျပ် ၁၀ သိန်းအောက်စျေးသာရတယ်လို့ ဆိုပါတယ်။
ရေတာရှည်မြို့နယ်မှာ မိုးစပါးစိုက်ဧက ၄၀,၀၀၀ ကျော်ရှိပြီး တိုက်ပွဲတွေဖြစ်နေပေမယ့် တောင်သူတွေမှာ ဝမ်းစာအတွက် စပါးကို မဖြစ်မနေ စိုက်ပျိုးလုပ်ကိုင်နေကြရပါတယ်။
စာတည်း - လင်းဇေ
#မြေလတ်အသံ
#ပဲခူးတိုင်းဒေသကြီး #ရေတာရှည်မြို့နယ် #စပါး #ကြဲခင်းစိုက်ပျိုးစနစ်
Share Share Share