သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ သြဂုတ် ၁၂ ရက် မနက် ၇ နာရီကျော်မှာ တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ဒေသခံတွေထွက်ပြေးတိမ်းရှောင်နေရပြီး စားသောက်ရေးအတွက် အခက်အခဲဖြစ်နေကြတယ်လို့ သိရပါတယ်။
အင်အား ၄၀ ကျော်ရှိတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဟာ ရွှေတုတ်ကန်ကျေးရွာ အဝင်လမ်းထိပ်နဲ့ ကျေးရွာထဲမှာ ၁ နာရီကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ရွှေတုတ်ကန်နဲ့ ဝါရိုးကျေးရွာက ဒေသခံတွေရွာလုံး ကျွတ်ထွက်ပြေးခဲ့ရတာလို့ဆိုပါတယ်။
"အရေးတကြီးပြေးခဲ့ရတာမို့ ချက်ပြုတ်စရာအိုးခွက်မပါ၊ မိုးကရွာနဲ့ ဒုက္ခရောက်ရပါတယ်။ မကြီးတိုင်းရွာကို မုန့်လေးသွားဝယ်ခိုင်းစားကြ၊ ခင်မင်သူတွေက ထမင်းလာပို့ကြပါတယ်။ ညကတော့ မိုးရွာတော့ မိုးမလုံလို့ အိပ်မရပါဘူး" လို့ ရွှေတုတ်ကန်ကျေးရွာမှ ထွက်ပြေးနေရသူ အမျိုးသမီးတဦးက ပြောပါတယ်။
လက်ရှိတောတွေထဲမှာ ဖြစ်သလိုခိုလှုံပြီး စားသောက်နေကြရတဲ့ပြည်သူတွေမှာ အိမ်ခြေ ၂၀၀ ကျော်ရှိတဲ့ ရွှေတုတ်ကန်ကျေးရွာမှ လူဦးရေ ၆၀၀ ကျော်နဲ့ အိမ်ခြေ ၁၃၀ ကျော်ရှိတဲ့ ဝါရိုးကျေးရွာမှ လူဦးရေ ၄၀၀ ကျော်တို့ ဖြစ်ကြပါတယ်။
"အခုထိတော့ မပြန်ရသေးဘူး။ စကစတွေ ထပ်လာပြီးတော့ တိုက်ပွဲပြန်ဖြစ်လာ မလားဆိုပြီး စောင့်ကြည့်နေရတယ်"လို့ ရွှေတုတ်ကန်ကျေးရွာက အမျိုးသမီးတဦးက ပြောပါတယ်။
ရွှေတုတ်ကန်ကျေးရွာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ ၂ ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ သိရပြီး ပြန်လည်ဆုတ်ခွာသွားတဲ့ စစ်ကောင်စီတပ်သားတွေဟာ ရွာထဲရှိစျေးဆိုင်ခန်းတွေက ပိုက်ဆံတွေနဲ့ ဆိုင်ကယ် အစီး ၁၀ ကျော်တို့ကို ခိုးယူသွားခဲ့တယ်လို့ ဆိုပါတယ်။
"ရုတ်တရက်ထွက်ပြေးလာရတော့ အိမ်တွေမှာ ဘာမှမပိတ်ခဲ့ရဘူး။ ဒီအတိုင်းထားခဲ့ရတာ။ စကစ ဆယ်ယောက် ကျတယ်လို့ကြားတယ်။ နှစ်ယောက်လို့ လည်းပြောတယ်။ ကိုယ့်ဘက်ကတော့ တယောက် မစိုးရိမ်ဒဏ်ရာရသွားတယ်"လို့ အထက်ပါအမျိုး သမီးကပြောပါတယ်။
တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်သားတွေက ရွှေတုတ်ကန်ရွာအနီးရှိ မကြီးတိုင်ကျေးရွာထဲကို ဝင်ရောက်ကာ ရေနံချောင်းမြို့ပေါ်ကို ပြန်သွားခဲ့ကြတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ပြီးခဲ့တဲ့ဇွန်လ ၄ ရက်မှာလည်း အင်အား ၁၀၀ ခန့်ရှိ စစ်ကောင်စီတပ်သားတွေက ရွှေတုတ်ကန်ကျေးရွာ အုပ်စုရှိ ကျေးရွာ ၃ ရွာကို စစ်ကြောင်းထိုးဝင်ရောက်လာကာ ဆိုင်ကယ်အစီး ၃၀ ၊ ရွာကျန်းမာရေးကား ၁ စီး၊ ဆန်တွေအစရှိတဲ့ ပစ္စည်းတွေအကုန်လုံးကို ခိုးယူသွားကြတာလို့ ဒေသခံတွေဆီက သိရပါတယ်။
စာတည်း-လင်းဇေ
#မြေလတ်အသံ
#မကွေးတိုင်း #ရေနံချောင်း #စစ်ကောင်စီ #ရွှေတုတ်ကန် #ဝါရိုးကျေးရွာ
Share Share Share