ရေနံချောင်း၊ အုတ်ရှစ်ကုန်းရွာက အမျိုးသား ၂၀ ခန့်ကို စစ်တပ်က ဖမ်းဆီးခေါ်ဆောင်

ရေနံချောင်း၊ အုတ်ရှစ်ကုန်းရွာက အမျိုးသား ၂၀ ခန့်ကို စစ်တပ်က ဖမ်းဆီးခေါ်ဆောင်

 

မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်၊ အုတ်ရှစ်ကုန်းရွာကို စစ်ကောင်စီစစ်ကြောင်းက အင်အားအများအပြားနဲ့ ပိတ်ဆို့ပြီး ရွာသား ၂၀ ခန့်ကို ဖမ်းဆီးစစ်ဆေးမှုတွေပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အောက်တိုဘာ ၁၅ ရက် နံနက်အစောပိုင်းက ရေနံချောင်းမြို့ အရှေ့ဘက် ၄ မိုင်အကွာခန့်မှာရှိတဲ့ အုတ်ရှစ်ကုန်းရွာကို စစ်ကောင်စီတပ်သားအင်အား ၅၀ ခန့်ဟာ တောလမ်းအတိုင်းဝင်ရောက်လာကာ ရွာကိုဝိုင်းပတ်ပိတ်ဆို့ပြီး ဒေသခံတွေထဲက အမျိုးသားတွေကို မျက်နှာအဝတ်နဲ့စည်းပြီး ဖမ်းဆီးစစ်မေးတာတွေ ပြုလုပ်ခဲ့တယ်လို့ အနီးဝန်းကျင်ရွာတွေကနေ သိရပါတယ်။

"မနေ့ကဆို သူတို့ဝင်လာပြီကတည်းက မျက်နှာအဝတ်စည်းပြီး ဖမ်းထားတာ ညက ရေနံချောင်းမြို့ပေါ်က ၈ ယောက် ခေါ်သွားတယ်။ ရွာထဲမှာ ဆက်ဖမ်းထားတာက ၁၀ ကျော်တယ်။ နာမည်တပ်ပြောပြီး ရှာခိုင်းတာ လည်းရှိတယ်။ ရွာတိုက်ပွဲဖြစ်နေတဲ့နေရာလည်း မဟုတ်ဘူး။" လို့ ဒေသခံ ၁ ဦးက ပြောပါတယ်။

ဒီနေ့အောက်တိုဘာ ၁၆ ရက်အထိ ရွာကို ပိတ်ဆို့စစ်ဆေးနေဆဲဖြစ်ပြီး နောက်ထပ်အင်အား ၃၀ ခန့်လည်း ထပ်မံရောက်လာတယ်လို့ ပြောပါတယ်။

"နောက်ရောက်လာတာနဲ့ဆို အင်အားက ၈၀ လောက်ရှိတယ်။ ပြီးခဲ့တဲ့ရက်ကတော့ ရွာနဲ့ နည်းနည်းလှမ်းတဲ့ နေရာမှာ တော်လှန်ရေးအဖွဲ့တွေ မိုင်းဆွဲသွားတာရှိတယ်။ အဲဒါကြောင့် ရွာကို မဲနေတာ။ ကြွက်မနိုင်ကျီမီးနဲ့ လာရှို့တာ" လို့ ဒေသခံ ၁ ဦးက ပြောပါတယ်။

ရွာခံတချို့ကတော့ စစ်ကြောင်းမလာခင်ကတည်းက အနီးနားရွာတွေမှာ တိမ်းရှောင်တာ၊ ညပိုင်းတွေမှာ ကျေးရွာမှာ မအိပ်ဘဲ တခြားနေရာတွေမှာ ရှောင်တိမ်းအိပ်နေကြတာတွေ ပြုလုပ်နေရတယ်လို့ ဆိုပါတယ်။

"ဖမ်းသွားတဲ့သူတွေကို စီမံချက်နဲ့ စစ်မှုထမ်းခိုင်းမှာ စိုးရိမ်ရတယ်။ အမျိုးသားတွေချည်းပဲဆိုတော့ အပြစ်မရှိလည်း ပြန်မလွှတ်ဘဲ တပ်ထဲထည့်မှာကို မိသားစုတွေ စိုးရိမ်နေကြတယ်။" လို့ ဒေသခံ ၁ ဦးက ပြောပါတယ်။

လက်ရှိကာလမှာတော့ အဲဒီဒေသမှာ မြေပဲပေါ်ချိန်ဖြစ်လို့ ယာလုပ်ငန်းခွင်ထဲမှာ မြေပဲနှုတ်ရမှာဖြစ်ပေမယ့် ရွာထဲကသူတွေကို ပေးမထွက်သလို အခြားသူတွေကိုလည်း အဝင်မခံဘူးလို့ သိရပါတယ်။

ဒါ့အပြင် ဩဂုတ်လဝန်းကျင်ကလည်း ရွာတွေဘက်ကို စစ်ကြောင်းထိုးဝင်ရောက်ကာ နေအိမ်ထဲက ပစ္စည်းတွေနဲ့ အဖိုးတန်အရာတွေကို ယူဆောင်တာ ၄ ကြိမ်ထက် မနည်းရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မကွေးတိုင်း #ရေနံချောင်းမြို့ #အုတ်ရှစ်ကုန်းရွာ #စစ်ကောင်စီ #စစ်ကြောင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10