ရေနံ့သာရဲကင်းကျပြီးနောက် စစ်တပ်က မတ္တရာမြို့ကို ခံစစ်ပြင်

ရေနံ့သာရဲကင်းကျပြီးနောက် စစ်တပ်က မတ္တရာမြို့ကို ခံစစ်ပြင်

မန္တလေးတိုင်း၊ မတ္တရာမြို့ရဲ့မြောက်ဘက်အဝင်မှာရှိတဲ့ ရေနံ့သာရဲစခန်းကျပြီးနောက် စစ်ကောင်စီတပ်က မတ္တရာမြို့ကို ခံစစ်ပြင်ထားတာကြောင့် ဒေသခံတချို့ ဘေးလွတ်ရာသို့စတင်ရှောင်တိမ်းနေကြပြီလို့ ဒေသခံတွေဆီက သိရပါတယ်။

ဇူလိုင် ၅ ရက် ဒီနေ့မနက်က မန္တလေး PDF၊ မတ္တရာမျိုးမှန်တပ်ဖွဲ့နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေဟာ ရေနံ့သာရဲစခန်းကို အပြီးသိမ်းနိုင်ခဲ့သလို ပစ္စည်းတွေပါသိမ်းယူနိုင်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက်စစ်တပ်က အေးမေတ္တာဆေးရုံ၊ ဟိန်း ကားအပိုပစ္စည်းဆိုင်၊ ချစ်ဦးမွန် ဆေးခန်းတို့ကို စီးနင်းပြီး အထိုင်ချတပ်စွဲလိုက်တယ်လို့ သိရပါတယ်။

"အေးမေတ္တာဆေးရုံက အရင်ထဲက သူတို့(စကစ)ထိန်းထားသလိုပါပဲ။ ဒဏ်ရာရတွေကို အဲဒီမှာ ကုတာ။ အခုက အထိုင်ချပစ်လိုက်တာ" လို့ ဒေသခံတဦးက ပြောပါတယ်။

မတ္တရာကနေ မိုးကုတ်ထွက်တဲ့လမ်း(မြောက်ဘက်ထွက်တဲ့လမ်း)နဲ့ တောင်ဘက်(မန္တလေးဘက်ကို ထွက်တဲ့လမ်း) တွေကို စစ်တပ်က ပိတ်ထားတာကြောင့် ထွက်လမ်းတခုသာရှိပြီး အဲဒီလမ်းကနေ ဒေသခံတွေ ဒီနေ့မနက်မှာ စထွက်နေကြတာလို့ သိရပါတယ်။

"အကုန်တော့ မဟုတ်ဘူး။ ကျန်ခဲ့တဲ့သူတွေလည်း ရှိသေးတယ်။ လမ်းတွေကလည်း ဟိုက ပိတ်တယ်ကြား၊ ဒီကပိတ်တယ်ကြားနဲ့မို့ အခြေအနေစောင့်ကြည့်နေတဲ့သူတွေလည်းရှိသေးတယ်" လို့ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။

မတ္တရာမြို့နဲ့ မန္တလေးမြို့လမ်းပေါ်က စစ်ကောင်စီတပ်တွေ တပ်စွဲထားတဲ့ကျောက်တံတားကျေးရွာအနီးမှာလည်း စစ်ကောင်စီက မိုင်းတွေထောင်ထားတယ်လို့သိရပါတယ်။

သတင်း - N၊ စာတည်း - လင်းဇေ

#မြေလတ်အသံ

#မန္တလေးတိုင်း #မတ္တရာမြို့ #ရေနံ့သာ #စစ်ကောင်စီ #တိုက်ပွဲ #စစ်ဘေးရှောင် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10