ရေဘေးရှောင်တွေခိုလှုံနေတဲ့ ဇရပ်ပေါ် သစ်ပင်ပြိုကျလို့ ၄ ဦးဒဏ်ရာရပြီး ဆေးရုံတင်ထားရ (ရုပ်/သံ)

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ အောင်ချမ်းသာကျေးရွာမှာ ရေဘေးရှောင်တွေခိုလှုံနေတဲ့ ဇရပ်ပေါ် သစ်ပင်ပြိုကျခဲ့တာကြောင့် ၄ ဦးဒဏ်ရာရခဲ့တယ်လို့ ရေဘေးကူညီပေးနေသူတွေဆီက သိရပါတယ်။

စက်တင်ဘာ ၁၃ ရက် ညနေ ၅ နာရီခန့်မှာ အောင်ချမ်းသာကျေးရွာ၊ မယ်ဒက်ဘုန်းကြီးကျောင်းဝင်း အတွင်းရှိဇရပ်မှာ ရေဘေးသင့်ပြည်သူ ၈ ဦးခန့်ရှိနေချိန် ဇရပ်ဘေးရှိသစ်ပင်က လဲကျပြီး လူတွေပေါ်ပိမိခဲ့တာလို့ ဆိုပါတယ်။

"မယ်ဒက်မှာက နှစ်ချို့အင်ပင်ကြီးတွေက အများကြီးရှိတယ်။ မိုးရွာလေတိုက်ချိန် အမြစ်ပေါ်ပြီး လဲတာ။ ရုတ်တရက်ဆိုတော့ မိုးကလည်းရွာနေချိန် သစ်ပင်လဲတာကို မသိလိုက်ကြတာ။ ၄ ဦးကိုတော့ သစ်ပင်ထိသွားတာ။"လို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးနေသူ တဦးကပြောပါတယ်။

သစ်ပင်ပိမိပြီး ဇရပ်အတွင်းရှိနေသူတွေအနက် ကွမ်းအုံရွာကနေ ရေဘေးလာရှောင်နေတဲ့ သက်လတ်ပိုင်းအမျိုးသမီး ၃ ဦးနဲ့ အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာရခဲ့တာပါ။ 

ထိခိုက်ဒဏ်ရာသွားသူတွေကိုတော့ ဒေသခံတွေအကူအညီနဲ့ နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံကို ဆေးကုသဖို့ ပို့ဆောင်ပေးထားကြပြီး နောက်ဆက်တွဲအခြေအနေတွေကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။ 

မယ်ဒက်ဘုန်းကြီးကျောင်းအတွင်းမှာ ကွမ်းအုံ၊ ဒိုးတန်း၊ နောင်ဘို၊ သာယာကုန်းကျေးရွာတွေက ရေဘေးရှောင်ပြည်သူ ၁၀၀ ကျော်ခိုလှုံနေကြတာလို့လည်း အထက်ပါဒေသခံက ပြောပါတယ်။ 

ဒီရေဘေးရှောင်တွေဟာ စက်တင်ဘာလ ၁၁ ရက်ကတည်းက စစ်တောင်းမြစ်ရေတက်လာလို့ ကျေးရွာတွေကထွက်လာပြီး ဘုန်းကြီးကျောင်းမှာလာရောက်နေထိုင်ကြသူတွေဖြစ်ပြီး ရေဘေးရှောင်တွေအတွက် အလှူရှင်အချို့က လှူဒါန်းတာတွေရှိပေမယ့် စားနပ်ရိက္ခာလိုအပ်ချက်တွေကတော့ ရှိနေတယ်လို့ သိရပါတယ်။

စာတည်း - လင်း ၊ တည်းဖြတ် - HP

#မြေလတ်အသံ

#ပဲခူး #ရေတာရှည် #သစ်ပင်လဲ #ရေဘေးသင့် #ဒေသခံဒဏ်ရာရ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10