သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရေဦးမြို့၊ အောင်ဆန်းရပ်ကွက်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးအတွင်းပြုလုပ်တဲ့ ပျူစောထီးတပ်ဖွဲ့သင်တန်းဆင်းပွဲ ဒရုန်းနဲ့တိုက်ခိုက်ခံရပြီး ၅ ဦးသေ၊ အများအပြားဒဏ်ရာရတယ်လို့ ရေဦးမြို့နယ်ပကဖအဖွဲ့ထံက သိရပါတယ်။
နိုဝင်ဘာ ၂၂ ရက် မနက် ၁၀ နာရီကျော်က ထွေအုပ်ရုံးတန်းစီးကွင်းမှာ စစ်ကောင်စီတပ်၊ ပျူစောထီး၊ ထွေအုပ်ဝန်ထမ်း၊ ရဲ၊ မီးသတ်နဲ့ ပျူစောထီးသင်တန်းသား စတဲ့ စစ်ကောင်စီလက်အောက်ခံအဖွဲ့ဝင်စုစုပေါင်းအင်အား ၁၅၀ ကျော်ရှိနေချိန် ဒရုန်းဗုံးချတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။
" ဒရုန်း ၉ စီးနဲ့ သူတို့သင်တန်းဆင်းနေတဲ့ မရက(ထွေအုပ်) ကွင်းထဲကို ပြိုင်တူနီးနီး ဗုံးဝင်ချခဲ့တာ။ နောက်ထပ် ၃ စီးထပ်လွှတ်ပြီး ၃ လုံးထပ်ချတာ။ အဲ့ချိန်မှာ စကစဘက်ကလည်း ဂျန်မာတွေဖွင့်လိုက်တော့ ကျနော်တို့ဘက်ကလည်း ပြန်ခေါက်လာခဲ့လိုက်တော့တာ။"လို့ ရေဦးမြို့နယ်ပကဖတာဝန်ခံက မြေလတ်အသံကို ပြောပါတယ်။
ဒရုန်းဗုံးထိမှန်တာကြောင့် ကနဦး ပျူစောထီးနဲ့စစ်ကောင်စီအဖွဲ့ဝင် ၃ ဦး နေရာမှာသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေများလို့ ဆေးရုံပို့ဆောင်ဆေးကုသချိန် နောက်ထပ် ၂ ဦးထပ်မံသေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒဏ်ရာရသူတွေကတော့ အရေအတွက်များတယ်လို့သာ သိရပြီး အတိအကျစာရင်းမသိရသေးဘူးလို့ သူက ဆက်ပြောပါတယ်။
အဆိုပါတိုက်ခိုက်မှုကို ရေဦးမြို့နယ်ပကဖ၊ ရွှေဘိုခရိုင်အမှတ် ၁၄ တပ်ရင်းတို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒရုန်းဗုံးချပြီးချိန်မှာ စစ်ကောင်စီဘက်က PDF အဖွဲ့တွေရှိနိုင်တဲ့နေရာတွေကို လက်နက်ကြီးနဲ့ပစ်ခတ်တာတွေရှိခဲ့ပေမယ့် ဒေသခံတွေနဲ့ PDF တွေထိခိုက်မရှိခဲ့ဘူးလို့ ဆိုပါတယ်။
စစ်ကောင်စီထောက်ခံရေးသားနေတဲ့ တယ်လီဂရမ်တွေမှာတော့ ပြည်သူ့စစ်သင်တန်းဆင်းပွဲ ဒရုန်းဗုံးချခံရတာက PDF အဖွဲ့တွေထံ သတင်းပေးသူရှိနေတာကြောင့် အချိန်အတိအကျနဲ့နေရာအတိအကျ ဗုံးချနိုင်တာဖြစ်ပြီး ဗုံးသီးကျရောက်ပေါက်ကွဲလို့ ရဲတပ်ကြပ် ၁ ဦး၊ ပြည်သူ့စစ် ၅ ဦးဒဏ်ရာပြင်းထန်ရခဲ့ကြတယ်လို့ ရေးသားဖော်ပြထားပါတယ်။
အောက်တိုဘာ ၄ ရက်ကလည်း အောင်သာယာကျေးရွာပျူစောထီးနဲ့ စစ်ကောင်စီအဖွဲ့တွေက မုံလှနဲ့ ကျီစုရွာဘက်ကို ဒရုန်းနဲဗုံးချစဥ် မကျဘဲပြန်ပါသွားတဲ့ ဗုံးသီး ၁ လုံးက ပျူတွေနဲ့ စစ်ကောင်စီတပ်သားတွေရှိတဲ့နေရာကို ပြန်ကျလို့ ၆ ဦးသေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။
စာတည်း - ဟိန်းစံ
#မြေလတ်အသံ
#ရေဦး #အထွေထွေအုပ်ချုပ်ရေးရုံး #ဒရုန်း #ပျူစောထီး
Share Share Share