ရေဦးမြို့ကို စစ်ကောင်စီတပ်က ရဟတ်ယာဉ်နဲ့လုံခြုံရေးပေးပြီး အင်အားဖြည့်တင်းနေ

ရေဦးမြို့ကို စစ်ကောင်စီတပ်က ရဟတ်ယာဉ်နဲ့လုံခြုံရေးပေးပြီး အင်အားဖြည့်တင်းနေ

⁨⁨စစ်ကိုင်းတိုင်း၊ ရေဦးမြို့ပေါ်ကို စစ်ကောင်စီတပ်က သြဂုတ်လဒုတိယအပတ်ကစတင်ကာ စစ်သားအင်အား၊ လက်နက်အင်အားဖြည့်တင်းနေတယ်လို့ ရေဦးမြို့နယ်အခြေပြု People's Defense Comrade ထံက သိရပါတယ်။

သြဂုတ် ၁၀ ရက်မှာ မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)မှ Mi-17 ထောက်ပို့ရဟတ်တစီးနဲ့  ရေဦးမြို့ပေါ်ကို တရက်တည်း ၂ ကြိမ် စစ်သားအင်အားချပေးနေချိန် Mi-35 ရဟတ်ယာဥ်တစီးနဲ့ လုံခြုံရေးယူပေးခဲ့တယ်လို့ဆိုပါတယ်။

"Mi-35 နဲ့ ရေဦးအနောက်ခြမ်းရွာတွေပေါ်ကို ခပ်နိမ့်နိမ့်ပျံဝဲပြီး လုံခြုံရေးယူပေးခဲ့တယ်။ စစ်သားအင်အားကတော့ တိကျမသိရဘူး" လို့ ရေဦးမြို့နယ်အခြေပြု People's Defense Comrade မှ ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော်(အမေ့သား)က ပြောပါတယ်။

သြဂုတ် ၁၁ ရက် မွန်းလွဲ ၁ နာရီကျော်မှာတော့ ဟုမ္မလင်းလေတပ်ကနေ Mi-17 ရဟတ်ယာဥ်နဲ့ ရေဦးမြို့ပေါ်ကို စစ်သားအင်အား၊ လက်နက်အင်အားတွေ ထပ်မံပို့ဆောင်ပေးခဲ့ပြီး Mi-17 ရဟတ်ယာဉ် ဆင်း သက်နေချိန် လုံခြုံရေးလိုက်ပါလာတဲ့ Mi-35 တိုက်ခိုက်ရေးရဟတ်ယာဥ်က ပစ်ခတ်မှုတွေပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

Mi-35 ရဟတ်ယာဥ်က ရေဦးအနောက်ခြမ်းရှိ မုတ်စီကျေးရွာနဲ့ ရေဦးမြို့အထွက်ရှိ ဒေသအခေါ် အောက်စီဂျင်ရုံးအနီးဝန်းကျင်ကို ပစ်ခတ်တာတွေပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

"Mi-17 နဲ့ ရေဦးကိုဆင်းတိုင်း Mi-35က အနောက်ကနေ ကပ်ပါလာတယ်။ Mi-17 ရေဦးကိုဆင်းနေချိန် ကိုယ့်ဘက်ကအဖွဲ့တွေ ဝင်ပစ်ခတ်မှာလည်း စိုးတဲ့အတွက် အခုလိုရမ်းကားပစ်ခတ်ခဲ့တာ" လို့ ကိုထူးခန့်ဇော်က ပြောပါတယ်။

ရေဦးမြို့ပေါ်ရှိနေတဲ့ စစ်ကောင်စီတပ်သားတွေကို မုံရွာ နမခနဲ့ မန္တလေးဘက်ကို ပို့ဆောင်ဖို့စီစဥ်နေပြီး ဟုမ္မလင်း၊ ခန္တီး၊ ကန့်ဘလူမြို့နယ်ဘက်က စစ်ကောင်စီတပ်သားတွေကိုတော့ ရေဦးမြို့ကို ပြန်လည်ပို့ဆောင်ကာ တပ်အပြောင်းအလဲတွေလည်း လုပ်ဆောင်ဖို့ရှိနေတယ်လို့ မြေပြင်သတင်းရရှိချက်တွေကို ကိုးကားပြီး ကိုထူးခန့်ဇော်က ဆက်ပြောပါတယ်။

စစ်ကောင်စီတပ်က ရေဦး၊ ခင်ဦး၊ ဒီပဲယင်းမြို့နယ်တွေကို စစ်ကြောင်းထိုးမဝင်ရောက်တာ ၆ လ နီးပါးကြာ ပြီးနောက် အခုသြဂုတ်လကစတင်ပြီး ရေဦးမြို့ကို စစ်အင်အား၊ လက်နက်အင်အားဖြည့်တင်းကာ နယ်မြေရှင်းလင်းရေးလုပ်ဖို့ ကြိုးပမ်းနေတာလည်းဖြစ်ကြောင်း သူက သုံးသပ်ပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီတပ်က နယ်မြေရှင်းလင်းရေးလုပ်လာတာမရှိသေးပေမယ့် ရေဦးမြို့နဲ့အနီး ဝန်းကျင်ကျေးရွာဒေသခံတွေကတော့ စစ်ကြောင်းထိုးလာမှာနဲ့ လေကြောင်းကနေပစ်ခတ်မှာကို စိုးရိမ်နေကြရတယ်လို့ သိရပါတယ်။

စာတည်း-လင်းဇေ

#မြေလတ်အသံ

#ရေဦးမြို့ #စစ်ကောင်စီတပ် #People'sDefenseComrade⁩ #အင်အားဖြည့်တင်း #သတင်းတို

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10