ရေဦးမြို့နယ်ပကဖ က ဖမ်းဆီးသွားတဲ့ သံသည်ရပ်ကျေး ပအဖ၊ ပလဖနဲ့ CDM အပါ ၆ ဦးကို ဒီနေ့အထိ ပြန်မလွှတ်သေး

ရေဦးမြို့နယ်ပကဖ က ဖမ်းဆီးသွားတဲ့ သံသည်ရပ်ကျေး ပအဖ၊ ပလဖနဲ့ CDM အပါ ၆ ဦးကို ဒီနေ့အထိ ပြန်မလွှတ်သေး

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဖမ်းဆီးထားတဲ့ ရေဦးမြို့နယ်၊ သံသည်ကျေးရွာ ရပ်ကျေးပအဖ၊ ပလဖနဲ့ CDM ၁ ဦးအပါအဝင် ၆ ဦးဟာ ဒီကနေ့ ၆ ရက်မြောက်ကြာတဲ့အထိ လွတ်မြောက်လာတာမရှိသေးသလို မိသားစုနဲ့လည်းတွေ့ခွင့် မရသေးဘူးလို့ဒေသခံတွေက ပြောပါတယ်။ 

မတ် ၁၅ ရက် မနက်ပိုင်းမှာ ရေဦးမြို့နယ်ပကဖ က သံသည်ကျေးရွာပအဖအဖွဲ့ကို အသစ်ပြန်လည်ဖွဲ့စည်းခဲ့တာနဲ့ပတ်သက်ပြီး သံသည်ရပ်ကျေးပအဖအဖွဲ့ဝင်ဟောင်းတဦးက တိုင်တန်းမှုရှိတယ်ဆိုကာ ပအဖနဲ့ ပလဖအဖွဲ့ဝင် ၆ ဦးကို မတ် ၁၇ ရက် ညပိုင်းမှာ ဝင်ရောက်ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။ 

ဖမ်းဆီးခံရသူတွေဟာ ရေဦးမြို့နယ်ပကဖ အသစ်ဖွဲ့စည်းလိုက်တဲ့ ရပ်ကျေးပအဖအဖွဲ့ဝင် (ယခင်ရပ်ကျေး ပအဖခေါင်းဆောင်) ကိုဟန်မင်းထွန်း၊ ယခင်ရပ်ကျေးပအဖအဖွဲ့ဝင်ဟောင်း ကိုသိန်းဇော်၊ ကိုဝင်းကို၊ ရပ်ကျေးပလဖခေါင်းဆောင် ကိုဖိုးတေ၊ ပလဖအဖွဲ့ဝင် ကိုပြည့်လျှံ နဲ့ NUG အစိုးရဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းမှာ စာသင်ပေးနေသူ လျှပ်စစ်ရုံး CDM ကိုသန်းငွေတို့ဖြစ်ပါတယ်။ 

“ကျနော်တို့လည်း အကြောက်တရားနဲ့ နေနေရတာ။ စကားတွေကိုလည်း ပွင့်ပွင့်လင်းလင်းမပြောရဲဘူး။အဲ့နေ့ကဆို သေနတ်တွေပစ်ဖောက်တယ်။ ပြည်သူတွေကိုလည်း မထခိုင်းဘူး။ ထရင်ပစ်သတ်မယ်။ ဖုန်းတွေကိုလည်း မထုတ်ခိုင်းဘူး။ သူ့တို့အသစ်ခန့်လိုက်တဲ့သူတွေကလည်း ပြည်သူတွေလက်မခံလို့ မရဘူး။ သူတို့ကအမိန့်အာဏာနဲ့ ဖွဲ့သွားတာ” လို့ သံသည်ကျေးရွာသားတဦးက ပြောပါတယ်။

ရေဦးမြို့နယ်အလယ်ပိုင်း ပကဖ၊ ပလဖ အဖွဲ့တွေဟာ မတ် ၁၅ ရက် မနက် ၉ နာရီလောက်မှာ သံသည်ကျေးရွာဘုန်းကြီးကျောင်းကိုရောက်ရှိလာပြီး ရွာသားတွေကို အစည်းအဝေးခေါ်ကာ လက်ရှိ သံသည်ကျေးရွာရပ်ကျေးပအဖအဖွဲ့ဝင်တွေကို ရာထူးမှဖြုတ်ချကြောင်းနဲ့ အသစ်ပြန်လည်ဖွဲ့စည်းမှာ ဖြစ်ကြောင်း ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

ရေဦးပကဖဖွဲ့စည်းတဲ့ ပအဖအဖွဲ့အသစ်မှာ ပအဖခေါင်းဆောင်ဟောင်း ကိုဟန်မင်းထွန်း ၁ ဦးသာ အဖွဲ့ဝင်အဖြစ် ပြန်လည်ပါဝင်ပြီး ကျန် ၄ ဦး နေရာမှာ ကျေးရွာလူထုရဲ့ဆန္ဒမပါတဲ့ ရွာခံလူ ၄ ဦးနဲ့ အစားထိုးခန့်အပ်ခဲ့တယ်လို့ ဆိုပါတယ်။

“ ရပ်ကျေးပအဖအဖွဲ့သစ်မှာပါတဲ့ အောင်ကိုလင်းနဲ့ နေဇာလင်းကို ပြန်ဖြုတ်ချပေးဖို့ ရွာခံတွေက ရေဦးပကဖကို တောင်းဆိုတာမှာ လက်မခံဘူး။ နေဇာလင်းက အရင် ပလဖခေါင်းဆောင်လုပ်ကတည်းက လက်နက်နဲ့ပြည်သူကို အနိုင်ကျင့်တာတွေရှိလို့ မြို့နယ်ပကဖနဲ့ပလဖဆီ တိုင်စာပို့ပေမယ့် ဘယ်အဖွဲ့ကမှ အရေးမယူဘူး” လို့ ရွာခံတဦး က ရှင်းပြပါတယ်။

ဖမ်းဆီးမခံရမီ မတ် ၁၇ရက် မနက်ပိုင်းမှာ ရေဦးမြို့နယ်အလယ်ပိုင်းပကဖအဖွဲ့က သံသည်ရွာရဲ့လက်နက်စာရင်းတွေ လာရောက်ကောက်ခံပြီး လက်နက်တွေယာယီသိမ်းဆည်းမယ်ဆိုကာ ယူဆောင်သွားပြီးနောက် ည ၇ နာရီ လောက်မှာ အင်အား ၂၀ ဝန်းကျင်နဲ့ ကျေးရွာအတွင်း သေနတ်ပစ်ဖောက်ဝင်ရောက် ဖမ်းဆီးခဲ့ပေမယ့် ရွာခံတွေက လက်သုံးချောင်းထောင်ဆန္ဒပြခဲ့လို့ မဖမ်းဘဲပြန်လည်ထွက်ခွာခဲ့တယ်လို့ ဆိုပါတယ်။

ထို့နောက် ည ၁၁ နာရီခန့်မှာ ကျေးရွာအတွင်း သေနတ်ပစ်ဖောက်ထပ်မံဝင်ရောက်လာပြီး ဖမ်းဆီးရာ ကိုဟန်မင်းထွန်း ကို ဦးဆုံးဝင်ရောက်ဖမ်းဆီးပြီးနောက် ၎င်းအပါ ပကဖနဲ့ ပလဖ၊ CDM ၆ ဦးကို ထပ်မံဖမ်းဆီးသွားတာလို့ သိရပါတယ်။

ရေဦးမြို့နယ်ပကဖက အလိုရှိတဲ့ သံသည်ရပ်ကျေးပအဖဝင်ဟောင်းတဦးကို လာရောက်ဖမ်းဆီးစဉ်မှာ ကိုဟန်မင်းထွန်းက ‘သူ့မှာဘာအပြစ်ရှိလို့ ဖမ်းတာတုန်း၊ သူခရိုင်ကိုတိုင်တာလည်း မဟုတ်ဘူး။ ဒီကိစ္စက ရွာမှာဖြေရှင်းလို့ရတယ်’ လို့ ပြန်ပြောခဲ့တာကြောင့် ကိုဟန်မင်းထွန်းအပါအဝင် ၆ ဦးစလုံးကို လက်ပြန်ကြိုးတုပ်ပြီး ဖမ်းသွားတာဖြစ်ပါတယ်။ 

“ CDM အမျိုးသားကို သေနတ်ဒင်နဲ့ ရိုက်နှက်တာတွေလည်း လုပ်တယ်” လို့ ရွာခံတဦးက ပြောပါတယ်။

အဆိုပါ ၆ ဦးကိုဖမ်းဆီးသွားပြီးနောက် မတ် ၁၈ ရက် မနက်ပိုင်းမှာ သံသည်ရွာခံတွေက ဖမ်းဆီးခံရသူတွေကို သွားရောက်တွေ့ဆုံဖို့ ကျေးရွာကနေထွက်ခွာလာစဉ် ရွာနဲ့ ၁ မိုင်ကျော်အကွာအရောက်မှာ အသင့်စောင့်နေတဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေက ရွာသားတွေကို ခြိမ်းခြောက်ခဲ့တယ်လို့ ဆိုပါတယ်။

“ ကျနော်တို့ ရွာသူရွာသားတွေအားလုံး တညီတညွတ်တည်း သွားတွေ့မယ်ဆိုပြီး ထွက်လာတာ။ အဲဒီအချိန် သူတို့(ပကဖ)က လမ်းမှာ အင်အားအများအပြားသုံးပြီး ရှေ့တိုးရင် ကြိမ်လုံးနဲ့ရိုက်မယ်။ ဒီထက်တိုးလာရင် သေနတ်နဲ့ပစ်မယ်လို့ အပြန်အလှန်အချေအတင်ဖြစ်နေချိန်မှာ ဦးမြင့်ထွေး(ရေဦးပကဖခေါင်းဆောင်) ရောက်လာပြီးတော့ သူတို့ကို ခဏထိန်းသိမ်းတာပါ၊ ဖမ်းတာမဟုတ်ပါဘူးလို့ ပြောခဲ့ပေမယ့် ဒီနေ့အထိလည်း ဘာသတင်းမှကို မကြားရသေးဘူး ” လို့ သူက ဆက်ရှင်းပြပါတယ်။ 

လက်ရှိအချိန်မှာလည်း သံသည်ကျေးရွာက ရပ်ကျေးပအဖအဖွဲ့ဝင်ဟောင်းတချို့ဟာ ကျေးရွာထဲမှာမနေရဲတော့ဘဲ ထွက်ပြေးတိမ်းရှောင်နေကြရပြီး တိမ်းရှောင်နေသူတွေနဲ့ အဖမ်းဆီးခံရတဲ့သူတွေရဲ့ မိသားစုဝင်တွေဟာ ကျေးရွာထဲမှာကျန်ရစ်ခဲ့ပြီး သူတို့ရဲ့လုံခြုံရေးအတွက်လည်း စိတ်ပူနေကြတယ်လို့ သံသည်ရွာခံတွေက ပြောပါတယ်။

“ကျနော်တို့ကျေးရွာကလည်း စစ်**တွေကိုလည်း ကြောက်ရ၊ မြို့နယ် ပကဖကိုလည်းကြောက်ရ။ ၂ ဖက်ကြောက် ကြောက်ရတဲ့ဘဝဖြစ်ကုန်ပြီ။ ကျေးရွာသူ ကျေးရွာသားတွေလည်း စိတ်ဓာတ်တွေ ကျကုန်ပြီ” လို့ သံသည်ကျေးရွာခံတဦးက ဆိုပါတယ်။

အဆိုပါ ဖြစ်စဉ်နဲ့ပတ်သက်ပြီး အခြေအနေအသေးစိတ်သိရှိနိုင်ရေး ရေဦးမြို့နယ်ပကဖခေါင်းဆောင်ကို ဆက်သွယ်မေးမြန်းတဲ့အခါ “ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဖြေဆိုလို့ မရသေးပါဘူး” လို့သာ ပြန်လည်ဖြေကြားခဲ့ပါတယ်။

#မြေလတ်အသံ

#ရေဦး #ပကဖ #ပအဖ #ပလဖ #CDM #သံသည်ကျေးရွာ #ဖမ်းဆီး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10