"လေယာဉ်နဲ့တကြိမ်ဗုံးကြဲခံထားရတော့ ဒီနေ့လည်း ဗုံးလာကြဲမှာကိုကြောက်လို့ ရွာကို တယောက်မှမသွားရဲကြတာပါ။ ကျမသားလေးက အဲ့ကျောင်းမှာ စာသင်နေတာ။ CDM ကျောင်းဖြစ်လို့ ဗုံလာကြဲတာလို့ ထင်ပါတယ်။ ကျမသားအပါအဝင် ကလေးတွေကတော့ ကံကောင်းလို့ မထိခိုက်ခဲ့ဘူး။ ကျမတို့ကတော့ ရွာကို ဘယ်နေ့ပြန်ဝင်ကြရမလဲဆိုတာကို မသိရသေးဘူး။ အခုက တခြားရွာတွေမှာရှောင်နေရတော့ အခက်အခဲအများကြီး ရှိကြတာပေါ့နော်"လို့ ဆိုပါတယ်။
လက်ရှိ တိမ်းရှောင်နေကြရသူတွေဟာ နေထိုင်ရာနေရာ၊ စားနပ်ရိက္ခာအတွက် အခက်အခဲ ရှိနေတဲ့အပြင် နာမကျန်းဖြစ်နေကြတဲ့ သက်ကြီးရွယ်အိုတွေပါလာတာကြောင့် အောက်ဆီဂျင်ဗူးတွေကိုပါ သယ်ဆောင်ထားကြရတယ်လို့ အထက်ပါအမျိုးသမီးက ပြောပါတယ်။
"အခုရှောင်နေရသူတွေက လူဦးရေများတော့ နေဖို့နေရာမရကြဘူး။ ဘုန်းကြီးကျောင်းတွေမှာ နေနေရတာ။ ပြီးတော့ အခုက နေပူက တအားပြင်းတာ။ ကလေးတွေ၊ သက်ကြီးရွယ်အိုတွေဆိုရင် နာမကျန်းဖြစ်သူတွေရှိတယ်ဗျ။ ဆေးဝါးတွေ လိုအပ်ပါတယ်။ စားစရာတွေလိုပါတယ်" လို့ ဆိုပါတယ်။
ထန်းတောကျေးရွာဘက်မှာ မေလ ၁၀ ရက် ဒီနေ့အထိ လေကြောင်းအခြေအနေကို စိုးရိမ်နေရသေးတာကြောင့် ဒေသခံကာကွယ်ရေးအဖွဲ့တွေအနေနဲ့လည်း တိမ်းရှောင်နေရသူတွေကို ကျေးရွာတွေထဲ ပြန်ပြီးမဝင်ခိုင်းထားသေးဘူးလို့ People's Defense Comrade မှ ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော်(အမေ့သား)ကပြောပါတယ်။
"အခုရှောင်တိမ်းနေသူတွေအတွက် စားနပ်ရိက္ခာတွေကို ကြိုတင်ပြင်ဆင်ထားတာမရှိလို့ အခက်အခဲရှိနေတယ်။ ရာသီဥတုက မမှန်တာကြောင့် သက်ကြီးရွယ်အိုတွေ နေပူကျဲထဲမှာ ပြေးလွှားကြရလို့ အမောဖောက်တာတွေရှိတယ်။ ဆေးဝါးအခက်အခဲပေါ့"လို့ ဆိုပါတယ်။
မေလ ၉ ရက် မနေ့ကနေ့လယ် ၂ နာရီကျော်မှာ ထန်းတောကျေးရွာက CDM စာသင်ကျောင်းကို တံတားဦးလေတပ်စခန်းကနေ ဂျက်ဖိုက်တာ ၁ စီးနဲ့ ဗုံးသီး ၂ လုံးကြဲချခဲ့တာကြောင့် စာသင်ကျောင်းထဲရှိ လုပ်သားအဆောင်တဆောင်မှာ မီးလောင်ပျက်စီးခဲ့သလို ကျောင်းမုခ်ဦးတွေနဲ့ ရွာမှာသွယ်တန်းထားတဲ့ လျှပ်စစ်မီးကြိုးတွေလည်း ပြတ်ကျသွားခဲ့ပါသေးတယ်။
ပုံစာ - မေလ ၉ ရက်မှာ စစ်ကောင်စီက လေယာနဲ့ဗုံးကြဲခဲ့သည့် ထန်းတောကျေးရွာ စာသင်ကျောင်း။
စာတည်း - လင်း
#မြေလတ်အသံ