ရွာချင်းဆက်လမ်းတွေ ပျက်စီးမှုများနေလို့ ဒေသခံတွေသွားလာရခက်ခဲနေပြီး ကိုယ်ထူကိုယ်ထပြုပြင်နေရ

ရွာချင်းဆက်လမ်းတွေ ပျက်စီးမှုများနေလို့ ဒေသခံတွေသွားလာရခက်ခဲနေပြီး ကိုယ်ထူကိုယ်ထပြုပြင်နေရ

မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်နဲ့ မကွေးမြို့နယ်ကို ဆက်သွယ်ထားတဲ့ ကျေးရွာချင်းဆက်လမ်းပိုင်းတွေမှာ လမ်းပျက်စီးမှုတွေ များပြားလာတာကြောင့် သွားလာရခက်ခဲနေတယ်လို့ ဒေသခံတွေကတဆင့် သိရပါတယ်။

အဆိုပါ ရွာချင်းဆက်လမ်းပိုင်းမှာ ရေချောင်းမြို့နယ်၊ ရုံးကုန်းရွာနဲ့ မကွေးမြို့နယ်၊ ညောင်ပင်ရွာအထိ ကျေးရွာ ၁၀ ရွာထက်မနည်းကို ဖြတ်သန်းဖောက်လုပ်ထားတဲ့ ၁၈ မိုင်အရှည်ရှိလမ်းဖြစ်ပြီး ဒေါင်းသေချောင်း ရေတိုက်စားမှုကြောင့် ပျက်စီးမှုများပြားလာတာလို့ ဆိုပါတယ်။

"ဆိုင်ကယ်ရော၊ ကားတွေပါ သွားလို့မရတော့တဲ့အထိ ဖြစ်နေတာ။ လမ်းပျက်လို့ ကားတွေလာမရတော့ တောင်သူတွေက  လှည်းတွေနဲ့ ကားဝင်နိုင်တဲ့နေရာတွေ အထိသွားပို့ရတော့ အချိန်တွေကုန်၊ လုပ်ငန်း နှောင့်နှေးတာတွေရှိတယ်”လို့ ဒေသခံတဦးက မြေလတ်အသံကို‌ ပြောပါတယ်။

အဲ့ဒီရွာချင်းဆက်လမ်းပိုင်းမှာ လမ်းပျက်စီးမှုများလာလို့ ဇွန်လ ၂၄ ရက်ကစတင်ပြီး   ဒေသခံတွေအနေနဲ့ပဲ ကိုယ်ထူကိုယ်ထ ပြုပြင်တာတွေလုပ်ဆောင်နေရတယ်လို့  ဆင်သေရွာ ဒက္ခိဏာရာမကျောင်းတိုက်ဆရာတော်က မိန့်ပါတယ်။

"လမ်းပြင်တာကို ရွာကလူ ၅၀ လောက် လုပ်အားလာပေးကြတာပါ။ ညောင်ပင်အိုင်နဲ့ ဆင်သေကြားကို အရင်စပြင်တာပေါ့။ ကိုယ်ထူကိုယ်ထပြင်နေရတာ။ လမ်းအတွက်သီးခြားအလှူခံတာမျိုး မရှိသေးပါဘူး။ ၂၅ ပေကျော်လောက်ကွန်ကရစ်လောင်းပြီးပြီ " လို့ ဉူးဇင်းအရှင်ထေရာဝံသ က မိန့်ပါတယ်။

အဲ့ဒီ ရုံးကုန်း-ညောင်ပင်လမ်းပိုင်းဟာ ရေနံချောင်းမြို့နယ်၊ ရုံးကုန်းရွာနဲ့ မကွေးမြို့နယ်၊ ညောင်ပင်ရွာအကြား ကျွန်းကျောင်းလေး၊ ထန်းပင်စု၊ တဲပင်ကုန်း၊  ညောင်ပင်အိုင့်၊ အင်တိုင်ကြီး၊ ဆင်သေ၊ အင်ကြင်း၊ ကံဦး ၊ တည်ပင်ကံရွာ စတဲ့ကျေးရွာတွေအပါအဝင် ရွာပေါင်း ၂၀ ကျော်က ဒေသခံပြည်သူတွေ နေ့စဉ်သွားလာနေရတဲ့လမ်းဖြစ်ပြီး လမ်းပိုင်းအတွင်း ချောင်းဖြတ် ၈ ခုထက်မနည်းရှိတယ်လို့ သိရပါတယ်။

 

စာတည်း - ရင်ငြိမ်း

 

#မြေလတ်အသံ

#မကွေး #ရေနံချောင်း #ကျေးရွာချင်းဆက် #လမ်းပိုင်း #ပြုပြင်မှု #ကိုယ်ထူကိုယ်ထ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10