ရွာမှာ စစ်တပ်ချပေးဖို့ စာတင်ထားတဲ့ ပျူစောထီးခေါင်းဆောင် ၅ ဦး တညတည်း ပစ်သတ်ခံရ

ရွာမှာ စစ်တပ်ချပေးဖို့ စာတင်ထားတဲ့ ပျူစောထီးခေါင်းဆောင် ၅ ဦး တညတည်း ပစ်သတ်ခံရ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ အလယ်သောင်ကျေးရွာအုပ်စု ဂွက်ကြီးရွာမှာ ဖေဖော်ဝါရီလ ၂၅ ရက် ည ၁၁ နာရီခန့်က စစ်ကောင်စီလက်အောက်ခံ ပျူစောထီးခေါင်းဆောင် ၅ ဦးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ Myingyan Black Tiger အဖွဲ့ဆီက သိရပါတယ်။
 
ပစ်သတ်ခံရတဲ့ ပျူစောထီးတွေဟာ ဂွက်ကြီးရွာက ၄ ဦး နဲ့ ဂွက်ကြီးအရှေ့ဘက်ရွာက ၁ ဦး ဖြစ်ပြီး အဲ့ဒီရွာတွေမှာ စစ်တပ်ချထားပေးဖို့ စာတင်ထားတဲ့ ပျူစောထီးခေါင်းဆောင်တွေဖြစ်ကာ စစ်သားတွေလွှတ်ပေးဖို့ စစ်ကောင်စီတပ်ဘက်ကလည်း ခွင့်ပြုထားပြီး ဖြစ်တယ်လို့ ပြောပါတယ်။
 
“ပျူခေါင်းဆောင် ၅ ဦးကို တညတည်းမှာ လူခွဲပြီးရှင်းခဲ့တာ၊ သူတို့ရွာကို စစ်တပ်ချဖို့ စာတင်ထားတာ၊ စစ်တပ်အထိုင်ချဖို့ စာကလည်းကျလာပြီ။ အဲဒီရွာက ပျူတွေက ဆင်မရဲကျေးရွာမှာ ပေါင်းပြီးနေတာ။ စာကျလာလို့ သူ့ရွာသူ ပြန်လာတာ၊ ညမှာပဲ ချက်ခြင်းသွားရှင်းခဲ့တာ” လို့ Myingyan Black Tiger ဗိုလ်မိုက်ခဲ က ပြောပါတယ်။
 
ပျူခေါင်းဆောင် ၅ ဦးဟာ အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၂ ဦး ဖြစ်ပြီး အသက် ၃၀ ကနေ ၄၈ နှစ် ကြားတွေဖြစ်ကာ လမ်းပေါ်မှာ ၂ ဦးနဲ့ နေအိမ်အတွင်းမှာ ၃ ဦးကို ရှင်းလင်း လုပ်ဆောင်ခဲ့တယ်လို့ သူကဆက်ပြောပါတယ်။
 
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၁ ရက်ကလည်း ရေစကြိုမြို့နယ် အမှတ် ၂ စည်ပင်သာယာရပ်ကွက် စုပေါင်းရုံးထဲမှာ အနားယူနေတဲ့ စစ်အုပ်စုကို Myingyan Black Tiger အဖွဲ့က အဝေးပစ် ပုခုံးထမ်းလောင်ချာနဲ့ ပစ်ခတ်ခဲ့လို့ စစ်သား ၃ ဦး ပြင်းထန်ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။
 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10