သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
တော်လှန်ရေးတပ်တွေလှုပ်ရှားမှု ပိုမိုအားကောင်းလာတဲ့ မကွေးတိုင်း၊ မင်းဘူးခရိုင်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ ၎င်းတို့လက်အောက်ခံ ပြည်သူ့စစ်(ပျူစောထီး)တပ်ဖွဲ့တွေဟာ အရပ်သားတွေကို ပျူစောထီးလူသစ်အဖြစ် အဓမ္မသွတ်သွင်းတာတွေ ဆက်တိုက်ဆိုသလို လုပ်ဆောင်နေပါတယ်။
အိမ်ခြေ ၈၀၀ ကျော်၊ လူဦးရေ ၃,၀၀၀ ကျော်ရှိတဲ့ ပွင့်ဖြူမြို့နယ် ဆင်လူးရွာက ဒေသခံတွေကို ပြီးခဲ့တဲ့ စက်တင်ဘာလဆန်းပိုင်းကစတင်ကာ ကျေးရွာပြင်ပထွက်ခွာခွင့်ပိတ်ထားပြီး အိမ်တအိမ် အမျိုးသားတယောက်နှုန်း ပျူစောထီးအဖွဲ့ဝင်သစ်အဖြစ်ဝင်ရောက်ဖို့ ပျူစောထီးခေါင်းဆောင် ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက အတင်းအကြပ်ဖိအားပေး ဝင်ရောက်ခိုင်းခဲ့ပါတယ်။
အဲ့ဒီလို စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေက အရပ်သားတွေကို ပျူစောထီးအဖွဲ့ဝင်သစ်အဖြစ် အဓမ္မစုဆောင်းနေရာမှာ စက်တင်ဘာနဲ့ အောက်တိုဘာ ၂ လအတွင်းမှာပင် ဆင်လူးရွာခံ လူ ၇၀ ထက်မနည်း ပျူစောထီးအဖွဲ့ဝင်သစ်အဖြစ် ရောက်ရှိသွားပြီလို့ ဒေသခံတွေက ဆိုပါတယ်။
“ပျူထဲမဝင်ရင် စစ်မှုထမ်းဥပဒေနဲ့ စစ်တပ်ထဲ ထည့်မယ်လို့ ခြိမ်းခြောက်ထားတယ်။” လို့ ဆင်လူးရွာခံတဦးက ပြောပါတယ်။
ဆင်လူးရွာခံတွေအနေနဲ့ စစ်မှုထမ်းဥပဒေအရ စစ်တပ်ထဲပို့ဆောင်ခံရမှာထက် ရွာမှာပဲ ပျူစောထီးအဖြစ်ဝင်ရောက်လိုက်ရတဲ့ အခြေအနေမျိုးဖြစ်နေရတယ်လို့ သူက ဆက်ရှင်းပြပါတယ်။
ဆင်လူးရွာဟာ စစ်အာဏာမသိမ်းမီက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)နဲ့ ကြံ့ခိုင်ရေးပါတီအပြိုင်အဆိုင် အားကောင်းတဲ့ ရွာဖြစ်ပါတယ်။ တခြားပါတီထောက်ခံသူတွေရှိတာကြောင့် ၂၀၁၅ နဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွေမှာ NLD ပါတီက မဲရာဂဏန်းလောက်သာ အသာစီးနဲ့အနိုင်ရခဲ့တာပါ။
လက်ရှိ ဆင်လူးအုပ်ချုပ်ရေးမှူး ပျူစောထီးခေါင်းဆောင် ဦးဖိုးအောင် ဟာလည်း ကြံ့ခိုင်ရေးပါတီဝင်တဦးဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက် အရပ်သာအစိုးရလက်ထက် အုပ်ချုပ်ရေးမှူး ဦးစိန်အောင်မိုး ကို ဖြုတ်ချကာ အုပ်ချုပ်ရေးမှူးရာထူးရယူခဲ့ပြီးနောက် ၂၀၂၁ ဇူလိုင်လမှာ ဆင်လူးရွာရဲ့ မူလပျူစောထီးတပ်ဖွဲ့ကို ၎င်းဦးဆောင်တဲ့ကြံ့ခိုင်ရေးပါတီဝင်တွေနဲ့ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။
ပျူစောထီးအဖွဲ့ဝင်သစ်စုဆောင်းရာမှာ အစပိုင်းက မိမိသဘောဆန္ဒအလျောက်ဝင်ရောက်တဲ့ ကြံ့ခိုင်ရေးပါတီဝင်တွေအပြင် အခြားရွာခံအရပ်သား သက်ငယ်၊ သက်လတ်ပိုင်းလူငယ်တွေကို ပစ်မှတ်ထား ဖိအားပေးစုဆောင်းခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ ပြီးခဲ့တဲ့ စက်တင်ဘာ ၁ ရက်ကစလို့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့တွေက ဆင်လူးရွာခံတွေကို ကျေးရွာပြင်ပထွက်ခွာခွင့် ပိတ်ဆို့လိုက်ပြီး ပျူစောထီးတပ်ဖွဲ့ထဲဝင်ရောက်ဖို့ အတင်းအဓမ္မ စုဆောင်းလာတာဖြစ်ပါတယ်။
အခုလို အတင်းအကြပ်စုဆောင်းလာတာတွေကြောင့် လူငယ်တွေအပါအဝင် ရွာခံတွေက ကျေးရွာကနေတိမ်းရှောင်ဖို့ ကြိုးစားကြပေမယ့် ပျူစောထီးခေါင်းဆောင်တွေက ခြိမ်းခြောက်ထားလို့ ရွာပြင်ပကိုမထွက်နိုင်ဘဲ ပိတ်မိနေတယ်လို့ ဆင်လူးရွာဒေသခံတွေက ဆိုပါတယ်။
စက်တင်ဘာလရဲ့အရှေ့ပိုင်းကာလတွေမှာ စစ်မှုထမ်းအတွက် လူတောင်းခံတဲ့အခါ အိမ်ထောင်စုတခုကို ငွေကျပ်သောင်းချီကောက်ခံကာ လူစားထိုးတာနဲ့ အဆင်ပြေပြေဖြေရှင်းနိုင်ခဲ့ပြီး ပျူစောထီးတွေဘက်က အခုလို ကျေးရွာကိုပိတ်ဆို့တာမျိုး လုပ်ဆောင်လာလိမ့်မယ်လို့ ရွာခံတွေက မထင်ထားခဲ့ဘူးလို့ ဆင်လူးရွာခံတဦးက ဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးတွေက ရွာသားတွေကို “ရွာကနေထွက်သွားရင် မင်းတို့အိမ်တွေကိုလည်း ချိပ်ပိတ်မယ်၊ မီးရှို့ဖျက်ဆီးမယ်။ သူတို့(ပျူစောထီး)ရဲ့ စခန်းလုပ်မယ်။” လို့ ခြိမ်းခြောက်ထားကြောင်း သူက ဆက်ပြောပါတယ်။
ဒါကြောင့်လည်း တချို့သော ရွာခံတွေဟာ သူတို့ရဲ့ပိုင်ဆိုင်ထားတဲ့ စီးပွားဥစ္စာ၊ အိမ်ဝိုင်းနဲ့ မြေယာတွေကို မစွန့်လွှတ်နိုင်တဲ့အတွက် ကျေးရွာက မထွက်ခွာနိုင်ဘဲဖြစ်နေကြတယ်လို့ ဆင်လူးရွာခံတွေက ပြောပါတယ်။
“အသက်သေရင်သေပါစေ သူတို့ရဲ့ရှိတဲ့ ပိုင်ဆိုင်တဲ့ ဒါစီးပွားဥစ္စာရယ်၊ ပိုင်ဆိုင်တဲ့ အိမ်ဝိုင်း၊ မြေကွက်နဲ့ အိမ်ပေါ့နော်။ ဒါလေးတွေကို မက်မောပြီးတော့ မရွှေ့နိုင် မပြောင်းနိုင်ကြတာ။” လို့ ဆင်းလူရွာဒေသခံတဦးက ရှင်းပြပါတယ်။
မင်းဘူးခရိုင်အတွင်းက မြို့နယ်တွေဖြစ်တဲ့ ပွင့်ဖြူ၊ စလင်း၊ ဆင်ဖြူကျွန်း ဒေသတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ ဒေသကာကွယ်ရေးတပ်တွေကြား တိုက်ပွဲဖြစ်ပွားတာ၊ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေ မကြာခဏတိုက်ခိုက်ခံရတာနဲ့ ရပ်ကျေးအုပ်ချုပ်ရေးပိုင်းမှာ ပါဝင်သူတွေ အသတ်ခံရတာတွေ ဆက်တိုက်ဖြစ်ပွားလျက်ရှိနေပါတယ်။
လက်ရှိမှာလည်း စလင်းနဲ့ ဆင်ဖြူကျွန်းဒေသတွေမှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်တွေအကြား စစ်ရေးတင်းမာနေကာ ပွင့်ဖြူမြို့နယ်မှာလည်း စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းအင်အား ၁၅၀ လောက်နဲ့ စစ်ကြောင်းထိုးတာတွေ လုပ်ဆောင်နေပါတယ်။
မကွေးတိုင်း ခရိုင် ၅ ခုအနက် ဂန့်ဂေါခရိုင်နဲ့ ပခုက္ကူခရိုင်ပြီးရင် မင်းဘူးခရိုင်ဟာ ကာကွယ်ရေးတပ်တွေ စစ်ရေးလှုပ်ရှားမှု အားအကောင်းဆုံးဖြစ်ပါတယ်။ မင်းဘူးခရိုင်အတွင်းက စစ်ရေးတင်းမာနေတဲ့မြို့နယ်တွေဟာ မင်းဘူး၊ မကွေးတို့လို မြို့ကြီးတွေနဲ့ မိုင် ၂၀ လောက်သာ ကွာဝေးတော့တာလည်း ဖြစ်ပါတယ်။
စလင်း၊ ဆင်ဖြူကျွန်းအရှေ့ဘက်၊ ဧရာဝတီမြစ်တဖက်ကမ်းဖြစ်တဲ့ ချောက်မြို့နယ်အတွင်းမှာလည်း အောက်တိုဘာလ နောက်ဆုံးပတ်အတွင်းက စစ်ကောင်စီအင်အား ၆၀၀ ကျော်နဲ့ စစ်ကြောင်း ၅ ကြောင်းခွဲကာ ကျေးရွာတွေကို စစ်ကြောင်းထိုးခဲ့ပါသေးတယ်။
အဲဒီလိုစစ်ကြောင်းထိုးရာမှာ ဒေသကာကွယ်ရေးပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူတွေနဲ့ တိုက်ခိုက်ရတဲ့အထိ တိုက်ပွဲပြင်းထန်မှုတွေ ဖြစ်ခဲ့ပါတယ်။
ဒါ့ကြောင့်လည်း ပွင့်ဖြူမြို့နယ်အတွင်းက ကြံ့ခိုင်ရေးအားကောင်းပြီး လူဦးရေနဲ့အိမ်ခြေများပြားတဲ့ ဆင်လူးရွာကို စစ်တပ်က ပစ်မှတ်ထားစုဆောင်းဖွဲ့စည်းလာတာလို့ မင်းဘူးခရိုင်အမှတ် ၄ တပ်ရင်း တာဝန်ရှိသူတဦးက သုံးသပ်ပါတယ်။
CDM တပ်မတော်သား ဗိုလ်ကြီးဇင်ယော်က ပွင့်ဖြူမှာ စစ်လက်နက်ပစ္စည်းတပ်ဖွဲ့လက်အောက် ဝါစိုက်ပျိုးရေးတပ်(ဝစရ) တပ်တခုသာအခြေစိုက်ထားပြီး အဆိုပါတပ်မှာလည်း စစ်အင်အားနည်းပါးတာကြောင့် အခုလို အင်အားတောင့်တင်းတဲ့ ပျူစောထီးတပ်ဖွဲ့တခုကို ဖွဲ့စည်းဖို့လုပ်ဆောင်လာတာလို့ သုံးသပ်ပါတယ်။
“ အဓိက က အရင်က မင်းဘူးနဲ့ပွင့်ဖြူမှာက မင်းအောင်လှိုင်ရဲ့ မြို့ဆိုတော့ လူသစ်မစုတာများတယ်။ အခု မင်းဘူးနဲ့ပွင့်ဖြူတကြော ဆက်စပ်နေတဲ့ စလင်း၊ ဆင်ဖြူကျွန်း၊ စေတုတ္တရာ၊ ငဖဲ၊ ပဒါန်း ဘက်တွေမှာ တိုက်ပွဲတွေ ဖော်ဆောင်လာတာရှိနေတော့ တကယ်တမ်းကာမယ်ဆိုရင် ကာမယ့်တပ်က လုံးဝမရှိသေးဘူး။ သူတို့ကိုယ်တိုင် လုံခြုံရေးကောင်းကောင်းမရှိတော့ အခုမှ ပျူစောထီးလုပ်ရင် လုပ်၊ မလုပ်ရင် စစ်မှုထမ်းဆိုပြီး ကသောကမျော ထလုပ်ရတဲ့ အနေအထား။” လို့ ဗိုလ်ကြီးဇင်ယော်က ပြောပါတယ်။
လက်ရှိ ဆင်လူးရွာပျူစောထီးတပ်ဖွဲ့ဟာ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ပျူစောထီးခေါင်းဆောင် ဦးဖိုးအောင် ဦးဆောင်တဲ့ အင်အား ၁၅၀ ခန့်ရှိ တပ်ဖွဲ့ဖြစ်ပြီး ၎င်းတပ်ဖွဲ့ကို စစ်ကောင်စီတပ်က ကပစထုတ် မောင်းပြန်သေနတ် MA သေနတ် ၃၀ ကျော်အပါ လက်နက်ငယ် ၇၀ ခန့်နဲ့ ခဲယမ်းတွေ၊ ဒရုန်း(အကြီး) တွေနဲ့ အီနာဂါဗုံးသီးတွေ တပ်ဆင်ပေးထားတယ်လို့ သိရပါတယ်။
ဆင်လူးရွာအတွင်းမှာလည်း ကတုတ်ကျင်းနဲ့ အခိုင်အမာဘန်ကာတွေ တည်ဆောက်ထားပြီး စစ်ရေးလှုပ်ရှားမှုတွေမှာ ပွင့်ဖြူအခြေစိုက် ဝါစိုက်ပျိုးရေးတပ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ ကံပြားရဲစခန်းက စစ်ကောင်စီပူးပေါင်းတပ်တွေနဲ့ ဆင်လူးက ပျူစောထီးအဖွဲ့တွေ ပူးပေါင်းစစ်ကြောင်းထိုးတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဆင်လူးရွာကို ပျူစောထီးရွာအဖြစ် အခိုင်အမာဖွဲ့စည်းပြီး ဒေသခံတွေကို ပိတ်ဆို့ထားတာဟာ စစ်ကောင်စီက ပြည်သူတွေကို လူသားဒိုင်းအဖြစ်အသုံးပြုဖို့ လုပ်ဆောင်တာဖြစ်ပြီး ဂန့်ဂေါခရိုင်ထဲက ပျူစောထီးရွာတွေလို အငတ်ဘေးကြုံလာမှာကိုလည်း စိုးရိမ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
နိုဝင်ဘာ ၁၃ ရက်မှာ ကံပြားရဲစခန်းက စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ဦးဖိုးအောင်ဦးဆောင်တဲ့ ပျူစောထီး ပူးပေါင်းအင်အား ၁၅၀ ခန့်ဟာ ခလမ်းရွာအနီး ပုဂ္ဂလိကရေနံချက်စက်ရုံတခုမှာ PDF တွေခိုလှုံနေကြောင်းသတင်းရလို့ သွားရောက်စီးနင်းစဉ် စက်ရုံတံခါးပေါက်ကို ခြေထောက်နဲ့ကန်ဖွင့်ရာက မိုင်းပေါက်ကွဲဒဏ်ရာရခဲ့ပြီး မကွေးမြို့စစ်ဆေးရုံကိုပို့ဆောင်ကုသနေရလို့ ၎င်းနဲ့ပူးတွဲအုပ်ချုပ်ရေးမှူးတာဝန်ယူထားတဲ့ ဦးမြင့်စန်းက ပျူခေါင်းဆောင်အဖြစ် ယာယီတာဝန်ယူထားပါတယ်။
နိုဝင်ဘာ ၁၈ ရက်မှာတော့ စစ်ကောင်စီနဲ့ ပျူစောထီးတွေ အခိုင်အမာအထိုင်ချတပ်စွဲထားတဲ့ ဆင်လူးရွာကို ဒေသကာကွယ်ရေးပူးပေါင်းတပ်တွေက မြေပြင်တိုက်ခိုက်မှုအပြင် ဝေဟင်ကပါ ဒရုန်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ကာ အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၁ ဦး သေဆုံးပြီး ပျူစောထီး ၁ ဦး ဒဏ်ရာနဲ့ဆေးရုံပို့လိုက်ရတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
ဆင်လူးရွာတိုက်ပွဲဟာ နာရီဝက်ခန့်ကြာမြင့်ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဟာ ဆင်လူးရွာအဝင်ရှိ ပျူစောထီးခေါင်းဆောင် ဦးဖိုးအောင်ရဲ့အိမ်ရှေ့ရှိ ကင်းစခန်းဘန်ကာတွေအထိ ရောက်ခဲ့ကြတယ်လို့ မင်းဘူးခရိုင် အမှတ် ၄ တပ်ရင်း တာဝန်ခံက ပြောပါတယ်။
ယင်းတိုက်ပွဲဖြစ်ပွားပြီးနောက် နိုဝင်ဘာလ ၁၉ ရက်က စတင်ကာ ဆင်လူးရွာခံတွေထံကနေ တအိမ်ထောင်ကို ဝါးတိုင် ၂၀ လုံး၊ မျောတိုင် ၂၀ လုံးနဲ့ သွပ်နန်းကြိုးခွေတွေ တောင်းခံပြီး အဆိုပါဝါးတိုင်၊ မျောတိုင်တွေနဲ့ ကျေးရွာပတ်လည်ကို ခြံစည်းရိုးကာရံကာ ထပ်မံပိတ်ဆို့ဖို့ လုပ်ဆောင်နေတယ်လို့ ရွာခံတွေက ပြောပါတယ်။
ဒါကြောင့် ဆင်လူးရွာထဲက ရွာခံ ၃,၀၀၀ ကျော်ဟာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေရဲ့ ခြိမ်းခြောက်ပိတ်ဆို့ထားတာကြောင့် ကျေးရွာအတွင်းပိတ်မိလို့နေပါတယ်။
လက်ရှိမှာ ဆင်လူးရွာက လူငယ်၊ လူလတ်ပိုင်း ၇၀ ဦးထက်မနည်း ပျူစောထီးအဖွဲ့ဝင်အဖြစ် စုဆောင်းခံထားရပြီး နောက်ထပ်ရွာခံ ၅၀၀ ကျော်ဟာလည်း ပျူစောထီးတပ်ဖွဲ့အတွင်း ဝင်ရောက်ရမယ့်နေ့ရက်ကို ထိုင်စောင့်ရင်း အသက်ဆက်နေရပါတယ်။
ပျူစောထီးထဲ အသွင်းခံရဖို့စောင့်ဆိုင်းနေရတဲ့ လူ ၅၀၀ ကျော်မှာ စာသင်ကြားနေတဲ့ အသက် ၁၈ နှစ် အောက်ကျောင်းသားတွေပါဝင်သလို ကျောင်းမတက်ရောက်တော့ဘဲ ကြုံရာကျပန်းလုပ်ကိုင်နေတဲ့ သက်ငယ်၊ သက်လတ်ပိုင်းတွေ၊ ပျူစောထီးအဖြစ်စုဆောင်းခံရနိုင်တဲ့ ကျန်းမာရေးကောင်းမွန်သူ အသက် ၄၅ နဲ့ ၆၀ နှစ်အကြား လူကြီးပိုင်းတွေပါဝင်လာတယ်လို့ ဒေသခံတဦးက ဆိုပါတယ်။
“ ထမင်းစားပြီးတော့ ပျူစောထီးထဲသွင်းမယ့် ရက်ကို ထိုင်စောင့်နေရတယ်။ သူတို့ခိုင်းလို့ သူတို့က သွားသေပါဆို သေရမယ့်အခြေအနေမျိုးကို စောင့်ဆိုင်းနေရသလိုပဲ။”
#မြေလတ်အသံ
#ဆောင်းပါး #သတင်းဆောင်းပါး #မင်းဘူး #ဆင်လူးရွာ #ပျူစောထီး
Share Share Share