ရွှေကျင်မြို့ပေါ်က အဟောင်းပစ္စည်းဝယ်တဲ့လုပ်ငန်းထဲ လက်နက်ကြီးဗုံးသီးကျလို့ အလုပ်သမား ၁ ဦး သေဆုံး ၁ ဦး ဒဏ်ရာရ

ရွှေကျင်မြို့ပေါ်က အဟောင်းပစ္စည်းဝယ်တဲ့လုပ်ငန်းထဲ လက်နက်ကြီးဗုံးသီးကျလို့ အလုပ်သမား ၁ ဦး သေဆုံး ၁ ဦး ဒဏ်ရာရ

ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့၊ ကျွဲတဲရပ်ကွက်ရှိ အဟောင်းပစ္စည်းဝယ်ယူတဲ့လုပ်ငန်းခွင်ထဲ လက်နက်ကြီးဗုံးသီးကျရောက်ပေါက်ကွဲလို့ အမျိုးသား ၁ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဇွန် ၆ ရက် မနေ့မနက် ၁၁ နာရီခန့်မှာ ကျွဲတဲရပ်ကွက်ရှိ ဦးငြိမ်းဦး ပိုင်ဆိုင်တဲ့ အဟောင်းပစ္စည်းဝယ်ယူတဲ့လုပ်ငန်းခွင်ထဲက ကော်ပစ္စည်းအဟောင်းတွေပုံထားတဲ့အပေါ်ကို လက်နက်ကြီးဗုံးသီးတလုံး ကျရောက် ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။

" အဟောင်းဆိုင်ဆိုတော့ သံတိုသံစတွေကော၊ ကော်ပစ္စည်းတွေနဲ့ အခြားပစ္စည်းအဟောင်းတွေလည်း ရှိတယ်။ ဗုံးသီးက ကော်ပစ္စည်းပုံထဲကို ကျလာတာ။ အုန်းကနဲဆိုပြီး လက်နက်ကြီးကျလာတာ အနားမှာရှိနေတဲ့ အလုပ်သမားနှစ်ယောက်ကို ထိသွားတာ"လို့ ရွှေကျင်ဒေသခံအမျိုးသမီးတဦးက မြေလတ်အသံကို ပြောပါတယ်။

လက်နက်ကြီးဗုံးသီးကျရောက်ပေါက်ကွဲမှုကြောင့် ကော်ပစ္စည်းပုံအနီးရှိ အလုပ်သမား ဦးညွ့န်သိန်း ၆၃ နှစ်နဲ့ ဦးမြင့်သိန်း ၄၉ နှစ်တို့ကိုထိမှန်ခဲ့ပြီး ဦးညွှန့်သိန်းမှာ ဦးခေါင်းနဲ့ရင်ဘတ်ဗုံးစမှန်ဒဏ်ရာတွေနဲ့ ရွှေကျင်ဆေးရုံပို့ဆောင်ကုသစဉ် သေဆုံးသွားခဲ့ကာ ဦးမြင့်သိန်းမှာလည်း ဝမ်းဗိုက်ဗုံးအစမှန် ဒဏ်ရာတွေနဲ့ ဆေးကုသနေရတယ်လို့ သိရပါတယ်။

အဆိုပါလက်နက်ကြီးဗုံးသီးဟာ စစ်ကောင်စီရွှေကျင်အခြေချစစ်ဗျူဟာ(ရွှေကျင်ဗျူဟာ)ကနေ ပစ်ခတ်တာဖြစ်နိုင်ကြောင်း ဒေသခံတွေကသုံးသပ်နေကြပြီး ကျောက်ကြီး၊ ရွှေကျင်အခြေစိုက်စစ်ကောင်စီတပ်တွေဟာ ၎င်းတို့တပ်ရင်းတွေနဲ့အနီးရှိ ရပ်ကွက်နဲ့ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ မကြာ ခဏပစ်ခတ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ပြီးခဲ့တဲ့မေ ၂၈ ရက်ကလည်း ရွှေကျင်မြို့နယ်၊ ထောင်လောင်ကျေးရွာနဲ့ ကျောက်ခဲကြီးကျေးရွာမှာ စစ်ကောင်စီ ခလရ ၂၆၄ ကနေပစ်ခတ်တဲ့လက်နက်ကြီးကျပြီး ဒေသခံ ၃ ဦးဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ 

#ရွှေကျင် #လုပ်ငန်းခွင် #လက်နက်ကြီးဗုံးသီး #ကျရောက်ပေါက်ကွဲ #အရပ်သားသေဆုံးမှု #ရွှေကျင်စစ်ဗျူဟာ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10