ရွှေကျင်မှာ စစ်ကောင်စီပစ်တဲ့လက်နက်ကြီးထိလို့ ဒေသခံ ၃ ဦးဒဏ်ရာရ

ရွှေကျင်မှာ စစ်ကောင်စီပစ်တဲ့လက်နက်ကြီးထိလို့ ဒေသခံ ၃ ဦးဒဏ်ရာရ

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်မှာ ၂ ရက်အတွင်း စစ်တပ်လက်နက်ကြီးပစ်လို့ ဒေသခံ ၃ ဦးဒဏ်ရာရပြီး နေအိမ်ပျက်စီးတာတွေရှိခဲ့တယ်လို့ မေ ၃၀ ရက်မှာ KNU ဗဟိုကသတင်းထုတ်ပြန်ပါတယ်။

မေ ၂၈ ရက်မှာ ခလရ ၂၆၄ တပ်ရင်းကနေ ဟောင်ဝစ်ဇာ လက်နက်ကြီးတွေနဲ့ ကျေးရွာတွေဘက်ကို ပစ်ခတ်ခဲ့ရာ ထောင်လောင်ကျေးရွာထဲကို ကျရောက်ပေါက်ကွဲပြီး အသက် ၁၀ နှစ်အရွယ် မခင်နှင်းသက်နဲ့ မိခင်ဖြစ်သူ အသက် ၄၇ နှစ်အရွယ် ဒေါ်စန်းစန်းထွေးတို့ လက်နဲ့ဦးခေါင်းတွေမှာ ဒဏ်ရာရခဲ့ပါတယ်။

အလားတူ မေ ၂၉ ရက်ညပိုင်းမှာလည်း ဆိပ်ကြီးစစ်ဆေးရေးဂိတ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သား တွေက လက်နက်ကြီးနဲ့ပစ်ခတ်ရာ ကျောက်ခဲကြီးကျေးရွာထဲကိုကျရောက်ပြီး ၁၇ နှစ်အရွယ် စောဆဲပွယ်ဆေးကိုထိမှန်တာကြောင့် ခြေထောက်ကျိုးပြီး၊ လက်နဲ့ကျောပြင်တွေမှာလည်း ဒဏ်ရာတွေ ရရှိခဲ့တာပါ။ 

လက်ရှိမှာ ဒဏ်ရာရသူတွေအနေနဲ့ ဆေးဝါးကုသနေပြီး အသက်အန္တရာယ်စိုးရိမ်ရတဲ့အခြေအနေ မရှိဘူးလို့ သိရပါတယ်။ 

"ရွှေကျင်မှာ ပြီးခဲ့တဲ့ရက်ပိုင်းလောက်က ရွာတွေဘက်ကို စကစဘက်က စစ်ကြောင်းထိုးတာရှိသေးတယ်။ စကစစစ်ကြောင်းတွေ ပြန်ထွက်သွားပြီးနောက် ညတိုင်းလိုလို ရွာတွေဘက် လက်နက်ကြီးတွေ ပစ်လာတာ"လို့ ဒေသခံတဦးကပြောပါတယ်။

မေလဆန်းပိုင်းမှာ စစ်ကောင်စီဘက်က ရွှေကျင်နယ်အတွင်းကို စစ်ကြောင်းထိုးဝင်ရောက်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ စစ်ကြောင်းက ရွှေကျင်နယ်ထဲကနေ ပြန်ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။  

မေ ၂၄ ရက်ကလည်း ရွှေကျင်ဗျူဟာဘက်ကနေ လက်နက်ကြီးပစ်လို့ စူးစဲကျေးရွာအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး နေအိမ်တလုံးပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၄ ဧပြီလကုန်ထိ စစ်ကောင်စီဘက်က KNU ထိန်းချုပ်နယ်မြေတွေကို  လက်နက်ကြီးပစ်ခတ်တာ၊ လေယာဥ်နဲ့ဗုံးကြဲတိုက်ခိုက်တာတွေနဲ့ စစ်ကြောင်းထိုးတာတွေကြောင့် ဒေသခံ ပြည်သူ ၅ သိန်းနီးပါး (၄၉၄၅၉၀) နေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

မတ် ၁၄ ရက်ကလည်း ရွှေကျင်မြို့နယ်၊ ဘောကထာကျေးရွာနဲကပလယ်ဒိုကျေးရွာကို စစ်တပ်ဘက်ကက လက်နက်ကြီးရော လေယာဥ်တွေနဲ့ပါသုံးပြီး ပစ်ခတ်လို့ ကပလယ်ဒိုကျေးရွာက ဒေသခံ ၁ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရရှိခဲ့ပါသေးတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #ရွှေကျင် #လက်နက်ကြီးပစ် #စစ်ကောင်စီ #ဒေသခံ #ထိခိုက်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10