ရွှေတောင်မြို့နယ်မှာ ရေကြီးနစ်မြုပ်၊ စျေးယာယီပြောင်းရွှေ့ရပြီး စိုက်ခင်းတွေပျက်စီး (ရုပ်/သံ)

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ရွှေတောင်မြို့မှာ ဧရာဝတီမြစ်ရေကြီး နစ်မြုပ်လာလို့ မြို့တွင်းရပ်ကွက်တွေနဲ့ မြစ်ကမ်းနားတလျှောက်ရှိ ကျေးရွာတွေမှာ ရေဝင်ရောက်နေပြီး ရွှေ့ပြောင်းရတာတွေနဲ့ စိုက်ခင်းပျက်စီးမှုတွေ ရှိနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ဇူလိုင် ၁၂ ရက်ကစပြီး မြို့တွင်းရှိ စျေးကုန်း၊ ဒေါနခြံ၊ လက်ပံတော၊ သံတံတားဦး စတဲ့အနိမ့်ပိုင်းရှိ နေအိမ်တွေ ရေကြီးလို့ ကုန်းမြင့်နေရာကို ပြောင်းရွှေ့နေကြသလို မြို့မစျေးအတွင်း ရေဝင်နေတာကြောင့် ရွှေကူကြီးလမ်းမှာ ယာယီရွှေ့ပြောင်းရောင်းချနေကြတယ်လို့ ဆိုပါတယ်။

အလားတူ ရွှေတောင်မြို့နယ် ဧရာဝတီမြစ်ဘေးတလျှောက်မှာနေထိုင်ကြတဲ့ လှေကြီးတန်း၊ ယောဒေါင့်၊ ဒုရင်ဒုဘို၊ ရွှေပန်းတော၊ ကျီးသဲ၊ ညောင်လှ၊ တရုတ်မှော် စတဲ့ရွာတွေလည်း ရေကြီးနစ်မြုပ်ကာ စားသောက်ဖို့နဲ့သွားလာဖို့ ခက်ခဲနေကြတယ်လို့ သိရပါတယ်။

ရေနစ်မြုပ်တဲ့ ကျီးသဲတိုက်နယ်ရှိ ကျီးသဲလေးထပ်ဆရာတော်ကြီး သီတင်းသုံးခဲ့ရာ ကျောင်းတိုက်နဲ့ ဆရာတော်ကြီး စင်္ကြန်လျှောက်ရာ တိုင်တရာတံတားမှာလည်း ခေါင်းမိုးပေါ်ရုံသာရှိပြီး အကုန်ရေနစ်မြုပ်နေပါတယ်။

ဒါ့အပြင် ဧရာဝတီမြစ်အလယ်ရှိ မြေနုကျွန်းတွေဖြစ်တဲ့ စစ်ကိုင်းကျွန်း၊ မင်းတဲကျွန်း၊ တက်သစ်ကျွန်းရွာရှိ လူနေအိမ်တွေ၊ သီးနှံစိုက်ခင်းတွေ ရေနစ်မြုပ်ခဲ့ပြီး လူ၊ တိရစ္ဆာန်နဲ့ အသုံးအဆောင်ပစ္စည်းတွေ ဘေးလွတ်ရာပြောင်းရွှေ့ထားရတယ်လို့ ဒေသခံတောင်သူတဦးက ပြောပါတယ်။

အဲ့ဒီကျွန်းပေါ်မှာ ရာသီပေါ်အသီးအနှံမျိုးစုံကို စိုက်ပျိုးနေကြတဲ့ တောင်သူအများစုနေထိုင်ကြပြီး အဓိကစိုက်ပျိုးထားတဲ့ ပြောင်းခင်းနဲ့တခြားသီးနှံခင်းတွေလည်း ဆုံးရှုံးခဲ့ကြရတာပါ။

ပြီးခဲ့တဲ့ ဇူလိုင် ၁၄ ရက်ကလည်း မြို့မကျေးရွာနဲ့ ထန်းချောင်းကျေးရွာအကြားရှိ လူသွားလမ်းတာဘောင်မှာ မြစ်ရေစီးသန်ကာ ရေလျှံလာပြီး တာဘောင်ကျိုးခဲ့ရာ ဒေသခံပြည်သူတွေ ဝိုင်းဝန်းပြုပြင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

အခုလိုရေကြီးနေတဲ့ ရွှေတောင်မြို့မှာ ရေဘေးသင့်ပြည်သူတွေအတွက် ထမင်းနဲ့ တခြားအစားအစာတွေကို အလှူရှင်တွေက လှူဒါန်းကျွေးမွေးနေပြီး မြို့နယ်ရှိ ပရဟိတအဖွဲ့အစည်းတွေကလည်း ကူညီစောင့်ရှောက်မှုပေးနေတယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - HP

#မြေလတ်အသံ

#ပဲခူး #ပြည် #ရွှေတောင် #ဧရာဝတီမြစ် #ရေကြီးရေလျှံဖြစ်ပွား #စိုက်ခင်းများပျက်စီး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10