ရွှေတောင်မှာကားမှောက်လို့ ၁ နှစ်အရွယ်ကလေးအပါ ၄ ဦးသေ၊ ၁၀ ဦးဒဏ်ရာရ

ရွှေတောင်မှာကားမှောက်လို့ ၁ နှစ်အရွယ်ကလေးအပါ ၄ ဦးသေ၊ ၁၀ ဦးဒဏ်ရာရ

ပဲခူးတိုင်း၊ ရွှေတောင်မြို့နယ်၊ စိုက်ပျိုးရေးရွာသစ်အနီး ပြည် - ရန်ကုန်ကားလမ်းပေါ်မှာ ဟိုက်ဂျက်ကား တိမ်းမှောက်ပြီး ၄ ဦးသေဆုံးကာ ၁၀ ဦးဒဏ်ရာရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မတ် ၂၂ ရက် ညနေ ၃ နာရီခန့်မှာ ရွှေနတ်တောင်ဘုရားဖူးပြီး ရွှေတောင်မြို့ထဲကနေ သဲကောရွာဘက် ကိုပြန်လာတဲ့ ဟိုက်ဂျက်ကားက အရှိန်မထိန်းနိုင်ဘဲ ဓာတ်တိုင်ကိုဝင်တိုက်ပြီး တိမ်းမှောက်သွားတာလို့ ဆိုပါတယ်။

"ကားပေါ်မှာက ကလေး ၃ ယောက်နဲ့ လူကြီး ၁၇ ယောက်ပါတယ်။ ကားက လူဝိတ်နဲ့ အရှိန်ကလည်းများဆိုတော့ မောင်းလာတာယိမ်းထိုးနေတယ်လို့ မြင်တဲ့သူတွေကပြောတယ်။ နောက်တော့ သူအရှိန်နဲ့သူမနိုင်ဘဲ လမ်းဘေးထိုးကျမှောက်တာ"လို့ ဒေသခံတဦးကပြောပါတယ်။

ကားတိမ်းမှောက်ပြီး ကားပေါ်က အသက် ၁ နှစ်ကျော်အရွယ် မိန်းကလေးငယ် ၁ ဦး၊ အသက် ၃၀ ကျော်အရွယ် အမျိုးသမီး ၂ ဦးနဲ့ အမျိုးသား ၁ ဦးသေဆုံးခဲ့ပြီး ကလေး ၁ ဦးအပါအဝင် ၁၀ ဦးဒဏ်ရာရရှိခဲ့ပါတယ်။ 

သေဆုံးဒဏ်ရာရသူတွေကိုတော့ ဒေသခံလူမှုကူညီရေးအသင်းတွေက ကောက်ယူပြီး ရွှေတောင်ဆေးရုံ ကို ပို့ပေးခဲ့ကြပြီး ဒဏ်ရာရသူတွေထဲက စိုးရိမ်ရသူ အမျိုးသမီး ၂ ဦးနဲ့အမျိုးသား ၁ ဦးကိုတော့ ရွှေတောင်ဆေးရုံကနေ ပြည်မြို့ဆေးရုံကို လွှဲပြောင်းပေးခဲ့ရတယ်လို ဆိုပါတယ်။

အဲ့ဒီကားပေါ် ပါလာသူတွေဟာ ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်၊ ပေါက်တိုင်းကျေးရွာနေသူတွေဖြစ်ပြီး သဲကောကျေးရွာကအလှူပွဲကို လာသူတွေလို့ အထက်ပါဒေသခံက ပြောပါတယ်။ 

မတ် ၁၈ ရက်ကလည်း ပြည်မြို့နယ်၊ ဆင်မကြပ်လမ်းဆုံအနီး ပြည်-ရန်ကုန်ကားလမ်းမှာ သံဃာမောင်းနင်လာတဲ့ကား တိမ်းမှောက်ပြီး သံဃာတပါး ပျံလွန်တော်မူခဲ့ပါသေးတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #ရွှေတောင် #ကားမှောက် #သေဆုံး #မှုခင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10