ရွှေဘိုမှာ ကင်းလှည့်နေတဲ့စစ်အုပ်စုက ပစ်ခတ်လို့ အမျိုးသား ၂ ဦးသေဆုံး

ရွှေဘိုမှာ ကင်းလှည့်နေတဲ့စစ်အုပ်စုက ပစ်ခတ်လို့ အမျိုးသား ၂ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့၊ ပြည်တော်သာရပ်ကွက် ၆ လမ်းထိပ်မှ ာကင်းလှည့်နေတဲ့ စစ်ကောင်စီ တပ်သားတွေရဲ့ပစ်ခတ်မှုကြောင့် အမျိုးသား ၂ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သေဆုံးသူတွေဟာ ရွှေဘိုမြို့၊ ဝင်းတော်ရပ်ကွက်နေ အသက် ၂၆ နှစ်အရွယ် ကိုလွင်ဦးမောင် နဲ့ အောင်ဇေယျရပ်ကွက်နေသူ အသက် ၆၀ ကျော်အရွယ် အမျိုးသား ၁ ဦးတို့ဖြစ်ပြီး နိုဝင်ဘာ ၁၅ ရက် မနက် ၇ နာရီကျော်မှာ ပစ်ခတ်ခံရပြီးသေဆုံးခဲ့တာလို့ ဆိုပါတယ်။

"သူ့(လွင်ဦးမောင်)ကိုပစ်တာ ဘိုးတော်ကြီးကိုအရင်မှန်တာ။ ဘိုးတော်ကြီးက မနက်ခင်း စတုဒိသာ ကျွေးတာကို ဆန်ပြုတ်သောက်ပြီးပြန်လာတာ။ ပတ်ကင်းအလာကို ကောင်လေးကအရှေ့က သူတို့(စကစအဖွဲ့)က အနောက်က စကစကိုမြင်တော့လှည့်ပြေးတော့ပစ်တာ၊ ဘိုးတော်ကြီးကိုမှန်တာ။ နေရာမှာပဲ သေရော"လို့ ဒေသခံတဦးက ပြောပါတယ်။

ပစ်ခတ်မှုကြောင့် သက်ကြီးပိုင်းအမျိုးသားရဲ့ ဦးခေါင်းနဲ့ ဝမ်းဗိုက်မှာ ကျည်ထိမှန်ဒဏ်ရာနဲ့ နေရာတင်သေဆုံးခဲ့ပြီး ကိုလွင်ဦးမောင်ကတော့ ချက်ခြင်းမသေဆုံးဘဲ စစ်ကောင်စီအဖွဲ့တွေ ခေါ်ဆောင်သွားချိန်မှာ သေဆုံးခဲ့တာလို့ ဆိုပါတယ်။ 

"ကောင်လေးကိုလည်း လိုက်ပစ်တော့ မှန်တာကခြေထောက်မှန်တာ။ ဆိုင်ကယ်လည်းလဲသွားတယ်။ သူလဲတဲ့နေရာက အုတ်နံရံရှိတော့ အုတ်နံရံနဲ့ဆောင့်ပြီးသေတာလား။ သွေးထွက်လွန်ပြီး သေတာလား မသိရတော့ဘူး။ စကစအဖွဲ့က ခေါ်သွားတာ"လို့ အထက်ပါဒေသခံကဆက် ပြောပါတယ်။

သေဆုံးသူ ၂ ဦးစလုံးရဲ့အလောင်းကို ရွှေဘိုဆေးရုံမှာထားခဲ့ပြီး သက်ကြီးအမျိုးသားအလောင်းကိုတော့ မိသားစုဝင်တွေဆီ ပြန်ပေးခဲ့ပေမယ့် လူငယ်အလောင်းကိုတော့ PDF နဲ့ပတ်သက်တယ်ဆိုပြီး မိသားစုဆီပြန်မပေးဘဲ နိုဝင်ဘာ ၁၆ ရက်မနက်ပိုင်းမှာ စစ်ကောင်စီအဖွဲ့က သင်္ဂြိုဟ်လိုက်တယ်လို့ သိရကြောင်း သူက ဆက်ပြောပါတယ်။ 

ပြီးခဲ့တဲ့ မတ် ၁၁ ရက်နေ့ကလည်း ရွှေဘိုမြို့နယ်၊ ချီပါကျေးရွာ၊ ရွှေဘို-ဆိပ်ခွန်သွားကားလမ်း ချီပါတံတားကြီးအနီးမှာ စစ်ကောင်စီက ဒရုန်းဗုံးနဲ့ချလို့ ဒေသခံပြည်သူ ၇ ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ 

စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၄၊ နိုဝင်ဘာ ၁၄ ရက်အထိ စစ်ကောင်စီနဲ့ ၎င်းရဲ့လက်ပါးစေတွေကြောင့် ဒီမိုကရေလှုပ်ရှားသူတွေနဲ့ ပြည်သူစုစုပေါင်း ၅,၉၄၅ ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း - AAPP ကထုတ်ပြန်ထားပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ရွှေဘို #စစ်အုပ်စု #ပစ်ခတ် #သေဆုံး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10