ရွှေဘိုမှာ ကင်းစောင့်နေတဲ့ပျူစောထီးအဖွဲ့ တိုက်ခိုက်ခံရလို့ သေဆုံးမှုရှိ၊ သေနတ် ၂ လက်ရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဇီးကုန်းလေး(ပျူ)ရွာရှိ မူးတံတားမှာ ကင်းစောင့်နေတဲ့ ပျူစောထီးအဖွဲ့ တိုက်ခိုက်ခံရလို့ သေဆုံးမှုရှိပြီး သေနတ် ၂ လက်ရခဲ့တယ်လို့ ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။

ဩဂုတ် ၉ ရက်မနက် ၈ နာရီ မိနစ် ၅၀ ကျော်ခန့်မှာ အင်အား ၃ ဦးရှိတဲ့ ပျုစောထီးကင်းစခန်းကို လျှပ်တပြက် ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

"ကျနော်တို့အဖွဲ့တွေဝင်စီးတော့ ပျူတွေက ထွက်ပြေးကြတယ်။ အဲ့ဒါကိုလိုက်ပစ်တော့ သုံးယောက်လုံး သေတယ်။ ကမန်းကတန်းပစ် တွေ့တဲ့လက်နက်ကောက်ယူပြီး ပြန်ဆုတ်လာတာ"လို့ ရွှေဘိုမြို့နယ်ပကဖတာဝန်ခံက ပြောပါတယ်။

အဆိုပါ မူးတံတားကင်းစခန်းမှာ ပုံမှန်အားဖြင့် စစ်ကောင်စီနဲ့ပျူအဖွဲ့ဝင်အင်အား ၁၀ ဦးကျော် ရှိနေတတ်ပြီး ဒီနေ့သွားရောက်တိုက်ခိုက်ချိန်မှာ အင်အားအနည်းငယ်ပဲ ရှိနေတာလို့ ဆိုပါတယ်။

တိုက်ခိုက်မှုအတွင်း ပျူစောထီး ၃ ဦးသေဆုံးပြီး ပျူအဖွဲ့ဝင်တွေကိုင်ဆောင်တဲ့ သေနတ် ၂ လက်၊ ကျည်ဘောက် ၇ ခု၊ ကျည် ၂၀၀ ခန့်သိမ်းဆည်းရမိခဲ့တယ်လို့ ရွှေဘိုမြို့နယ်ပကဖတာဝန်ခံက ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို ရွှေဘိုမြို့နယ် တိုက်နယ်(၁) ပကဖ Golden Future Force-Shwebo၊ Golden Heroes Force-Shwebo အဖွဲ့၊ ရွှေဘိုမြို့နယ်ပကဖ တိုက်ခိုက်ရေးအဖွဲ့ (PDO) နဲ့ နယ်မြေခံ ဘီလူးညီနောင်ပကဖအဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

ဩဂုတ် ၁ ရက်ကလည်း ရွှေဘိုမြို့၊ အမှတ် ၁ ရပ်ကွက်၊ ဘူတာပိုင်းမှာ သတင်းရဲတပ်ဖွဲ့က ဒုရဲမှူး ၁ ဦး ပစ်သတ်ခံရပြီး သေဆုံးခဲ့ပါသေးတယ်။ 

စာတည်း - လင်း ၊ တည်းဖြတ် - HP

#မြေလတ်အသံ

#စစ်ကိုင်း #ရွှေဘို #ဇီးကုန်းလေး #လက်နက်သိမ်းဆည်း #ပျူစခန်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10