ရွှေဘို သတင်းရဲတပ်ဖွဲ့က ဒုရဲမှူး ၁ ဦးပစ်သတ်ခံရ

ရွှေဘို သတင်းရဲတပ်ဖွဲ့က ဒုရဲမှူး ၁ ဦးပစ်သတ်ခံရ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၊ အမှတ် ၁ ရပ်ကွက်၊ ဘူတာပိုင်းမှာ သတင်းရဲတပ်ဖွဲ့က ဒုရဲမှူး ၁ ဦး ပစ်သတ်ခံရတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအဖွဲ့တွေထံက သိရပါတယ်။

ဩဂုတ် ၁ ရက် ဒီနေ့ မနက် ၈ နာရီခန့်မှာ ရွှေဘိုမြို့နယ်သတင်းရဲတပ်ဖွဲ့(Special Branch)မှ ဒုရဲမှူး အောင်ဇော်မျိုးဟာ နေအိမ်မှာရှိနေချိန် သေနတ်သမားတွေက ဝင်ပစ်သွားတယ်လို့ ဆိုပါတယ်။

သေနတ်နဲ့ပစ်ခတ်ခံရလို့ ဒုရဲမှူး အောင်ဇော်မျိုးဟာ ရင်ဘတ်နဲ့ ဦးခေါင်းကျည်ထိဒဏ်ရာတွေနဲ့ နေရာမှာပဲ သေဆုံးသွားပြီးနောက် ရွှေဘိုဆေးရုံကို အလောင်းပို့ထားတယ်လို့ သိရပါတယ်။

" သူ့အိမ်မှာပဲ ပစ်သတ်ခံရတာ။ သူကအိမ်မှာ မနေလိုဘူး။ တခါတလေမှ ပြန်တာ။ ဘယ်အဖွဲ့လုပ်တယ်ဆိုတာ ကတော့ စုံစမ်းနေဆဲပဲ" လို့ ရွှေဘိုမြို့နယ် ပကဖ တာဝန်ရှိသူက ပြောပါတယ်။

သတင်းရဲတပ်ဖွဲ့ ဒုရဲမှူးပစ်သတ်ခံရပြီးနောက်မှာတော့ စစ်ကောင်စီတပ်နဲ့ ရဲတွေဟာ ဘူတာရပ်ကွက်က နေအိမ် တွေကို ဝင်ရောက်ရှာဖွေတာတွေလုပ်နေတယ်လို့ သိရပါတယ်။

ဒုရဲမှူး အောင်ဇော်မျိုးဟာ ရွှေဘိုမြို့နယ် သတင်းရဲတပ်ဖွဲ့တာဝန်ခံအနေနဲ့ တာဝန်ထမ်းဆောင်နေတာ နှစ်ကြာနေသူဖြစ်ပြီး တော်လှန်ရေးအဖွဲ့ဝင်တွေကို ဖမ်းဆီးရေးလုပ်ငန်းစဥ်တွေမှာ တက်ကြွစွာပါဝင်ဆောင်ရွက်နေသူဖြစ်သလို တရားမဝင်လုပ်ငန်းတွေထံကနေလည်း ငွေကြေးတောင်းခံရာမှာ နာမည်ကြီးသူတဦးလို့ ဆိုပါတယ်။

ဇွန် ၆ ရက်ကလည်း ရွှေဘိုမြို့၊ အမှတ် ၆ ရပ်ကွက်၊ ထိပ်တန်းလမ်းမြောက်ဘက် ရွှေကြွက်ဆိုင်ကယ်ပစ္စည်းဆိုင် အနီးမှာ ၂၀၂၀ ရွေးကောက်ပွဲတုန်းက ကြံခိုင်ရေးပါတီမှ ကိုယ်စားလှယ်လောင်းအဖြစ်ယှဥ်ပြိုင်ခဲ့သူ နေအိမ်မှာ ပစ်သတ်ခံရတယ်လို့ သေဆုံးသွားတယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ရွှေဘိုမြို့ #ဘူတာပိုင်း #သတင်းရဲတပ်ဖွဲ့ #SB #ဒုရဲမှူး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10