ရွှေဘို၊ အောင်ချမ်းသာရွာမှာ တရက်တည်း တိုက်ပွဲနှစ်ကြိမ်ဖြစ်ပြီး နှစ်ဘက်ထိခိုက်မှုရှိ

ရွှေဘို၊ အောင်ချမ်းသာရွာမှာ တရက်တည်း တိုက်ပွဲနှစ်ကြိမ်ဖြစ်ပြီး နှစ်ဘက်ထိခိုက်မှုရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ အောင်ချမ်းသာကျေးရွာမှာ တရက်တည်းတိုက်ပွဲနှစ်ကြိမ်ဖြစ်ပြီး နှစ်ဘက်ထိခိုက်ရှိတယ်လို့ ရွှေဘိုမြို့နယ်ပကဖထံက သိရပါတယ်။

ဩဂုတ် ၁၃ ရက်မှာ အင်အား ၅၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီအဖွဲ့နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဟာ မနက် ၁၀ နာရီ ၅၀ မိနစ်မှာ အောင်ချမ်းသာကျေးရွာအနီးမှာ တကြိမ်၊ ညနေ ၃ နာရီ ၃၀ မိနစ်ခန့်မှာ အောင်ချမ်းသာရွာသစ် အရှေ့ဘက် ဆန်စက်ဟောင်းအတွင်း စခန်းချနေတဲ့နေရာမှာတကြိမ် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

"ပထမအကြိမ်တိုက်ပွဲကတော့ ကျနော်တို့ဘက်က လူအင်အားနည်းတော့ ခဏလောက်ပဲ တိုက်ပွဲဖြစ်ပြီး ပြန်ဆုတ်ခဲ့ရတယ်။ ညနေပိုင်းမှာကျတော့ အင်အားထပ်စုပြီး သူတို့စခန်းချထားတဲ့နေရာကို သွားတိုက်တာ။ အနီးကပ်တိုက်ပွဲဖြစ်ခဲ့တာ" လို့ ရွှေဘိုမြို့နယ်ပကဖ တာဝန်ရှိသူက ပြောပါတယ်။

တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ၂ ဦးသေဆုံး(အလောင်းရ)နဲ့ ဒဏ်ရာရသူများပြားခဲ့သလို တော်လှန်ရေး ပူးပေါင်းတပ်တွေဘက်က ရဲဘော် ၂ ဦး မစိုးရိမ်ရဒဏ်ရာရခဲ့ပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်သားတွေ အသုံးပြုတဲ့ ယူနီဖောင်းတွေနဲ့ ပစ္စည်းအချို့ကိုလည်း သိမ်းဆည်းရမိခဲ့ တယ်လို့ ဆိုပါတယ်။

အဆိုပါတိုက်ခိုက်မှုကိုတော့ ရွှေဘိုမြို့နယ် ပကဖတိုက်ခိုက်ရေး(PDO)အဖွဲ့၊ တိုက်နယ် (၅) ပကဖ တိုက်ခိုက် ရေးအဖွဲ့၊ တိုက်နယ် (၅) ရပ်ကျေးပကဖတွေနဲ့ တိုက်နယ် (၅) ပကဖ Fixed Wings Drone အဖွဲ့တို့ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ဩဂုတ် ၉ ရက်ကလည်း ရွှေဘိုမြို့နယ်၊ ဇီးကုန်းလေးရွာ မူးတံတား ကင်းစောင့်နေတဲ့ ပျူစောထီးအဖွဲ့ တိုက်ခိုက်ခံရပြီး ၃ ဦးသေဆုံးကာ သေနတ် ၂ လက်ရခဲ့တယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ရွှေဘိုမြို့နယ် #အောင်ချမ်းသာကျေးရွာ #PDF #ပကဖ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10