သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်က အသက် ၅၀ ကျော်အရွယ်ရှိ ဘကြီးဟာ ဘဝတလျှောက်လုံး လယ်လုပ်နေသူဖြစ်ပါတယ်။ မဲဇာချောင်းဘေးနားက ၆ ဧကအကျယ်ရှိ စပါးနဲ့ပဲခင်းကို သူတို့ဆွေစဉ်မျိုးဆက် စိုက်ပျိုးလာခဲ့ကြတာပါ။
နှစ်စဉ်နှစ်တိုင်း စိုက်ခင်းထဲကိုဝင်လာတဲ့ ချောင်းရေနဲ့အတူ မြေဆီမြေနှစ်တွေပါလာတတ်ပြီး သီးနှံကောင်းစေတာကြောင့် မိသားစုဟာ မချမ်းသာရင်တောင် စားဝတ်နေရေးအတွက် ဖူလုံခဲ့ပါတယ်။
လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကစပြီး ဒီအခြေအနေတွေက ပြောင်းလဲလာပါတော့တယ်။ မိုးခေါင်သွားပြီး စိုက်ခင်းတွေထဲကို အရင်လို ရေမလွှမ်းနိုင်တော့ပါဘူး။ စိုက်ခင်းတွေမှာ မြေဆီလွှာအရည်အသွေး ကျဆင်းလာတာကို သတိထားမိတဲ့ ဘကြီးဟာ ဓာတုဆေးဆက်တိုက်သုံးပြီး အထွက်နှုန်းထိန်းဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ အထွက်နှုန်းတိုးမလာဘဲ မြေဆီလွှာသာ ပိုမိုပျက်စီးလာပါတယ်။
ခုဆို ၂ ဧကပဲ စိုက်နိုင်ပြီး ထွက်တဲ့သီးနှံက မိသားစုစားရရုံသာ ရတော့တယ်လို့ သူက ဆိုပါတယ်။
“စိုက်ပျိုးရေးကရတဲ့ ဝင်ငွေတခုတည်းနဲ့ မလုံလောက်တော့ ဈေးပါရောင်းစားနေရပြီ။” လို့ မိသားစုဝင် ၉ ဦးရှိတဲ့ ဘကြီးက ပြောပါတယ်။
ဘကြီးလိုပဲ အင်းတော်မြို့နယ်က နောက်ထပ်လယ်သမားတဦးကလည်း အရင်ကဆို စိုက်ခင်းအခြေအနေကို ကြည့်ပြီး အထွက်နှုန်းကို အနီးစပ်ဆုံးခန့်မှန်းနိုင်ခဲ့ပေမယ့် ခုတော့ မခန့်မှန်းတတ်တော့ဘူးလို့ ဆိုပါတယ်။
“ခုက ဘာတွေဖြစ်လို့ ဖြစ်နေမှန်းကို မသိတော့ဘူး။ မြေဆီတွေ ပျက်စီးလာသလားပဲ။ စပါးလည်းမရ ပဲလည်းမရတတ်တော့ဘူး။ မြေထဲမှာ ဓာတ်သတ္ထုတမျိုးမျိုး ရောပြီထင်တယ်။ ခုက မစိုက်ချင်ဘဲ စိုက်နေရတာ။” လို့ သူက ညည်းတွားပါတယ်။
ဘကြီးတို့လို စိုက်ပျိုးရေးသမားတွေ မှီခိုအားပြုနေရတဲ့ မဲဇာချောင်းဟာ မိုင် ၈၀ ကျော်ရှည်လျားပြီး မြောက်ဘက် ကချင်တောင်တန်းပေါ်ကနေ ဗန်းမောက်၊ အင်းတော်နဲ့ ထီးချိုင့်မြို့နယ်တို့ကိုဖြတ်ကာ တောင်ဘက် ဧရာဝတီမြစ်ထဲကို စီးဆင်းနေတာပါ။
မဲဇာချောင်းတလျှောက် စိုက်ပျိုးမြေဧက ၃ သောင်းကျော်ရှိပြီး စပါး၊ မြေပဲ၊ နေကြာ၊ နှမ်းတို့ကို အဓိက စိုက်ပျိုးပါတယ်။
အင်းတော်ဒေသရဲ့ စားနပ်ရိက္ခာဖူလုံမှုအတွက် မဲဇာချောင်းဘေးတလျှောက် စိုက်ခင်းတွေက ၅၀ ရာခိုင်နှုန်းလောက် ပံ့ပိုးခဲ့တာလို့ ဘကြီးက ပြောပါတယ်။
လတ်တလောမှာ မဲဇာချောင်းဟာ တရားမဝင်ရွှေသတ္ထုတူးဖော်မှုဒဏ်ကို ခံနေရပြီး ချောင်းဘေးတလျှောက် မြေဆီလွှာထိခိုက်ပျက်စီးမှုကို ပိုမိုဆိုးရွားလာစေပါတယ်။
ရွှေလုပ်ကွက်တွေက စွန့်ပစ်လိုက်တဲ့ ဆိုင်ယာနိုက်နဲ့ အဆိပ်ရှိဓာတုတွေက ချောင်းရေထဲမှာ ရောပါနေပြီး စိုက်ပျိုးမြေတွေကို ပျက်စီးစေတာလို့ ဒေသခံတွေက ယူဆနေကြပါတယ်။
မကြာသေးခင်နှစ်တွေက တချို့လယ်သမားတွေက အဲဒီချောင်းရေတွေကို စိုက်ခင်းထဲ စက်နဲ့မောင်းသွင်းတာမှာ သီးနှံတွေ မဖြစ်ထွန်းခဲ့ဘူးလို့ ပြောပါတယ်။
ခုလို မြေဆီလွှာပျက်စီးမှုဟာ အင်းတော်ဒေသမှာသာမက နိုင်ငံအနှံ့ရဲ့ ဒေသတော်တော်များများမှာ ရှိနေတယ်လို့ မြေဆီလွှာပညာရှင်တဦးရဲ့ ပြောပြချက်အရသိရပါတယ်။
သူဟာ စိုက်ပျိုးရေးနဲ့ မြေဆီလွှာထိန်းသိမ်းရေးလုပ်ငန်းတွေကို နိုင်ငံအနှံ့ သွားလာလုပ်ကိုင်ခဲ့ဖူးသူ ဖြစ်ပါတယ်။
“ဘယ်ဒေသက စိုက်ခင်းမဆို စစ်လိုက်ရင် မြေဆီလွှာအရည်အသွေးကကျနေပြီး အဟာရက အတော်ကို နည်းနေတာ တွေ့ခဲ့ရတယ်။ အောဂဲနစ်မက်တာ၊ ဖော့စဖောရပ်နဲ့ ပိုတက်စီယမ်တို့လို (မြေဆီလွှာအတွက်) မရှိမဖြစ်အာဟာရတွေက သိသိသာသာကို နည်းနေတာ။” လို့ သူက ရှင်းပြပါတယ်။
ဓာတုဆေးအလွန်အကျွံသုံးစွဲတာ၊ ဓာတုဆေးစနစ်တကျသုံးစွဲပုံ အသိပညာအားနည်းတာ၊ အစိုးရ အဆက်ဆက် မြေဆီလွှာကို ဂရုမစိုက်တာ၊ သတ္ထုတူးဖော်မှုနဲ့ သစ်တောဖြုန်းတီးမှုလို သယံဇာတ ထုတ်ယူရေးကိုပဲ အလေးပေးတာ စတာတွေဟာ တချိန်က အင်မတန်အရည်အသွေးကောင်းတဲ့ နိုင်ငံရဲ့မြေဆီလွှာကို ဖျက်ဆီးလိုက်တာလို့ လယ်သမားတွေ၊ သဘာဝပတ်ဝန်းကျင်အရေး တက်ကြွသူတွေနဲ့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။
၂၀၂၁ စစ်အာဏာသိမ်းလိုက်တဲ့အခါ မြေဆီလွှာထိန်းသိမ်းရေးလုပ်ငန်းတွေ ရပ်တန့်သွားပြီး သယံဇာတအလွန်အကျွံထုတ်ယူမှု မြင့်တက်လာတာတွေဟာ အခြေအနေတွေကို ပိုဆိုးသွားစေပါတယ်။
ဒါဟာ အရှေ့တောင်အာရှက အဆင်းရဲဆုံးသော မြန်မာနိုင်ငံရဲ့ ရေရှည် စားနပ်ရိက္ခာဖူလုံမှုကို ထိခိုက်စေပါတယ်။ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် - WFP ရဲ့အဆိုအရ အခုကတည်းက မြန်မာနိုင်ငံရဲ့ လူဦးရေ ၂၆ ရာခိုင်နှုန်းဟာ မငြိမ်သက်မှုတွေကြားမှာ စားနပ်ရိက္ခာလိုအပ်မှုရှိနေပါတယ်။
စစ်အာဏာသိမ်းမှုနောက်ဆက်တွဲဂယက် နိုင်ငံအနှံ့ဖြစ်နေတဲ့ပြည်တွင်းစစ်ပွဲကြားမှာ ရေရှည် စားနပ်ရိက္ခာရှားပါးမှုကို သက်သာစေမယ့် လုံလောက်တဲ့ မြေဆီလွှာထိန်းသိမ်းရေးအစီအမံရယ်လို့ ရှိမနေပါဘူး။
ဘဝရှင်သန်ရေးထိခိုက်တဲ့ မြေဆီလွှာပျက်စီးမှု
၂၀၁၆ က ထုတ်ပြန်တဲ့ အမျိုးသားအဆင့် စိုက်ပျိုးရေးစီမံကိန်းမှာ မြန်မာနိုင်ငံရဲ့ စိုက်ပျိုးမြေ စုစုပေါင်းရဲ့ ၅ ဒသမ ၃ ရာခိုင်နှုန်းရှိ ဧက ၁ မီလီယံဟက်တာနီးပါးမှာ မြေဆီလွှာပြဿနာရှိနေတယ်လို့ ဆိုထားပါတယ်။ ဒီပမာဏဟာ ရန်ကုန်တိုင်းရဲ့အကျယ်နဲ့ ညီမျှပါတယ်။
ဒီမြေကို ပြန်လည်ပြုပြင်ဖို့ဆို အချိန်အကြာကြီးပေးရမှာဖြစ်ပြီး ငွေအမြောက်အများနဲ့ တက်သိပညာရှင်တွေ အများကြီး လိုအပ်ပါတယ်။ ပညာရှင်တွေကတော့ ဒီမြေဟာ မူလက မြေဆီမြေနှစ်ပေါကြွယ်ဝတဲ့ အနေအထားကို ပြန်ရောက်နိုင်မှာ မဟုတ်တော့ဘူးလို့ ဆိုထားပါတယ်။
မြန်မာလူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းဟာ စိုက်ပျိုးရေးလုပ်ငန်းကို မှီတည်နေထိုင်ကြပါတယ်။ ကိုလိုနီနှောင်းပိုင်းကာလနဲ့ လွတ်လပ်ရေးရပြီးပါလီမန်ခေတ်မှာ မြန်မာနိုင်ငံဟာ မြေဆီမြေနှစ်ကောင်းမွန်ပြီး ဆန်စပါးတင်ပို့မှုထိပ်တန်းနိုင်ငံအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။
ဒါပေမဲ့လည်း အစိုးရအဆက်ဆက် စီမံမှုအလွဲတွေကြောင့် ဒီအခြေအနေကနေ တလိမ့်လိမ့်နဲ့ လျှောကျသွားပါတယ်။
၁၉၈၀ ဝန်းကျင်မှာ စပါးအထွက်နှုန်းတိုးရေးအတွက် အစိမ်းရောင်တော်လှန်ရေးကို အကောင်အထည်ဖော်တဲ့အခါ အစိုးရဟာ အစဉ်အလာသဘာဝနည်းအတိုင်း စိုက်ပျိုးတာနဲ့ အသားကျနေတဲ့ လယ်သမားတွေကို ဓာတုဆေးတွေထုတ်ပေးခဲ့ပါတယ်။
ဒါပေမဲ့လည်း လယ်သမားတွေဟာ ဓာတုဆေးတွေကို ဘယ်လိုစနစ်တကျသုံးရမယ်ဆိုတာကို မသိခဲ့တာကြောင့် အဲဒီကတည်းက မြေကြီးတွေဟာ ယိုယွင်းပျက်စီးလာခဲ့တယ်လို့ စိုက်ပျိုးရေးအသိပညာပေးလုပ်နေတဲ့ အစိမ်ရောင်လမ်းအဖွဲ့ကို ပူးတွဲထည်ထောင်သူနဲ့ မန်နေဂျာ ကိုသိန်းစိုးမင်းက ရှင်းပြပါတယ်။
“အဲဒီမှာ ဓာတုဆေးကို အလွန်အကျွံမှီခိုသုံးစွဲတဲ့ ရောဂါက စရခဲ့တာပဲ။ ဓာတုဆေးတွေ မထည့်ရင် ပိုးသတ်ဆေး ပေါင်းသတ်ဆေးတွေမဖြန်းရင်ကို စိုက်ခင်းတွေက မဖြစ်ထွန်းတော့တာ။” လို့ သူက ပြောပါတယ်။
လတ်တလောမှာတော့ မြန်မာဟာ ဆန်စပါးတန်ချိန် ၂ သန်းလောက်သာ ကမ္ဘာ့ဈေးကွက်ထဲကို တင်ပို့နိုင်ခဲ့ပြီး ဝယ်ယူသူတွေဟာ တခြားရွေးစရာမရှိမှသာ မြန်မာဆန်ကိုဝယ်ကြတာလို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ပြောပါတယ်။ ၂၀၂၅ ကနေစလို့ နှစ်စဉ် ဆန်တန်ချိန် ၄ သန်းတင်ပို့ဖို့ ဆန်စပါးအသင်းချုပ်က ရည်မှန်းထားတာပါ။
အာဏာသိမ်းလို့ ရပ်တန့်သွားတဲ့ မြေဆီလွှာထိန်းသိမ်းရေး
အာဏာသိမ်းကတည်းက မြေဆီလွှာထိန်းသိမ်းရေးအပါအဝင် အစိုးရနဲ့ ချိတ်ဆက်လုပ်ဆောင်ရတဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆောင်ရွက်မှုအားလုံးဟာ ရပ်တန့်သွားခဲ့ပါတယ်။ နိုင်ငံအနှံ့ ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက်တွေကို စုဆောင်းဖို့ ခက်ခဲသွားပြီး မြေဆီလွှာထိန်းသိမ်းရေးတွေလည်း ရပ်ဆိုင်းသွားရပါတယ်။
၂၀၂၁ မတိုင်ခင်က စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးရေးသုတေသနဌာနတို့နဲ့ ပူးပေါင်းပြီး လုပ်ဆောင်နေတဲ့ နိုင်ငံတကာအဖွဲ့အစည်း ၁၁ ခုဝန်းကျင် ရှိခဲ့ပါတယ်။
ဒီအဖွဲ့အစည်းတွေဟာ မြေဆီလွှာအရည်အသွေးထိန်းသိမ်းရေးနဲ့ သက်ဆိုင်တဲ့ အချက်အလက် စုဆောင်းတာ၊ သုတေသနပြုတာ၊ အသိပညာပေးမြှင့်တင်တာ၊ နည်းပညာနဲ့ ငွေကြေးကူညီတာတွေကို နိုင်ငံအနှံ့လုပ်ခဲ့ပါတယ်။
ဒီအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ စိုက်ပျိုးရေးပညာရှင်တဦးက “တချိန်က မြန်မာတွေရမယ်လို့ မှန်းထားတဲ့ စီမံကိန်းက တခြားအိမ်နီးချင်းနိုင်ငံတွေဆီ ရောက်သွားတယ်။ သူတို့ဆီက အစီရင်ခံစာတွေဖတ်ရတဲ့အခါ ငါတို့ရရမယ့်ဟာတွေဆိုပြီး စိတ်မကောင်းဖြစ်ရတယ်။ အတော်လေးကို နစ်နာသွားရတာပေါ့။” လို့ မှတ်ချက်ပြုပါတယ်။
၂၀၂၁ မတိုင်ခင်က မဲဇာချောင်ရိုးတလျှောက်နဲ့ ဆက်စပ်ချောင်းတွေမှာ ရွှေတူးဖော်မှုတွေက အခုလောက်မများသေးဘူးလို့ အင်းတော်ဒေသခံတဦးက ပြောပါတယ်။ အာဏာသိမ်းပြီးနောက် မဲဇာချောင်းနဲ့ ဆက်စပ်ချောင်းတွေထဲမှာ ရွှေလုပ်ကွက်တွေဟာ ၆ ဆအထိတိုးလာပြီး ဒီရွှေလုပ်ကွက်တွေကနေ စွန့်ထုတ်လိုက်တဲ့အရာတွေကြောင့် ပျက်စီးလာတဲ့ စိုက်ပျိုးမြေတွေများလာတယ်လို့ သူကဆိုပါတယ်။
“ရွှေတူးပြီး ကျန်ခဲ့တဲ့ သဲတွေ၊ ကျောက်တွေက ထွန်ယက်လို့မရတော့ဘူး။ မြေဆီလွှာကလည်း မကောင်း၊ သဲတွေ ကျောက်တွေနဲ့ဆိုတော့ စိုက်လို့လည်းမရ၊ သီးနှံတွေလည်း မဖြစ်တော့ဘူးပေါ့။” လို့ သူကပြောပါတယ်။
လတ်တလောမှာ အင်းတော်ဒေသရဲ့နေရာအများစုကို တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်လုနီးပါးဖြစ်နေပြီး စိုက်ပျိုးရေးရုံးအပါအဝင် အစိုးရရုံးဌာနတွေဟာ တိုက်ပွဲတွေကြောင့် ပိတ်ထားရဆဲ ဖြစ်ပါတယ်။ ရွှေလုပ်ကွက်တွေကိုလည်း စောင့်ကြည့်တားမြစ်မယ့်သူလည်း မရှိပါဘူး။
အာဏာသိမ်းစစ်တပ်ကိုတိုက်နေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရကတော့ သူတို့ထိန်းချုပ်နယ်မြေအချို့မှာ စိုက်ပျိုးရေးအရာရှိတွေ ခန့်အပ်ထားပါတယ်။ လတ်တလောမှာ အင်းတော်မြို့နယ်က စိုက်ပျိုးရေးအရာရှိက ဒေသခံတွေကို ရေရှည်တည်တံ့တဲ့ သဘာဝစိုက်ပျိုးနည်း ပညာပေးလုပ်နေပါတယ်။ ဒါပေမဲ့လည်း လတ်တလောမှာ ဒီနည်းလမ်းက တနိုင်တပိုင်သာဖြစ်ပြီး ပျက်စီးသွားတဲ့မြေဆီလွှာကို ပြန်လည်ကောင်းမွန်အောင် လုပ်နိုင်တဲ့အလားအလာတော့ မရှိသေးပါဘူး။
မြန်မာနိုင်ငံအလယ်ပိုင်း ဧရာဝတီမြစ်ဝှမ်းလွင်ပြင်ဒေသ ပြည်မြို့နယ်က အသက် ၄၀ အရွယ် ကိုမျိုး*က သူတို့ဒေသမှာ တီကောင်လို မြေကြီးထဲက အကျိုးပြုသတ္တဝါတွေ မတွေ့ရတော့တာ တော်တော်ကြာကြာခဲ့ပြီလို့ဆိုပါတယ်။
“ငယ်ငယ်ကဆို ဘယ်နားသွားသွား တီကောင်တွေ တွေ့ရတယ်။ ခုကျ ငါးစာလုပ်ဖို့ဆိုရင်တောင် တောအုပ်ထဲတွေ၊ ရွှံ့နွံ့တွေကြားထဲ ခက်ခက်ခဲခဲလိုက်ရှာနေရပြီ။” လို့ သူက ပြောပါတယ်။
သိပ္ပံပညာရှင်တွေရဲ့ အဆိုအရ တီကောင်လို မြေကြီးထဲက ပိုးကောင်တွေဟာ မြေဆီလွှာကျန်းမာရေး အတွက် မရှိမဖြစ်အရေးပါပြီး ဂေဟစနစ်ကို များစွာအထောက်အကူပြုပေးပါတယ်။
၂၀၂၁ မတိုင်ခင်က စိုက်ပျိုးရေးသုတေသနဦးစီးဌာနဟာ စားနပ်ရိက္ခာဖူလုံမှုနဲ့ အစာအဟာရ မြှင့်တင်ရေးကို ရည်ရွယ်ပြီး သီးနှံစမ်းသပ်စိုက်ပျိုးမှုတွေနဲ့ ထုတ်လုပ်မှုနည်းပညာအသစ်ပံ့ပိုးမှုတွေကို နိုင်ငံအနှံ့ စီမံဆောင်ရွက်နိုင်ခဲ့ပါတယ်။
စစ်အာဏာသိမ်းပြီးနောက်မှာတော့ စိုက်ပျိုးရေးသုတေသနဦးစီးဌာနရဲ့ ဆောင်ရွက်မှုတွေဟာ ရုံးချုပ် တည်ရှိရာ နေပြည်တော်နဲ့ အနီးတဝိုက်မှာပဲ လုပ်နိုင်တော့တယ်ဆိုတာ စိုက်ပျိုးရေးဦးစီးဌာနရဲ့ ဝက်ဘ်ဆိုက်ပါဖော်ပြချက်တွေအရ သိရပါတယ်။
လတ်တလော နိုင်ငံရေးမငြိမ်သက်မှုနဲ့ ပဋိပက္ခတွေကြားမှာ မြေဆီလွှာထိန်းသိမ်းရေး အဖွဲ့အစည်းတွေရဲ့ လုပ်နိုင်စွမ်းတွေက လျော့ကျသွားတာကို တွေ့ရပါတယ်။
မြန်မာနိုင်ငံကို ဆန်စပါးစိုက်ပျိုးရေးစီမံကိန်းတွေ ကာလရှည်ကြာပံ့ပိုးဆောင်ရွက်လာခဲ့တဲ့ IRRI ဆိုတဲ့ နိုင်ငံတကာ ဆန်စပါးသုတေသနအင်စတီကျူ့ဟာ အာရှဒေသအတွင်း ဆန်စပါးအထွက်နှုန်းကွာဟာမှု လျှော့ချရေးနဲ့ ရေရှည်တည်တံ့တဲ့ စိုက်ပျိုးနည်းစနစ်ဖွံ့ဖြိုးရေး စီမံကိန်းကို မြန်မာနိုင်ငံမှာ ၂၀၂၀ ကနေ ၂၀၂၂ အထိ အကောင်အထည်ဖော်ဖို့ ရည်ရွယ်ထားခဲ့ပါတယ်။
ဒီစီမံကိန်းအတွက် IRRI က စိုက်ပျိုးရေးဦးစီးဌာနဲ့ စိုက်ပျိုးရေးသုတေသနဦးစီးဌာနတို့ကို ပံ့ပိုးမှုတွေအများကြီး ပေးခဲ့ပါတယ်။ ဒီဌာနတွေက မြေနဲ့ရေ အချက်အလက်တွေစုဆောင်းပြီး မြေဆီလွှာကျန်းမာရေးအညွှန်းကိန်းတက်ဖို့လည်း ကြိုးစားရပါတယ်။ ၂၀၂၁ စစ်အာဏာသိမ်း လိုက်တဲ့အခါမှာတော့ ဒီစီမံကိန်းက ရပ်ဆိုင်းသွားပါတော့တယ်။
မြေဆီလွှာထိန်းသိမ်းရေး ဆက်လုပ်နိုင်ရေးနဲ့ပတ်သက်လို့ IRRI ကို မြေလတ်အသံက အီးမေလ်ပို့ ဆက်သွယ်တဲ့အခါမှာတော့ လက်တလောမှာ မြန်မာနိုင်ငံအတွက် ဒီစီမံကိန်းက ဆက်မလုပ်တော့တာကြောင့် သက်ဆိုင်ရာ သတင်းအချက်အလက်တွေကို ပြန်မဖြေနိုင်ကြောင်း အကြောင်းပြန်ခဲ့ပါတယ်။
အင်းတော်ဒေသခံ ဘကြီးကတော့ အခုလို သစ်တောပြုန်း၊ မိုးခေါင်ပြီး မြေဆီလွှာပျက်စီးမှုတွေ ဆက်ဖြစ်နေပါက သူတို့ဒေသရဲ့ စားနပ်ရိက္ခာဖူလုံမှုနဲ့ ရှင်သန်ရပ်တည်မှုကို နောက် ၅ နှစ်အတွင်း ဆိုးဆိုးရွားထိခိုက်လာမယ်လို့ ခန့်မှန်းပါတယ်။
ပြည်မြို့နယ်က အောဂဲနစ်စိုက်ပျိုးရေးသမား ကိုမျိုး*ကလည်း အခုလိုသာ မြေဆီလွှာပျက်စီးမှုကို လျစ်လျူရှုထားကြတော့မယ်ဆိုရင် စိုက်ပျိုးမရတော့တဲ့ အခြေအနေတွေဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။
“ဘယ်သူမှ ဒီအခြေအနေကို ဂရုမစိုက်ကြတော့ဘူးဆိုရင် အခြေအနေက ပိုဆိုးသထက်ဆိုးဖို့ပဲ ရှိလာတော့မှာပေါ့။” လို့ သူက မှတ်ချက်ပြုပါတယ်။
ဓာတုမြေသြဇာတွေကို ကာလရှည်ကြာ အလွန်အကျွံနဲ့ စနစ်တကျမသုံးတဲ့ အလေ့အကျင့်တွေဟာ ခုချိန်မှာ စိုက်ပျိုးမြေတွေကို ဆိုးဆိုးရွားရွားထိခိုက်နေပြီး ဒါချည်းပဲဆက်တိုက်လုပ်နေဦးမယ်ဆိုရင် သီးနှံတွေဖြစ်ထွန်းနိုင်မှာ မဟုတ်တော့ဘူးလို့ မြေဆီလွှာပညာရှင်က ရှင်းပြပါတယ်။
“အခုက မြေဆီလွှာပြန်လည်ထိန်းညှိဖို့ သဘာဝမြေသြဇာတွေကို သုံးဖို့လိုအပ်နေပါပြီ။ သီးနှံဖြစ်ထွန်းတဲ့၊ ရေရှည်တည်တံ့တဲ့ စိုက်ပျိုးရေးဖြစ်ဖို့ဆို ဉာဏ်ပါပါလုပ်ရလိမ့်မယ်။” လို့ သူက အကြံပြုပါတယ်။၊
ရေလွှမ်းလို့ ပိုပျက်စီးသွားတဲ့ မြေဆီလွှာ
၂၀၂၄ စက်တင်ဘာမှာ တိုက်ခက်တဲ့ ရာဂိမုန်တိုင်းကြောင့် စိုက်ခင်းဧက ၆၄၃,၀၈၁ ဧက ပျက်စီးသွားတယ်လို့ ကုလသမဂ္ဂနဲ့ မြန်မာစစ်တပ်ရဲ့ ထုတ်ပြန်ချက်တွေမှာ တွေ့ရပါတယ်။
နိုင်ငံအလယ်ပိုင်း၊ အရှေ့ပိုင်းနဲ့ တောင်းပိုင်းဒေတွေမှာ အဆက်မပြတ် မိုးသည်းတာ၊ ရုတ်တရက် ရေကြီးတာနဲ့ မြေပြိုတာတွေဖြစ်ခဲ့ပါတယ်။ ဒီဒေသတွေမှာ စည်းကမ်းမဲ့ သတ္ထုတူးဖော်တာနဲ့ သစ်တောပြုန်းတီးတာတွေကို မြန်မာပြည်သူတွေကြားမှာ ထောက်ပြဝေဖန်စရာဖြစ်လာကြပါတယ်။
ပျက်စီးသွားတဲ့ စိုက်ပျိုးမြေတွေ ပြန်လည်ကောင်းမွန်ဖို့ဆို လုံလောက်တဲ့ ပံ့ပိုးမှုတွေရှိရင်တောင် အနည်းဆုံး ၃ နှစ်လောက်ကြာနိုင်ပြီး ပြည့်စုံလုံလောက်တဲ့ သဘာဝအရင်းအမြစ်စီမံခန့်ခွဲမှု ဆောင်ရွက်ချက်မရှိရင်တော့ ပိုဆိုးလာနိုင်တယ်လို့ စိုက်ပျိုးရေးပညာရှင်တဦးက သတိပေးပါတယ်။
“စီးဝင်လာတဲ့ ရေတွေမှာလည်း Heavy Metals တွေ ပါလာကောင်း ပါလာနိုင်တယ်။ စိုက်ခင်း၊ အပင်၊ သောက်သုံးရေ၊ လူ၊ တိရိစ္ဆာန်အားလုံးအတွက် ရေရှည်မှာ ဒုက္ခရောက်နိုင်တာပေါ့။”လို့ သူက ပြောပါတယ်။
မီချီဂန်တက္ကသိုလ် စိုက်ပျိုးရေး၊ အစားအစာနဲ့ အရင်းအမြစ်ဆိုင်ရာဘောဂဗေဒဌာနက ပါမောက္ခ ဒန်ကန် ဘော်တန်က မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေးသုတေသနလုပ်ငန်းငန်ဟာ လက်ရှိနိုင်ငံရေး အကျပ်အတည်းမတိုင်ခင်ကတည်းက ကျယ်ပြန့်မှုသိပ်မရှိဘဲ အစိုးရရဲ့ ဗဟိုချုပ်ကိုင်မှုများနေခဲ့တယ်လို့ ဆိုပါတယ်။
သူဟာ ၂၀၁၆ ကနေ စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ဖေဖော်ဝါရီအထိ မြန်မာနိုင်ငံမှာနေခဲ့ပြီး ကုလသမဂ္ဂနဲ့ အမေရိကန်ရဲ့ စိုက်ပျိုးရေးနဲ့ စားနပ်ရိက္ခာဖူလုံမှု စီမံကိန်းတွေမှာ ဦးဆောင်ခဲ့သူ ဖြစ်ပါတယ်။
ဘဝရှင်သန်ရပ်တည်ရေးအတွက် အားထားနိုင်တဲ့ စိုက်ပျိုးရေးစနစ်ဖြစ်အောင် မြေဆီလွှာပျက်စီးမှုကို ပြန်လည်ထိန်းညှိပေးဖို့ရာ စိုက်ပျိုးရေးသုတေသနစနစ်ကို ဗဟိုချုပ်ကိုင်မှုလျှော့ချပြီး ပုဂ္ဂလိကနဲ့ အရပ်ဘက်တွေကို အားပေးအားမြှောက်ပြုပေးဖို့လိုတယ်လို့ သူက ထောက်ပြပါတယ်။
“ရေရှားပါးပြီး ဆန်နဲ့ ပြောင်းကို စိုက်ပျိုးဖို့ခက်တဲ့ အိမ်နီးချင်းနိုင်ငံတွေအတွက် မြန်မာဟာ တင်ပို့ရောင်းချမှုမှာ အရေးပါ ပါတယ်။ မြေဆီလွှာပျက်စီးမှုကြောင့် ဒီသီးနှံတွေ မပံ့ပိုးပေးနိုင်တော့ဘူးဆိုရင် အိမ်နီးချင်းနိုင်ငံတွေဟာ တခြားနေရာတွေကနေ ဈေးပိုပေးပြီး ဝယ်ယူရပါလိမ့်မယ်။” လို့ သူကပြောပါတယ်။
သဘာဝပတ်ဝန်းကျင်အရေး လျစ်လျူရှုမှု၊ တရားမဝင်သယံဇာတထုတ်ယူမှုနဲ့ နိုင်ငံရေး မငြိမ်သက်မှုတွေကြားမှာ မြန်မာ့မြေဆီလွှာပျက်စီးယိုယွင်းမှုဟာ ဆက်တိုက်ဖြစ်ပေါ်နေပါတယ်။
အရေးပေါ် ကြားဝင်ဆောင်ရွက်မှုတွေနဲ့ ရေရှည်တည်တံ့တဲ့စိုက်ပျိုးရေး အလေ့အထမရှိရင် တိုင်းပြည်ရဲ့ စားနပ်ရိက္ခာနဲ့ ရှင်သန်ရပ်တည်ရမယ့် ဘဝပေါင်းများစွာဟာ အန္တရာယ်ရှိနေပါတယ်။
ပညာရှင်တွေနဲ့ လယ်သမားတွေကလည်း မြေဆီလွှာပျက်စီးယိုယွင်းမှုတွေကို အမြန်ထိန်းသိမ်းဖို့ သတိပေးနေကြပါတယ်။ မြေကြီးကို အဓိကထား အားပြုရှင်သန်ရတဲ့ဒေသမှာ မေးစရာရှိတဲ့မေးခွန်းကတော့ မြန်မာ့မြေဆီလွှာကို အချိန်မနှောင်းခင် ဘယ်သူထိန်းသိမ်းစောင့်ရှောက်မလဲ ဆိုတာပါပဲ။
* လုံခြုံရေးအရ သတင်းရင်းမြစ်ရဲ့ အမည်ကို လွှဲထားပါတယ်။
_______________________________________________
(This story was produced with support from the Earth Journalism Network for its special report on soils in the Asia Pacific, “Ground Truths.”)
#မြေလတ်အသံ
#ဆောင်းပါး #မြေဆီလွှာ #သဘာဝပတ်ဝန်းကျင်
Share Share Share