ရှမ်းမြောက်တိုက်ပွဲတွေကို ကွပ်ကဲတဲ့ကစထမှူး ရှမ်းဝန်ကြီးချုပ်ဖြစ်လာပြီး၊ စစ်ရှုံးတဲ့ ရမခတိုင်းမှူး ရှမ်း၊ကယားစစ်ဆင်ရေးအထူးအဖွဲ့မှူးအဖြစ် ရာထူးတိုး

ရှမ်းမြောက်တိုက်ပွဲတွေကို ကွပ်ကဲတဲ့ကစထမှူး ရှမ်းဝန်ကြီးချုပ်ဖြစ်လာပြီး၊ စစ်ရှုံးတဲ့ ရမခတိုင်းမှူး ရှမ်း၊ကယားစစ်ဆင်ရေးအထူးအဖွဲ့မှူးအဖြစ် ရာထူးတိုး

ရှမ်းပြည်နယ်(မြောက်ပိုင်း) စစ်ဆင်ရေးတွေမှာ အရေးနိမ့်ခဲ့တဲ့ လားရှိုး၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ရမခတိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦး ကို ဒုတိယဗိုလ်ချုပ်ကြီးအဆင့်တိုးပေးပြီး ရှမ်းနဲ့ကယားဒေသရှိ တိုင်းစစ်ဌာနချုပ် ၄ ခုကိုကွပ်ကဲရတဲ့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ အမှတ် ၂ စစ်ဆင်ရေးအထူးအဖွဲ့မှူး (ကစထ ၂ မှူး) အဖြစ်ခန့်အပ်ခံရတယ်လို့ နေပြည်တော်ကလာတဲ့ သတင်းတွေအရ သိရပါတယ်။

ဖေဖော်ဝါရီ ၁ ရက်မှာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒုဗိုလ်ချုပ်ကြီးဟောင်း အောင်ဇော်အေး ကို ရာထူးကအနားပေးခဲ့ပြီး သူ့ရဲ့နေရာမှာ ယခင် ကစထ ၂ ကစထမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်အောင်ကို အရပ်ဝတ်လဲအစားထိုးခဲ့လို့ လစ်လပ်သွားတဲ့ နေပြည်တော်က ကစထ ၂ ကစထမှူးနေရာကို  ဗိုလ်ချုပ် နိုင်နိုင်ဦးက ရာထူးတိုးနဲ့ ရောက်ရှိလာတာပါ။

ကစထ ၂ ဟာ ရှမ်းနဲ့ကယားပြည်နယ်တွေက စစ်ဆင်ရေးတွေကိုကွပ်ကဲရတဲ့ ရှမ်းမြောက်အခြေစိုက် အရှေ့မြောက်တိုင်း ရမခ၊ ရှမ်းအရှေ့အခြေစိုက် တြိဂံဒေသတိုင်း တသခ၊ ရှမ်းတောင်အခြေစိုက် အရှေ့အလယ်ပိုင်း ရလခနဲ့ အရှေ့ပိုင်းတိုင်း ရပခ စတဲ့ စစ်တိုင်း ၄ ခုကို နေပြည်တော်စစ်ရုံးကနေ ကွပ်ကဲရတာပါ။

ရှမ်းပြည်နယ်ဝန်ကြီးချုပ် အသစ်ရော အဟောင်းပါ ဒုတိယဗိုလ်ချုပ်ကြီးဟောင်းတွေဖြစ်သလို  လက်ရှိကယားပြည်နယ်ဝန်ကြီးချုပ်ကလည်း ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဇော်မျိုးတင်ဖြစ်ပြီး စစ်ခေါင်းဆောင်က ဒုတိယဗိုလ်ချုပ်ကြီးတွေကို အရပ်ဝတ်လဲကာ အရပ်ဘက်ရော စစ်ဘက်မှာပါ အနီးကပ်ကွပ်ကဲစေပေမယ့် ရင်ဆိုင်တိုက်ပွဲတွေမှာတော့ စစ်ကောင်စီတပ်က အရေးနိမ့်နေခဲ့တာပါ။

စစ်တက္ကသိုလ်အမှတ်စဉ် ၃၅ ဆင်း ဗိုလ်ချုပ် နိုင်နိုင်ဦးနဲ့ အပတ်စဉ်တူ ရခိုင်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးတို့ဟာ လက်ရှိစစ်တိုင်းမှူး ၁၄ ဦးအနက် စီနီယာအကျဆုံးသက်တမ်းရှည်တိုင်းမှူးတွေလည်း ဖြစ်ပါတယ်။

လစ်လပ်သွားတဲ့ ရမခတိုင်းမှူးရဲ့နေရာကိုတော့ နေပြည်တော်၊ စစ်ရုံးက ဒုတိယတပ်မတော်စစ်ဆေးရေးနဲ့ စာရင်းစစ်ချုပ် ဗိုလ်ချုပ် စိုးတင့် ကို အစားထိုးခန့်အပ်ခဲ့ပြီး သူက အလုပ်သင်ဗိုလ်အပတ်စဉ် ၁၆ ဆင်း စီနီယာစစ်ဗိုလ်ချုပ်တဦးဖြစ်ပေမယ့် စစ်ရုံး ဒုအရာရှိချုပ်ရာထူးကနေ တိုင်းမှူးရာထူးပြန်လည်ခန့်အပ်တာဟာ ရှားပါးတယ်လို့ CDM တပ်မတော်သားအရာရှိတွေက ဆိုပါတယ်။

အာဏာသိမ်း ၃ နှစ်ပြည့်မှာ စစ်ကောင်စီက နောက်ထပ် ၆ လ အရေးပေါ်ကာလ သက်တမ်းတိုးပြီးနောက် အရပ်ဘက်မှာ ရှမ်းဝန်ကြီးချုပ်အပြောင်းအလဲအပါအဝင် UEC ဥက္ကဌ၊ ဝန်ကြီးဌာန ဒုဝန်ကြီးနေရာ တချို့နဲ့ စစ်ဘက်မှာ အဆိုပါတိုင်းမှူး၊ ကစထမှူးရာထူးတွေအပြင် တိုက်ခိုက်ရေးတပ်မမှူး ၅ နေရာ အပြောင်းအလဲတွေလည်း ရှိခဲ့ပါတယ်။

စစ်ကိုင်းမြို့အခြေစိုက် အမှတ် ၃၃  ခြေမြန်တပ်မဌာနချုပ်(တမခ ၃၃)ရဲ့ တပ်မမှူးနေရာကို ရခိုင်၊ တောင်ကုတ်အခြေစိုက် အမှတ် ၅ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ဒုစကခမှူး ဗိုလ်မှူးကြီး အောင်ဇော်လင်းနဲ့ အစားထိုးခန့်အပ်ခဲ့ပြီး ယခင် တပ်မ ၃၃ တပ်မမှူး ဗိုလ်မှူးချုပ် ကျော်ဆက်မြင့် ကိုတော့ ဘယ်ကိုပြောင်းရွှေ့တယ်ဆိုတာ မသိရသေးပါဘူး။

ရှမ်းမြောက်ဒေသမှာ ယမန်နှစ် အောက်တိုဘာ ၂၇ ရက်ကစတင်ခဲ့တဲ့ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးတိုက်ပွဲတွေအတွင်း တိုင်းစစ်ဌာနချုပ်အခြေစိုက်ရာ လားရှိုးမြို့အပါအဝင် မြို့အနည်းငယ်သာကျန်တဲ့အထိ စစ်ကောင်စီတပ်က စစ်ရှုံးအရေးနိမ့်ခဲ့ပြီး တပ်၊ စခန်းတွေနဲ့ လက်နက်ခဲယမ်း အမြောက်အများဆုံးရှုံးခဲ့ရတာအပြင် မြေပြင်တပ်မမှူး ဗိုလ်မှူးချုပ်အဆင့်တွေပါ သေဆုံးတာနဲ့ဖမ်းဆီးခံရတာတွေ ရှိခဲ့တာပါ။

ပုံစာ - ကစထ ၂ မှူးအဖြစ်ရာထူးတိုးရခဲ့သည့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦး။

#မြေလတ်အသံ

#ရှမ်းမြောက် #တိုင်းမှူး #ရာထူးတိုး #ရှမ်းဝန်ကြီးချုပ် #နေရာအပြောင်းအလဲ #စစ်ခေါင်းဆောင် #စစ်ရှုံး #အရေးနိမ့်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10