ရှိမ်းမကားရဲစခန်း တိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံး

ရှိမ်းမကားရဲစခန်း တိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့ခြမ်းရှိ စစ်ကောင်စီအဖွဲ့တွေတပ်စွဲနေတဲ့ ရှိမ်းမကားရွာရဲစခန်းကို သြဂုတ် ၂၅ ရက် ဒီမနက်ပိုင်းမှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ ရွှေဘိုခရိုင်အမှတ် ၁၈ တပ်ရင်း၊ တပ်ခွဲ ၄၊ Bo Tiger - ဗိုလ်ကျားကြီးအဖွဲ့ဆီက သိရပါတယ်။ 

စစ်သား၊ ရဲနဲ့ ပျူစောထီးအင်အား ၁၀၀ လောက်တပ်စွဲနေတဲ့ ရှိမ်မကားရွာရဲစခန်းကို ဒီမနက် ၇ နာရီကနေ ၉ နာရီကျော်ထိ ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ 

“ရွာတခြမ်းလောက်ထိ ဝင်ရောက်စီးနင်းနိုင်ခဲ့တယ်။ စစ်အုပ်စုနဲ့ ၃ ကြိမ် တိုက်ခိုက်မှုဖြစ်ခဲ့တယ်။ သူတို့မြင် သူတို့ပစ်၊ ကိုယ်မြင် ကိုယ်ပစ် ပုံစံမျိုးနဲ့တိုက်ခိုက်ခဲ့တာ။ သူတို့ဘက်က ရဲမေတဦးနဲ့ စစ်ကောင်စီတပ်သားတဦးသေတယ်။” လို့ တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်ကျားကြီးက ပြောပါတယ်။ 

အဲ့ဒီနောက် ၉ နာရီ ၂၀ မိနစ်လောက်မှာတော့ တံတားဦးလေဆိပ်ဘက်ကနေ Y-12 လေယာဥ်တစီးရောက်လာပြီး တိုက်ပွဲဖြစ်ခဲ့တဲ့နေရာအနီးကို ၄ ကြိမ်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။ 

ရှိမ်းမကားရဲစခန်းမှာ စခန်းချနေတဲ့အဖွဲ့တွေဟာ ခမရ ၁၂ ကစစ်သားတွေ၊ နယ်မြေခံရဲတပ်သားတွေနဲ့ ရွာသာယာကျေးရွာက ပျူစောထီးတွေဖြစ်တယ်လို့လည်း ဆိုပါတယ်။ 

ဒီတိုက်ခိုက်မှုကို ရွှေဘိုခရိုင်အမှတ် ၁၈ တပ်ရင်း၊ တပ်ခွဲ ၄၊ Bo Tiger-ဗိုလ်ကျားကြီး၊ လျှပ်စီးတပ်ခွဲ မုံရွာခရိုင် အမှတ် ၁၂ တပ်ရင်း တပ်ခွဲ ၃၊ ရှိမ်းမကားတိုက်နယ် ပကဖနဲ့ နယ်မြေခံကာကွယ်ရေးအဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ ဩဂုတ် ၂၂ ရက်ကလည်း စစ်ကိုင်းမြို့နယ်အတွင်းက မြသိန်းတန်စေတီပေါ်မှာရှိတဲ့ စစ်ကောင်စီအဖွဲ့တွေကို  Bo Tiger-ဗိုလ်ကျားကြီးတပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဘက်က ၅ ဦး သေဆုံးပြီး PDF ရဲဘော် ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ဝက်လက် #ရှိမ်းမကား #စစ်ကောင်စီ #တိုက်ခိုက်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10