လက်နက်ကိုင် တော်လှန်ရေးဟာ ဘယ်သူ့အတွက်လဲ၊ ဘာကြောင့် လက်နက်ကိုင်တာလဲ (ပေးစာကဏ္ဍ)
“ဗိုလ်ချုပ်အောင်ဆန်းဟာ စစ်ဦးထုပ်ကိုချွတ်ပြီး နိုင်ငံရေးခေါင်းပေါင်း ပေါင်းခဲ့ပါတယ်။ ယခုခေတ် လွှတ်တော်ကိုယ်စားလှယ်တွေကတော့ ဗိုလ်ချုပ်လမ်းစဉ်နဲ့ အရှေ့နဲ့အနောက်၊ တောင်နဲ့မြောက်ပမာ ဆန့်ကျင်နေပါတယ်။
လွှတ်တော်ကိုယ်စာလှယ်တွေဟာ နိုင်ငံရေးအရလုပ်ဆောင်ရမယ့်အရာတွေ မလုပ်ဆောင်ဘဲ စစ်ယူနီဖောင်းဝတ် ခါးပိုက်ဆောင်တပ်တွေထောင်ပြီး ထင်ရာဆိုင်းနေတာဟာ ကြီးမားတဲ့ အခက်အခဲ တစ်ခုပါပဲ”
- ဖိုးစနေ
ဖေဖော်ဝါရီ ၁ ရက် အကြမ်းဖက်စစ်အုပ်စုက ပြည်သူ့အာဏာကို မတရား လုယူခဲ့ပါတယ်။ မြန်မာပြည်အနှံ့အပြားမှာ ပြည်သူက ဦးဆောင်တဲ့ လူထုသပိတ်တိုက်ပွဲကို ပြည်သူတရပ်လုံး ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။ အကြမ်းမဖက်အာဏာဖီဆန်ရေး လူထုသပိတ်တိုက်ပွဲကို လက်နက်မဲ့စွာ တော်လှန်ခဲ့သော်လည်း လူစိတ်ကင်းမဲ့သော စကစဟာ လူသတ်လက်နက်တွေနဲ့ ပြည်သူကို သတ်ဖြတ်ခဲ့ပါတယ်။
အဲတော့ ကျနော်တို့ တော်လှန်ရေးရဲဘော် အများစုဟာ အော်နေရုံနဲ့ မပြီးတန်ဘူး။ နိုင်ရာလက်နက်၊ ရှိရာလက်နက်နဲ့ တိုက်ပွဲဝင်မှ ရလိမ့်မယ်ဆိုတဲ့ အင်မတန် ကောင်းမွန်တဲ့ ရည်ရွယ်ချက်တွေနဲ့ လက်နက်ကိုင် တော်လှန်ရေးဆင်နွှဲပြီး တော်လှန်ရေး တဆင့်မြှင့်ခဲ့ကြပါတယ်။ တော်လှန်ရေး တဆင့်မြင့်ခဲ့လေသလား နှိမ့်ခဲ့လေသလားတော့ ဆက်လေ့လာဖို့ လိုပေလိမ့်မည်။
လက်နက်ကိုင်တော်လှန်ရေးအစမှာ တူမီးသေနက်ကိုင်စွဲပြီး လက်နက်ချင်းမမျှတဲ့ကြားက ဘာစစ်ရေးအတွေ့အကြုံမှ မရှိ၊ ဘာသင်တန်းမှ မတက်ရသေးဘဲ၊ အသက်စွန့်တိုက်ပွဲဝင်နေကြတာ အင်မတန်မှ အားရဖွယ် ဖြစ်ပါတယ်။
ထိုမှ တဆင့်တက်လို့ လက်နက်ကိုင်တော်လှန်ရေး ရဲဘော်တွေကို သင်တန်းပေးကြတယ်။ ဆိုပါတော့ "ဘာလုပ်နေလဲ၊ ဘာလုပ်နေတယ်၊ လေ့ကျင့်နေတယ်၊ လေ့ကျင့်နေတယ်၊ ဘာလုပ်ဖို့လဲ၊ ဘာလုပ်ဖို့လဲ၊ တိုက်ပွဲဝင်ဖို့၊ တိုက်ပွဲဝင်ဖို့၊ ဘယ်သူ့အတွက်လဲ ဘယ်သူ့အတွက်လဲ ပြည်သူ့အတွက်ပဲ ပြည်သူ့အတွက်ပဲ" တကယ်ပြည်သူအတွက်လားဆိုတာကတော့ ဆက်လေ့လာဖို့ လိုပေလိမ့်မယ်။
ရဲဘော်တွေ တောင်းဆိုတဲ့အသံတွေ ကြားလာရတယ်။ လက်နက်ပေးပါ၊ လက်နက်ပေးပါ။ NUG က ပေးတဲ့ လက်နက်တွေရှိသလို ကိုယ်ထူကိုယ်ထ ရှာကြံဝယ်တဲ့ လက်နက်တွေလည်း ရဲဘော်တွေ ကြားထဲမှာ ရောက်လာတယ်။ အဲဒီမှာ ပြဿနာ စတော့တာပဲ။ လက်နက်တွေရှိလာကြသော်လည်း ရှိသင့်ရှိအပ်တဲ့အရာတွေ မရှိသေးတာက လက်နက်ကိုင်တော်လှန်ရေးရဲ့ အခက်အခဲ တစ်ခုပဲ။ ဘာတွေလဲဆိုတော့
*အမိန့်နာခံမှု အားနည်းတာတွေ
*စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်တွေ မလိုက်နာတာတွေ
*သိမှု အားနည်းတာတွေ
*နိုင်ငံရေးအတွေးအခေါ် အသိအမြင် အားနည်းမှုတွေ
ဒါတွေက လက်နက်ကိုင်တော်လှန်ရေးမှာ အင်မတန်လိုအပ်နေတယ်လို့ ကျနော်တဦးတည်းအနေနဲ့ ရှုမြင်မိပါတယ်။ မှားကောင်းမှားနေပါလိမ့်မယ်။
နောက်ထပ် ဘာတွေ လိုအပ်နေသေးလဲဆိုရင် ပြည်သူကို ဗဟိုပြုမှု အားနည်းနေတာကို တွေ့ မြင်ရပါတယ်။ တော်လှန်သူအားလုံးဟာ ပြည်သူ့ဝန်ထမ်းတွေ ဖြစ်ပါတယ်။ ဒီလိုခံယူချက်ရှိဖို့လည်း အင်မတန် လိုအပ်ပါတယ်။ ဒီလိုမဟုတ်ဘဲ ငါတို့အသက်ပေးထားရတာပဲကွာဆိုပြီး ပြည်သူအပေါ် မောက်မာနေရင်တော့ ဒါဟာ စစ်မှန်တဲ့ ပြည်သူ့တော်လှန်ရေး မဟုတ်တော့ပါဘူး။ ကျနော်တို့ဟာ တော်လှန်ရေးသမားအစစ် ဖြစ်ဖို့ လိုအပ်ပါတယ်။
နောက်ထပ် ကြီးမားတဲ့ အခက်အခဲတစ်ခု ရှိနေပါသေးတယ်။
ဗိုလ်ချုပ်အောင်ဆန်းဟာ စစ်ဦးထုပ်ကို ချွတ်ပြီး နိုင်ငံရေးခေါင်းပေါင်း ပေါင်းခဲ့ပါတယ်။ ယခုခေတ် လွှတ်တော်ကိုယ်စားလှယ်တွေကတော့ ဗိုလ်ချုပ်လမ်းစဉ်နဲ့ အရှေ့နဲ့အနောက်၊ တောင်နဲ့မြောက်ပမာ ဆန့်ကျင်နေပါတယ်။
လွှတ်တော်ကိုယ်စာလှယ်တွေဟာ နိုင်ငံရေးအရ လုပ်ဆောင်ရမယ့်အရာတွေ မလုပ်ဆောင်ဘဲ စစ်ယူနီဖောင်းဝတ် ခါးပိုက်ဆောင်တပ်တွေထောင်ပြီး ထင်ရာဆိုင်းနေတာဟာ ကြီးမားတဲ့ အခက်အခဲ တစ်ခုပါပဲ။
ဒီထက်ပိုဆိုးတာက မြို့နယ်အတွင်းမှာ လွှတ်တော်ကိုယ်စားလှယ် နှစ်ယောက်ရှိရင် တယောက်နဲ့ တယောက် မတည့်ကြတာပါပဲ။ တယောက်ကွယ်ရာ တယောက် မကောင်းပြောတာက အင်မတန် ဆိုးဝါးတဲ့၊ စည်းလုံးရေး ပျက်ပြားမှု ဖြစ်ပါတယ်။
လွှတ်တော်ကိုယ်စားလှယ်တွေ ကြားထဲမှာပဲ ဒီလိုမျိုး စည်းလုံးမှု ပျက်ပြားနေတာလားဆိုတော့ မဟုတ်ပါဘူး။ အရပ်ဘက်တော်လှန်ရေး အင်အားစုတွေ ကြားထဲမှာလည်း ဒီလိုကိစ္စတွေ ရှိပါတယ်။
အားနည်းချက်တွေပဲ ထောက်ပြနေလို့ လက်နက်ကိုင်တော်လှန်ရေး အင်အားစုတွေအားလုံးဟာ အတူတူပဲလားဆိုတော့ မဟုတ်သေးပါဘူး။
တချို့သော လက်နက်ကိုင် အင်အားစုတွေဟာဆိုရင် အမိန့်နာခံမှု စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်တွေလိုက်နာမှု စတဲ့အရာတွေ အားကောင်းကြတာကို တွေ့ရပါတယ်။ ထို့အပြင် တော်လှန်ပြည်သူတွေနဲ့ တသားတည်းကျဖို့ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းတွေကို လိုက်ပါဆောင်ရွက်နေတာကို တွေ့ရပါတယ်။
*ပြည်သူကျန်းမာရေး စောင့်ရှောက်မှုပေးတာ
*စစ်ဘေးရှောင် ပြည်သူတွေကို ကူညီစောင့်ရှောက်မှု ပေးတာတွေ
*စကစ မီးရှို့ ဖျက်ဆီးတဲ့အခါ မီး ကူညီငြှိမ်းသတ်ပေးတာတွေ
*စစ်ရေးကိစ္စတွေမရှိတဲ့အခါ တောင်ယာလုပ်ငန်းတွေ ကူညီလုပ်ကိုင်ပေးတာတွေ ......
စတဲ့ စတဲ့ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းတွေကို ကူညီဆောင်ရွက်နေတာတွေကို တွေ့ရပါတယ်။
ဒါတွေတင်မကပဲ ဦးဆောင်သူတွေဟာ ရဲဘော်တွေကို နိုင်ငံရေးအတွေးအခေါ် တပ်ဆင်ပေးမှုတွေ လုပ်ဆောင်ပေးတာကို တွေ့ရပါတယ်။
ထို့ကဲ့သို့ စည်းစနစ်ကျတဲ့ လက်နက်ကိုင်အဖွဲ့အစည်းဟာ အနည်းစုသာ ဖြစ်ပါတယ်။
အနည်းစုသာ ဖြစ်ပါတယ်ဆိုတော့ အများစုက ဘယ်လိုမျိုးလည်းဆိုရင် ပြည်သူထောက်ပံ့တဲ့ လက်နက်နဲ့ ပြည်သူကို မောက်မာလာတာတွေ လက်နက်ကိုင်တော်လှန်ရေးလုပ်ရင်း လက်နက်ပွဲစား ဖြစ်လာတာတွေ ပြည်သူ့ငွေ အလွဲသုံးစားလုပ်မှုတွေ အဆိုးဆုံးကတော့ ချောင်းဦးမှာ ဖြစ်ခဲ့သလို မုဒိမ်းမှု လူသတ်မှုတွေ ကျူးလွန်ခဲ့တဲ့ အဆိုးဝါးဆုံး လုပ်ရပ်တွေပါပဲ။
ဒါကြောင့် လက်နက်ကိုင်တော်လှန်ရေးကို ဆင်နွှဲတဲ့အခါ လက်နက်ဟာ ရန်သူ့အတွက်၊ ပြည်သူ့အတွက် မဟုတ်ဆိုတဲ့ သတိကပ်၊ ငါတို့လက်နက်ကိုင်တာဟာ ဖက်ဒရယ်ပန်းတိုင်ကို သွားတဲ့လမ်းမှာ အတားအဆီး ဖြစ်နေတဲ့အရာတွေ ခုတ်ထွင် ရှင်းလင်းဖို့ဆိုတဲ့ အသိစိတ်နဲ့ တော်လှန်တိုက်ပွဲဝင်ပေးကြဖို့ တိုက်တွန်းလိုက်ပါတယ်။
အပြုသဘောဖြင့်
ဖိုးစနေ
(ကြောက်ကြောက်ဖြင့် ရေးလိုက်သည်)
#မြေလတ်အသံ
Share
Share
Share