လက်နက်ချအလင်းဝင်ဖို့ ပြောဆိုလာတဲ့ စစ်ကောင်စီကို PDF တွေ ဘယ်လိုတုံ့ပြန်ထားလဲ

လက်နက်ချအလင်းဝင်ဖို့ ပြောဆိုလာတဲ့ စစ်ကောင်စီကို PDF တွေ ဘယ်လိုတုံ့ပြန်ထားလဲ

စစ်ကောင်စီက PDF တွေကို လက်နက်ချအလင်းဝင်ရင် လက်ခံမယ်လို့ ပြောဆိုလိုက်တဲ့ အ‌ပေါ်မှာ တော်လှန်ရေးတပ်ဖွဲ့ ခေါင်းဆောင်အချို့က တုံ့ပြန်မှုတွေရှိခဲ့ပါတယ်။

တော်လှန်ရေးကာလ တနှစ်ကျော်ကြာလာတဲ့ ကာလအတိုင်းအတာမှာ PDF ရဲဘော်တွေရဲ့ ပင်ပန်းဆင်းရဲမှုဒဏ်တွေ၊ အိမ်ကိုလွမ်းနေတဲ့ဒဏ်တွေအပြင်  ပြည်သူလူထုရဲ့ထောက်ပံ့မှုတွေ အရင်ကထက် အားလျော့လာတဲ့ အချိန်မှာ စစ်ကောင်စီက တော်လှန်ရေးအာပျော့သွားအောင် သပ်လျိုသွေးခွဲနေတာဖြစ်တယ်လို့ PRA မကွေး စစ်ဦးစီးချုပ် ဟာကျူလီက ပြောပါတယ်။

" ဒါပေမယ့် စစ်ကောင်စီအုပ်စုက မသိတဲ့ ကိစ္စက သူတို့က လှုပ်ရှားမှု တခုခုပြလိုက်တိုင်း၊ ပြည်သူလူထုက စည်းလုံးသွားတယ်၊ ပိုပြီးညီညွတ်သွားတယ်၊ အရင်ကျဆင်းနေတဲ့ စိတ်ဓါတ်တွေတောင် ပြန်ပြီးတက်လာတယ်ပေါ့နော်၊ ဒီအနေထားကို သူတို့တွေ မသုံးသပ်မိကြဘူး" လို့ ပြောပါတယ်။

ပဲခူးတိုင်းအတွင်း လှုပ်ရှားနေတဲ့ တောင်ငူခရိုင် PDF တပ်ရင်း ၃၅၀၁ အနေနဲ့ လည်း ပြည်သူလူထုကို ကိုယ်စားပြုထားတဲ့ အဖွဲ့တခုဖြစ်တာကြောင့် စစ်ကောင်စီရဲ့ ကမ်းလှမ်းချက်ကို ဘယ်လိုမှ လက်ခံမှာမဟုတ်ဘူးလို့ တောင်ငူခရိုင် PDF  တပ်ရင်း ၃၅၀၁ရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

" စစ်ကောင်စီလိုမျိုး ပြည်သူကို လက်နက်အားကိုးနဲ့ ရိုင်းစိုင်းယုတ်မာနေတဲ့အဖွဲ့အစည်းမျိုးက လက်နက်ချအလင်းဝင်းပူးပေါင်းပါဝင်ပါဆိုတဲ့ စကားမျိုးကို ဘယ်လိုအကြောင်းကြောင်းကြောင့်မှ လက်သင့်ခံမှာမဟုတ်ကြောင်း ပြတ်ပြတ်သားသားငြင်းဆိုတာပါ"လို့ ပြောပါတယ်။

ဒါ့အပြင် PDF တွေဘက်က စစ်ကောင်စီရဲ့တပ်သားတွေကို အရှင်ဖမ်းမိတဲ့အခါ NUG ရဲ့ ကာကွယ်‌ရေးဝန်ကြီးဌာန လမ်းညွှန်ချက်နဲ့ အညီ ထိန်းသိမ်းပြီး ပြန်လွှတ်ပေးတာမျိုး‌တွေ လုပ်ခဲ့ပေမယ့် စစ်ကောင်စီဘက်က PDF ရဲဘော်တွေကို နှိပ်စက်ပြီး ‌စစ်ဆေးမေးမြန်းတာတွေလုပ်တဲ့အပြင် နောက်ဆုံးသတ်ဖြတ်တဲ့အဆင့်အထိ လုပ်ခဲ့တဲ့ စစ်ကောင်စီလက်အောက်ကို စစ်ကျွန်ဘဝနဲ့ ပြန်ဝင်ပြီး အရိုးထုတ်မှာ မဟုတ်ဘူးလို့လည်း ထုတ်ပြန်ထားပါသေးတယ်။

မကွေးတိုင်းအတွင်းမှာ အရှိုချင်းလူမျိုး ကိုယ်စားပြုပြီး စစ်ကောင်စီကို တော်လှန်နေတဲ့ PDF တပ်ဖွဲ့တခုဖြစ်တဲ့ ACDF အနေနဲ့ ကလည်း စပြီးတော်လှန်ကတည်းက အလင်းဝင်ဖို့ လက်နက်ချဖို့ကို စဥ်းစားဖို့ နေရာမရှိခဲ့ဘူးလို့ အရှိုချင်းကာကွယ်ရေးတပ် - ACDF ရဲ့ အထွေထွေအတွင်းရေးမှူး Salai Gueva  က ပြောပါတယ်။

အလင်းဝင်ဖို့ ပြောဆိုလာတဲ့ အဖွဲ့အစည်းကိုက အလင်းရောင်ရှိမနေပဲ တော်လှန်ရေးရဲဘော်တွေဘက်မှာသာ အလင်းရောင်ရှိတဲ့ ဘက်ဖြစ်လို့ အလင်းဝင်ဖို့ကို စိတ်ကူးထဲမှာတောင် ရှိမနေဘူးလို့ Salai Gueva က ပြောပါတယ်။

" ကျနော်တို့ ဝင်သွားရမဲ့ နေရာကိုယ်တိုင်က အလင်းရောင်ဖြစ်မနေတဲ့ အတွက်ကြောင့် အလင်းဝင်ဖို့ကို စိတ်ကူးထဲတောင် ရှိမနေဘူး ၊ ကျနော်တို့တပ်မှာရှိတဲ့ တပ်သားတွေအားလုံး ရဲဘော်တွေအားလုံး ပူးပေါင်းပါဝင်သူတွေ အားလုံးအနေနဲ့က စိတ်ထဲမှာကို ဒီကိစ္စနဲ့ ပက်သတ်ပြီးတော့ ထားမထားဘူးလို့ ပထမအချက်အနေနဲ့ ပြောချင်ပါတယ်။" လို့ သူက ပြောပါတယ်။

စစ်ကောင်စီဘက်ကလည်း နိုင်ငံရေးအရ သဘောထားကွဲလွဲမှု၊ တိုင်းရင်းသားအရေးအရသဘောထားကွဲလွဲမှုများကြောင့် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများဖြစ်ပွားခဲ့ရပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို ထိခိုက်ခဲ့ရပါသည် လို့ ထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။

အဲ့ဒီလို ပြောဆိုထားတဲ့ အချက်အပေါ်မှာ တိုင်းရင်းသားအရေးနဲ့ ပက်သက်ပြီး အရှိုချင်းကာကွယ်ရေးတပ်ဖွဲ့ က အထွေထွေအတွင်းရေးမှူးဖြစ်သူက " တကယ်တော့ တိုးတက်မှုတွေ နှောင့်နှေးခဲ့တယ် တိုင်းရင်းသား အရေးတွေ ဆိုတာထက် လူကို လူလိုမမြင်တဲ့ အခြေအနေတွေ လူကိုလူလို အုပ်ချုပ်ခြင်း မခံရတာတွေ၊ သဘောထားခြင်းမခံရတာတွေအတွက်ကြောင့် တိုင်းရင်းသားမှ မဟုတ်ပါဘူး တနိုင်ငံလုံး ကျနော်တို့ နိုင်ငံနဲ့ ဆက်နွယ်သူတွေ အားလုံး  ဒုက္ခအတိရောက်တဲ့ အတွက်ကြောင့်မလို့ လက်နက်ကိုင်ရတာပါဖြစ်လို့ သူတို့ပြောတာကို လက်မခံနိုင်ပါဘူး" လို့ 
ပြောပါတယ်။

စစ်ကောင်စီဘက်က အခုလို PDF  တွေကို လက်နက်ချအလင်းဝင်ဖို့ မပြောဆိုခင် အရင်လပိုင်း‌ကပဲ မနေ့တနေ့ကမှ ပေါ်ပေါက်လာတဲ့ PDF မပါဝင်ပဲ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ပဲ ငြိမ်းချမ်းရေးဆွေးနွေးမယ်ဆိုပြီး စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင်တွေ့ဆုံဆွေးနွေးသွားခဲ့ပေမယ့် သွားရောက်ဆွေးနွေးသူ အချို့သာရှိခဲ့ပါတယ်။

အဲ့ဒီလို တိုင်းရင်းသားလက်နက်ကိုင်တွေကို ခေါ်တွေ့ရတဲ့ အကြောင်းအရင်းနဲ့ ‌နွေဦးတော်လှန်ရေးမှာ ပေါ်ပေါက်ခဲ့တဲ့ PDF တွေကို လက်နက်ချအလင်းဝင်ဖို့ ပြောဆိုတာဟာ  ကွာခြားမှုရှိတယ်လို့ PRA မကွေးရဲ့ စစ်ဦးစီးချုပ် ဟာကျူလီက ပြောပါတယ်။

" EAOs တွေကို ခေါ်တွေ့တယ်ဆိုတာက သူတို့ရဲ့ အဖွဲ့အစည်းတရပ်ကို နိုင်ငံရေးအရ သူတို့အပေါ်မှာ ထောက်ခံမှုရှိအောင် ၊ သူတို့အနေနဲ့ နာမည်ဂုဏ်သတင်းတက်ဖို့အတွက် အယောင်ဆောင်ပေါ့ ဟန်ဆောင် ဖက်ဒရယ်ကိစ္စ ဘာကိစ္စ အကြောင်းပြုပြီးမှ တွေ့ဆုံဆွေး‌နွေးဖို့အတွက် လုပ်တယ်လို့ ထင်ပါတယ်" လို့ ဟာကျူလီက ပြောပါတယ်။

PDF  တွေကိုတော့ အကြမ်းဖက် အဖွဲ့အစည်းအဖြစ်နဲ့ ပဲ သတ်မှတ်ထားပြီး အဖွဲ့အစည်းအတွင်းမှာရှိတဲ့ ရဲဘော်တွေ တပ်ဖွဲ့ဝင်တွေ အချင်းချင်း သွေးစည်းညီညွတ်မှု ပျက်ပြားအောင် အင်အား ယုတ်လျော့အောင်ဆောင်ရွက်တာဖြစ်တယ်လို့ ‌သူက ဆက်ပြောပါတယ်။

 အခုလို သွေးခွဲဖို့ အင်အားယုတ်လျော့အောင်လုပ်ဖို့အတွက် စစ်ကောင်စီက တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ NUG ကြားဖြစ်နေတဲ့ ပွတ်တိုက်မှုတွေ ၊ တော်လှန်ရေးတပ်ဖွဲ့ အချင်ချင်းကြားမှာ ဖြစ်နေတဲ့ ပဋိပက္ခအချို့ကို သိထားတာကြောင့်အချိန်ကောင်းကို စောင့်ပြီး အခုလိုပြောဆိုလာတာဖြစ်နိုင်တယ်လို့ ACDF က မှတ်ချက်ပြုထားပါတယ်။

" သဘောထားကွဲလွဲကြတာတော့ ရှိပါတယ် နယ်ပယ်တိုင်း၊ အဲ့လိုမျိုးတွေ ရှိတယ်ဆိုတော့ ဒီအပေါ်တွေမှာ တော်လှန်ရေးတပ်ဖွဲ့တွေ အချင်းချင်း အနည်းငယ်သွေးကွဲလာပြီဆိုတဲ့ အချိန်မှာ သူတို့ဘက်ကနေပြီးတော့ လာရောက်အလင်းဝင်လို့ရှိရင်၊ ခိုလုံရင် တပ်သားတွေအနေနဲ့ စိတ်ညစ်ရတဲ့ သူတွေရှိမယ် တော်လှန်ရေးကို စိတ်ကုန်နေတဲ့ သူတွေ စိတ်နာနေတဲ့ သူတွေ အနေနဲ့ အလင်းဝင်လာလို့ရှိရင်တော့ သူတို့ရဲ့ စိတ်နာကျည်းမှုတွေ သက်သာမယ် တကယ်လည်း လွတ်မြောက်အေးချမ်းသွားမယ်လို့ ယူဆစေချင်တဲ့ အတွက် ဒီအကွက်ကို သုံးပြီးတော့ ဒီဘက်ကနေ အနည်းငယ် သွေးကွဲမှုတွေ သဘောထားကွဲလွဲမှုတွေ အနည်းငယ်လေးပဲ ရှိတယ်ဆိုတဲ့ အချက်ကို ကြည့်ပြီးတော့မှ ဒီဗျူဟာကို သုံးလိုက်တယ် လို့ ထင်ပါတယ်" လို့ ACDF အထွေထွေအတွင်းရေးမှူး Salai Gueva က ပြောပါတယ်။

ပဲခူးတိုင်း PDF တောင်ငူခရိုင်တပ်ရင်း ၃၅၀၁ က တာဝန်ရှိသူကတော့ အခုလို စစ်ကောင်စီက ပြောဆိုလာတာဟာ စစ်ကောင်စီရဲ့ ယိမ်းယိုင်လာတဲ့ ပြယုဒ် တခုလို့ပဲ မြင်မိတယ်လို့ မှတ်ချက်ပြုထားပါတယ်။

ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလကတည်းက စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုတွေကစပြီး တော်လှန်လာခဲ့ရင်းက လက်နက်ကိုင်တိုက်ပွဲဝင်ခဲ့တဲ့ အခုအချိန်အထိ တိုးတက်လာခဲ့တဲ့ တော်လှန်ရေးရဲ့ ရေချိန်ဟာ အခုလို စစ်ကောင်စီက အလင်းဝင်ဖို့ ဖိတ်ခေါ်လာရတဲ့ အခြေအနေအထိ ရောက်လာခဲ့ပြီဖြစ်ပါတယ်။

တ‌ရွေ့ရွေ့နဲ့ လျှောက်လာခဲ့တဲ့ တော်လှန်ရေးကို နောက်ပြန်လှည့်ကြည့်ရင် လျှောက်လာခဲ့တဲ့ ခြေရာတွေ မနည်းမနော တွေ့ရမှာခြင်းအားဖြင့် ခရီးရောက်နေပြီဖြစ်သလို အောင်မြင်မှုအချို့ကိုလည်း ရသင့်သလောက်ရနေခဲ့ပြီးဖြစ်လို့ တော်လှန်ရေးရဲ့ အလားအလာကိုလည်း အားလုံးသိနေပြီးဖြစ်တယ်လို့ စစ်ဦးစီးချုပ် ဟာကျူလီက ဆိုပါတယ်။

" အဲ့တော့ လက်တလောဒုက္ခတွေ လက်တလော စိတ်ပျက်မှုတွေ အားငယ်မှုတွေကို ကျနောတို့က မြိုသိပ်ပြီးတော့မှ ဖြေသိမ့်ပြီးတော့မှ ကျနောတို့ ရှေ့ဆက်ချီတက်နိုင်ဖို့ အဆုံးထိ ပန်းတိုင်ထိသွားနိုင်ဖို့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်တဲ့ အနေအထားထိ သွားနိုင်ဖို့ အတွက် အင်တိုက်အားတိုက်နဲ့ ကျနော်တို့ သွားဖို့လိုတယ်၊ ရေပက်မဝင်တဲ့ စည်းလုံးညီညွတ်မှုမျိုး ကျနော်တို့ ဖြစ်ဖို့လိုတယ်" 

မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10