လက်နက်ထောက်ပံ့မှုမရလို့ တိုက်ပွဲတွေရပ်လိုက်တဲ့ ပုလဲဂျိုကာတပ်ဖွဲ့ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင်အတွင်း စစ်အာဏာရှင်ကို လက်နက်ကိုင်တော်လှန်နေတဲ့ ပုလဲဂျိုကာအဖွဲ့က ပြီးခဲ့တဲ့ မတ်လ ၆ ရက်ကစပြီး တိုက်ပွဲတွေ ရပ်နားတော့မှာ ဖြစ်တယ်လို့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကစလို့ ပုလဲမြို့နယ်မှာ ကျည်တချက်မဖောက်၊ မိုင်းတလုံးမခွဲခင် အချိန်ကစလို့ တော်လှန်ရေးမှာ ပါဝင်လာခဲ့တာလို့ ဆိုထားပါတယ်။


တိုက်ပွဲရပ်နားလိုက်ရတဲ့ အဓိက အချက်ကတော့ NUG ဆီက ထောက်ပံ့တဲ့ လက်နက်ခဲယမ်း လုံးဝမရရှိလို့ ရပ်နားဖို့ ဆုံးဖြတ်လိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။

လက်နက်ကိုင်တော်လှန်ရေးရဲ့ အစမှာတော့ ဒေသခံလက်နက်ကိုင်အဖွဲ့ တခုအနေနဲ့ မိုင်းကို အဓိကထား တိုက်ခိုက်ခဲ့ပြီး လက်လုပ်သေနတ်နဲ့ ကိုယ်တိုင်လုပ် လက်နက်ကြီးတွေလည်း ပါဝင်ပါတယ်။

ဒေသခံအဖွဲ့တခုအနေနဲ့ ရပ်တည်နေရင်းက NUG ရဲ့ COC အောက်မှာ ရှိမနေရင် လက်နက်ထောက်ပံ့မှု မရရှိနိုင်ဘူးဆိုတဲ့ သတ်မှတ်ချက်တွေရှိလာလို့ အခက်အခဲတွေကြားက NUG ရဲ့ တပ်ရင်းတပ်ဖွဲ့အောက်ကို ရောက်လာခဲ့တာ ဖြစ်ပါတယ်။

ယင်းမာပင်ခရိုင် တပ်ရင်း၁၉ အဖြစ် NUG MOD ရဲ့ တရားဝင် တပ်ရင်းတခုဖြစ်လာခဲ့တဲ့ နောက်ပိုင်းမှာလည်း သက်စောင့်လက်နက်ရရှိနိုင်ရန် တောင်းခံထားပေမယ့် အခုအချိန်အထိ အကြောင်းတစုံတရာမပြန်ဘဲ လျစ်လျူရှုခံထားရတယ်လို့ ဆိုပါတယ်။

လက်နက်အင်အားနည်းပါးတာ၊ ဘဏ္ဍာရေးအခက်အခဲတွေကြောင့် တိုက်ပွဲတွေကို ရပ်နားထားမှာဖြစ်ပေမယ့် စခန်းမှာတော့ လက်နက်ကြီးထုတ်လုပ်တာ မိုင်းထုတ်လုပ်တာတွေကို ဆက်လုပ်နေမှာ ဖြစ်ပါတယ်။

တိုက်ပွဲရပ်နားထားပေမယ့်လည်း စစ်ကောင်စီဘက်က နယ်မြေကျူးကျော်လာရင်တော့ ခုခံတိုက်ခိုက်သွားဖို့တော့ ပြင်ဆင်ထားပြီးလည်း ဖြစ်ပါတယ်။

တည်းဖြတ် - ဇို
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10