လက်ဖက်ရည်ဆိုင်ထိုင်နေတဲ့ စရဖ ၁ ဦးအသတ်ခံရ

လက်ဖက်ရည်ဆိုင်ထိုင်နေတဲ့ စရဖ ၁ ဦးအသတ်ခံရ

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ပခုက္ကူနည်းပညာတက္ကသိုလ် (TU) ကျောင်းအနီးက လက်ဖက်ရည်ဆိုင်မှာ စစ်ကောင်စီရဲ့ စစ်ဘက်ရေးရာလုံခြုံရေး (စရဖ) တပ်ဖွဲ့ဝင် ၁ ဦးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ဧပြီ ၂၅ ရက်မှာ Southern YSO PDF က သတင်းထုတ်ပြန်ပါတယ်။

ဧပြီ ၂၄ ရက် မနက် ၇ နာရီခန့်မှာ ပခုက္ကူမြို့အခြေစိုက် ခလရ  ၂၅၂ အတွင်း အခြေပြုနေတဲ့ စရဖတပ်ဖွဲ့ဝင် တပ်သား ကျော်နိုင်ဝင်းကို ပစ်ခတ်ခဲ့ရာ ခေါင်းနဲ့လက်တွေကိုကျည်ထိမှန်ပြီး နေရာတင်သေဆုံးခဲ့တာလို့ ဆိုပါတယ်။

"သူကိုစောင့်ကြည့်နေတာကြာပြီ။ သူကိုရှင်းရင်လည်း ဘာမှမရနိုင်လို့ ဖမ်းဆီးပြီး သတင်းရယူဖို့ ကြိုးစားတာ။ သူကထွက်ပြေးလို့ ပစ်ခတ်ရှင်းလင်းလိုက်ရတာ။ သူဆီကနေတော့ ဖုန်းတလုံးရခဲ့တယ်"လို့ Southern YSO PDF တာဝန်ခံ ကိုအောင်မောင်းကပြောပါတယ်။

တပ်သား ကျော်နိုင်ဝင်းဟာ ကျောက်လှေခါးရွာအနီးရှိ TU ဂိတ်မှာ ၂ နှစ်နီးပါး တာဝန်ကျနေသူဖြစ်ပြီး ဂိတ်ပတ်လည် မိုင်းဆင်တာ၊ ကင်းမှူးတာဝန်နဲ့ ဂိတ်စောင့်တာဝန်တွေကို ယူထားသူဖြစ်တယ်လို့ ဆိုပါတယ်။ 

သူ့ဆီကနေ ဖုန်း ၁ လုံး သိမ်းဆည်းရရှိခဲ့ပြီး ဖုန်းထဲမှာ PDF ထောက်ပို့တွေရဲ့ နေအိမ်အချက်အလက် မြေပုံတွေ၊ PDF တွေတပ်ဆင်ထားတဲ့ မိုင်းပွိုင့်နေရာအချက်အလက်တွေ၊  စစ်တပ်သတင်းပေးတွေနဲ့ ဆက်သွယ်ထားတဲ့ အချက်အလက်တွေကိုလည်း တွေ့ရတယ်လို့ ကိုအောင်မောင်းက ဆိုပါတယ်။

ဒီတိုက်ခိုက်မှု ပြည်သူ့အားမာန် PDF အဖွဲ့နဲ့ Southern YSO PDF တို့က နတ်မိကျောင်း စစ်ဆင်ရေးအဖြစ် ဆောင်ရွက်ခဲ့တာလို့ သိရပါတယ်။

၂၀၂၃ နိုဝင်ဘာ ၄ ရက်ကလည်း ပခုက္ကူမြို့နယ်၊ ညောင်ဂျစ်ပင်ပျူကျေးရွာကို တော်လှန်ရေး အဖွဲ့တွေဘက်က ဝင်ရောက်တိုက်ခိုက်ပြီး စစ်တပ်သတင်းပေး ၁ ဦးနဲ့ ပျူစောထီး ၃ ဦးကို ပစ်ခတ်ရှင်းလင်းပြီး သေနတ် ၁ လက်နဲ့ ကျည် ၃ တောင့် သိမ်းဆည်းရခဲ့တယ်လို့ သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #ပခုက္ကူ #ခလရ၂၅၂ #စရဖ #အသတ်ခံရ #ပဋိပက္ခ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10