လပခကို ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်မှုမှာ စစ်ကောင်စီဘက်က သေဆုံးသူများခဲ့ဟုဆို

လပခကို ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်မှုမှာ စစ်ကောင်စီဘက်က သေဆုံးသူများခဲ့ဟုဆို

 

မန္တလေးက နန်းတွင်းအလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို PDF ပူးပေါင်းတပ်ဖွဲ့တွေ စက်တင်ဘာ ၃ ရက် မနက် ၄ နာရီဝန်းကျင်လောက်မှာ ရှော့တိုက်ဒုံးတွေနဲ့ပစ်ခတ်ခဲ့တာ စစ်ကောင်စီဘက်က သေဆုံးသူ ၁၅ ဦးအထိရှိလာပြီလို့ စက်တင်ဘာ ၄ ရက်မှာ Brave Warriors for Myanmar - BWM က ထုတ်ပြန်ခဲ့ပါတယ်။

ပစ်ခတ်လိုက်တဲ့ ၁၂၀ မမ ရှော့တိုက်ဒုံးတွေဟာ စစ်ဆေးရုံနဲ့ စစ်မြေပြင်ဆေးတပ်ရင်းထဲကို ၂ လုံး၊ စည်းရုံးရေးသင်တန်းကျောင်းထဲကို ၁ လုံး၊ လပခတိုင်းရုံးထဲကို ၂ လုံးကျရောက်ပေါက်ကွဲသွားလို့ အရာရှိအပါအဝင် စုစုပေါင်း ၇  ဦးသေဆုံးသွားသလို အယောက် ၂၀ ကျော်ဒဏ်ရာရရှိခဲ့တာပါ။ 

ဒဏ်ရာရသူတွေထဲက နောက်ထပ် ၈ ဦး သေဆုံးသွားပြီး ရှော့တိုက်ဒုံး ၁၀လုံးပစ်ခတ်ခဲ့ပေမယ့် ၇ လုံးပေါက်ကွဲမှုရှိခဲ့တယ်လို့ သိရပါတယ်။

“မနေ့(စက်တင်ဘာ၄ရက်)က ညနေ ၄ နာရီလောက်မှာ လူနာတင်ယာဉ် ၁၀ စီးနဲ့ နန်းတွင်းထဲကိုဝင်လာပြီး ဒဏ်ရာရတဲ့သူတွေကို လာခေါ်သွားတယ်။ မနေ့က ၇ ယောက်သေတဲ့အပြင် ဒီနေ့မနက်မှာ ဒဏ်ရာပြင်းထန်တဲ့ လူတွေက ထပ်သေတယ်။ လက်နက်ကြီးက သူတို့ရဲ့စစ်ဆေးရုံတည့်တည့်ကို ကျသွားတာ။ စိုးဝင်းမှာက PA ၈ ယောက်ရှိတယ်။ ဆေးကုသရင်း သေတဲ့အထဲမှာ နောက်ထပ် ၁ ယောက်ပါထပ်ပါတယ်လို့ပြောတယ်။ သူတို့က ဒီသတင်းတွေကို ဖုံးဖို့ကြိုးစားနေကြတယ်။” လို့ BWMရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခံရပြီးနောက် အဲဒီနေ့မှာပဲ နေပြည်တော်ကနေ စစ်ကား ၂ စီးရောက်လာပြီး နန်းတွင်းတပ်တခုလုံးကို အဝင်အထွက်ပိတ်ထားကာ အထဲမှာနေတဲ့ အဆင့်ဆင့်သောတပ်သားအားလုံးကိုခေါ်ပြီး ဖုန်းတွေစစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကာကွယ်ရေးတပ်ဖွဲ့တွေ ပစ်လိုက်တဲ့ ရှော့တိုက်ဒုံးတွေထဲက ၁ လုံးဟာ Drone Control Center ထဲကို တည့်တည့်ကျသွားတဲ့အတွက် Droneနဲ့ ပတ်သက်တဲ့ ပစ္စည်းတွေအကုန်ပျက်စီးသွားသလို Jammer စက်တွေလည်း ပါသွားတယ်လို့ ဆိုပါတယ်။

ရှော့တိုက်ဒုံးပစ်ခတ်မှုအတွင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့ကို အရှင်ဖမ်းမိထားတယ်လို့ စစ်ကောင်စီကိုထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တချို့မှာ မဟုတ်မမှန်သတင်းတွေတင်ထားတယ်လို့သူက ဆက်ပြောပါတယ်။

“စစ်** ချယ်နယ်တွေမှာဝါဒဖြန့်နေတဲ့ ဘယ်နှစ်ယောက်ဖမ်းမိတယ်လို့ အဲဒါတွေကလုံးဝမဟုတ်ဘူး။ အကိုတို့ရဲဘော်တွေအားလုံး သက်ဆိုင်ရာဌာနေအသီးသီးမှာ သူတို့အေးအေးဆေးဆေး လုံလုံခြုံခြုံပြန်ရောက်လို့ နေနေကြပြီ။” လို့ BWM ရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

မန္တလေး နန်းတွင်းလပခကိုရှော့တိုက်ဒုံးနဲ့တိုက်ခိုက်ခံရမှုမှာ စစ်ကောင်စီဘက်က ၁၅ ဦးထိသေဆုံးထားပြီးဖြစ်သလို တိုက်ခိုက်ခံရမှုဖြစ်စဥ်အတွင်း ညောင်ကွဲရပ်ကွက်က အမျိုးသား ၁ ဦးဒဏ်ရာရရှိခဲ့ကာ လူနေအိမ်တချို့လည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ဒီဇင်ဘာလောက်ကလည်း BWM တပ်ဖွဲ့ဟာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို တိုက်ခိုက်ခဲ့ဖူးပြီး အဲ့ဒီအချိန်က တိုင်းမှူးနဲ့ ဒုတိုင်းမှူးတို့ နေထိုင်ရာအဆောင်နဲ့ အမျိုးသမီးစစ်သည်တော်အဆောင်တွေထဲကို ကျရောက််ပေါက်ကွဲခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း - ဈာန်မြင့်

#မြေလတ်အသံ

#မန္တလေး #နန်းတွင်း #လပခ #ရှော့တိုက်ဒုံး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10