လူငယ်တွေကို ဦးစားပေးချင်လို့ BNRA က နုတ်ထွက်တာလို့ ကိုဆာန်ပြော

လူငယ်တွေကို ဦးစားပေးချင်လို့ BNRA က နုတ်ထွက်တာလို့ ကိုဆာန်ပြော

အရည်အချင်းပြည့်ဝတဲ့ လူငယ်တွေကို အစားထိုးတာဝန်ပေးအပ်ရန်အတွက် ဗမာအမျိုးသားတော်လှန်ရေး တပ်မတော် BNRA ကနေ နုတ်ထွက်လိုက်တာဖြစ်ကြောင်း ယခင် BNRA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုဆာန်ကပြောပါတယ်။ 

မတ် ၂၀ ရက် ဒီနေ့မှာလည်း သူ့ရဲ့ ဖေ့ဘွတ်စာမျက်နှာမှာ နုတ်ထွက်စာကို ထုတ်ပြန်ခဲ့ပါတယ်။ 

အဲဒီနုတ်ထွက်စာမှာ ကိုဆာန်(ခ)ဗိုလ်ဂဠုန်သည် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် BNRA တွင် ဆက်လက်တာဝန် ထမ်းဆောင်ရန် အန္ဒမရှိခြင်း၊ ပြည့်မီသောအရည်အချင်းမရှိခြင်းတို့ကြောင့် သက်ဆိုင်ရာတာဝန်အား အရည်အချင်းပြည့်ဝသော လူငယ်လူရွယ်များအား အစားထိုးတာဝန်ပေးအပ်ရန်အတွက် ဗမာအမျိုးသားတော်လှန်ရေး တပ်မတော်မှ နုတ်ထွက်ခွင့်ပြုရန် တင်ပြအပ်ပါသည်လို့ မတ် ၂၀ ရက် ဒီနေ့ရက်စွဲနဲ့ ဖော်ပြထားပါတယ်။ 

တာဝန်က ရပ်ဆိုင်းထားတာဟာ မတ် ၁၄ ရက်ကတည်းကဖြစ်ပြီး ဒီနေ့မှာနုတ်ထွက်လိုက်တာဖြစ်တယ်လို့ သူက ပြောပါတယ်။ 

“နုတ်ထွက်တာက အလုပ်တွေ ပိုလုပ်ချင်လို့ထွက်တာလို့ နားလည်ပေးပါ” လို့ သူက ဆက်ပြောပါတယ်။ 

သူတင်ထားတဲ့ ဖေ့ဘွတ်ပို့စ်ရဲ့ ကွန်းမန့်မှာလည်း ‘ BNRA ဟာ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်ဆိုတဲ့ ထုနဲ့ထည်နဲ့တည်ဆောက်ထားတာပါ။ ကျနော်တယောက်အတွက်နဲ့ စိတ်မပူကြပါနဲ့လို့ ပြောပါရစေ။ ကျန်းမာရေး၊ စစ်ရေး၊ ပညာရေး၊ နိုင်ငံရေးအတွေ့အကြုံစတဲ့ အရည်အချင်းတွေပြည့်စုံသူလည်းမဟုတ်တာကြောင့် အခြားပြည့်မီသူများမှ တာဝန်ယူနိုင်မယ်၊ ကျနော်ကိုယ်တိုင်လည်း မိမိအားသန်ရာကိစ္စတွေမှာ ဆက်လက် လုပ်ဆောင်နေဦးမှာမို့ အထွေအထူး စိတ်မပူကြဖို့ ပြောလိုပါတယ်’ လို့ ရေးသားထားပါတယ်။ 

ဗိုလ်နဂါးဦးဆောင်တဲ့ မြန်မာ့တော်ဝင်နဂါးတပ်တော်ဟာ NUG ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ မဟုတ်တဲ့ ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ပူးပေါင်းပြီး ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA)ကို စက်တင်ဘာ ၉ ရက်က ဖွဲ့စည်းခဲ့တာဖြစ်ပြီး ကိုဆာန်ဟာ BNRA ရဲ့ ပြောရေးဆိုခွင့်ရှိသူအဖြစ် တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပါတယ်။ 

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် #BNRA #ကိုဆာန် #ဗိုလ်ဂဠုန် #နုတ်ထွက်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10