လူသားမျိုးနွယ်သတ်ဖြတ်မှု၊ ဖျက်ဆီးမှုများ ကျူးလွန်နေသည့် အာဏာရှင်စစ်ခေါင်းဆောင် (အယ်ဒီတာ့အာဘော်)

လူသားမျိုးနွယ်သတ်ဖြတ်မှု၊ ဖျက်ဆီးမှုများ ကျူးလွန်နေသည့် အာဏာရှင်စစ်ခေါင်းဆောင် (အယ်ဒီတာ့အာဘော်)

တိုင်းပြည်၏အာဏာကို လက်နက်အားကိုးဖြင့် အတင်းအဓမ္မသိမ်းယူခဲ့သည့် အာဏာရှင်စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ပြည်သူလူထုအပေါ် အကြမ်းဖက်နှိမ်နင်းခြင်း၊ ဖမ်းဆီးအကျဉ်းချသတ်ဖြတ်ခြင်းများ ကျူးလွန်ခဲ့သည့်အပြင် လူသားမျိုးနွယ်သတ်ဖြတ်မှုနှင့် လူသားမျိုးနွယ်ဖျက်ဆီးမှုများကိုပင် ဆက်လက် ကျူးလွန်လျက်ရှိသည်ကို တွေ့ရသည်။ 

စစ်ခေါင်းဆောင်မင်းအောင်လှိုင်နှင့် ၎င်း၏နောက်လိုက်တပ်ဖွဲ့ဝင်များ၏ အကြမ်းဖက်ဖမ်းဆီးသတ်ဖြတ်မှုများကို သည်းမခံနိုင်တော့သည့် ပြည်သူများသည် လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ကာ အာဏာရှင်အမြစ်ပြတ် ချေမှုန်းရေးအတွက် ကြိုးပမ်းခဲ့ကြသည်။ ပြည်သူလူထုသည် ကိုယ်တိုင်လက်နက်မကိုင်ကြသည့်တိုင် အာဏာရှင်ပြုတ်ကျရေးအတွက် လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကို ဝန်းရံခဲ့ကြသည်။ 

ဤသို့ဖြင့် အညာဒေသအပါအဝင် တိုင်းရင်းသားပြည်နယ်များ၌ တိုက်ပွဲများ ဖြစ်ပွားခဲ့ကြသည်။ တော်လှန်ရေး အင်အားစုများဘက်မှ သေဆုံးမှုများရှိသည့်နည်းတူ စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့များဘက်မှလည်း အများအပြားသေဆုံးလျက်ရှိသည်။ 

အလားတူ အရပ်သားပြည်သူများသေဆုံးခြင်း၊ အရပ်သားပြည်သူများ၏ နေအိမ်များ မီးရှို့ဖျက်ဆီးခံရပြီး ပြည်သူပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ်ခြင်းများသည် အာဏာသိမ်းပြီးနောက်ပိုင်း နေ့စဉ်နှင့်အမျှ ကြုံတွေ့နေကြရသည်။ 

စစ်တပ်အာဏာသိမ်းခဲ့သည် ၂၀၂၁ မှစ၍ ယနေ့အချိန်ထိ စစ်တပ်၏ လက်ချက်ဖြင့်သေဆုံးခဲ့ရသည့် အမျိုးသမီး ၆၅၉ ဦးနှင့် ကလေး ၄၉၀ အပါအဝင် အရပ်သားပြည်သူ ၄,၆၀၃ ကျော်(လက်နက်ကိုင်တပ်ဖွဲ့ဝင်များ မပါ) သေဆုံးထားပြီဖြစ်သည်ဟု မတ်လ ၁ ရက်က ထုတ်ပြန်ခဲ့သည့် UNHCR ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

၂၀၂၄ ဇန်နဝါရီတလတည်း၌ပင် စစ်ကောင်စီ၏လက်ချက်ဖြင့် အရပ်သားပြည်သူ ၂၃၂ ဦးသေဆုံးခဲ့ရသည်ဟု ထုတ်ပြန်ချက်က ဆိုသည်။ 

အလားတူ အမျိုးသမီး ၃,၉၀၉ ဦးအပါအဝင် စစ်တပ်ကို ဆန့်ကျင်သည့် ပြည်သူ ၂၀,၀၀၀ ကျော်မှာလည်း ထိန်းသိမ်းခံထားရဆဲဖြစ်သည်ဟုဆိုသည်။ 

စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတွင် စစ်ကောင်စီတပ်ဖွဲ့၏ မီးရှို့ဖျက်ဆီးမှုကြောင့် လူနေအိမ်ပေါင်း ၇၅,၀၀၀ ကျော်အထိ ဖျက်ဆီးခံထားရပြီဖြစ်သည်။ စစ်ကိုင်းတိုင်းသည် လူနေအိမ်ခြေ မီးရှို့ဖျက်ဆီးခံရမှု အများဆုံးဖြစ်ပြီး အိမ်ခြေ ၅၀,၀၀၀ ကျော် မီးရှို့ခံထားရသည်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA)၏ စာရင်းများအရလည်း လက်နက်ကိုင်ပဋိပက္ခတွေကြောင့် နိုင်ငံတစ်ဝန်းမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ ၂ ဒသမ ၆ သန်းကျော် ရှိနေပြီဟုဆိုသည်။ 

အထက်ပါကိန်းဂဏန်းများသည် ရှေ့ဆက်တိုးမြှင့်လာဖွယ်ရှိသည့် အခြေအနေများကိုလည်း တွေ့မြင်နေရသည်။

၂၀၂၃ အောက်တိုဘာလ၌ ညီနောင်မဟာမိတ်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးစတင်ခဲ့သည့်အချိန် တိုင်းပြည်အတွင်း စစ်ပွဲများပိုမိုပြင်းထန်ခဲ့ရာ ရှမ်းပြည်၊ ကချင်ပြည်၊ ကရင်ပြည်၊ ကရင်နီပြည်နှင့် ရခိုင်ပြည်တို့တွင် စစ်ကောင်စီဘက်မှ တပ်ဖွဲ့ဝင် မြောက်များစွာသေဆုံးပြီး လက်နက်ချအညံ့ခံခဲ့သူများစွာလည်း ရှိခဲ့သည်။  

ဤကဲ့သို့ အရှုံးများနှင့်ရင်ဆိုင်ရပြီး တပ်သားအင်အားပြုန်းတီးမှုများနေသည့် စစ်ကောင်စီသည် ၂၀၂၄ ဖေဖော်ဝါရီ ၁၀ ရက်၌ စစ်မှုထမ်ဥပဒေကို အသက်သွင်းကာ ၎င်းတို့အတွက် အရေးတကြီးလိုအပ်နေသည့် စစ်အင်အားကို ဖြည့်တင်းဖို့ ကြိုးစားခဲ့ကြသည်။ 

ယင်းနောက်ပိုင်း တိုင်းပြည်အတွင်း လူငယ်၊ လူရွယ်ပေါင်းများစွာသည် အာဏာရှင်စစ်ခေါင်းဆောင် မင်းအောင်လှိုက်လက်အောက်၌ အဓိပ္ပာယ်မဲ့စွာတာဝန်မထမ်းဆောင်လိုသည့်အတွက် ပြည်ပသို့ ရှောင်တိမ်းသွားခြင်း၊ တော်လှန်ရေးအင်အားစုများထံ ခိုလှုံသွားခြင်းများ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်ခဲ့သည်။ 

မည်သို့မျှ တိမ်းရှောင်၍ မရနိုင်သည့်ပြည်သူများလည်း စစ်ကောင်စီထံ စစ်မှုထမ်းရမည့်အရေးနှင့် ကြုံတွေ့နေကြရသည်။

မည်သို့ပင်ဆိုစေ စစ်ဘောင်ပိုကျယ်လာမည်ဖြစ်ရာ မြန်မာနိုင်ငံအတွင်း ရှေ့ဆက်ပြီး တိုက်ပွဲများ ပိုမိုကြုံတွေ့ရဦးမည်ဖြစ်သည်။ မင်းအောင်လှိုင်၏ အာဏာတပ်မက်မှုကြောင့် မြန်မာနိုင်ငံဖွား တိုင်းရင်းသားများအချင်းချင်း စစ်မက်ခင်းကာ အသက်ပေါင်းများစွာ ဆုံးရှုံးရဦးမည်သာဖြစ်သည်။ 

ပြည်တွင်းစစ်ကာလအတွင်း စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးများ အဘက်ဘက်မှ ချွတ်ခြုံကျနေသည်။ ကလေးများသည် ပညာရေးနှင့်အလှမ်းဝေးနေကြသလို ယခုကာလအတွင်း မွေးဖွားလာသည့် ကလေးများ၏ အာဟာရပြည့်ဝမှု၊ ဉာဏ်ရေးဖွံ့ဖြိုးမှုနှင့် ကျန်းမာသန်စွမ်းမှုအပိုင်းများမှာလည်း မေးခွန်းထုတ်စရာဖြစ်နေပြီး မြန်မာနိုင်ငံ၏ အနာဂတ်အတွက်ပင် ရင်လေးစရာဖြစ်နေသည်။ 

ထို့ကြောင့် အထက်ပါအချက်များအား ထောက်ရှုခြင်းအားဖြင့် အာဏာရှင်စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် မြန်မာနိုင်ငံအတွင်း လူသားမျိုးနွယ်သတ်ဖြတ်မှုနှင့် လူသားမျိုးနွယ်ဖျက်ဆီးမှုများအား ကျူးလွန်နေသည်ဟု ဆိုရတော့မည်။

သို့ဖြင့်ပါ၍ စစ်ခေါင်းဆောင်မင်းအောင်လှိုင်အပါအဝင် အာဏာရှင်စနစ်ကျရှုံးရေးအတွက် မြန်မာနိုင်ငံသားအားလုံး ကျရာနေရာမှ မြန်မာနိုင်ငံကို အချိန်မီကယ်တင်ကြရန် ကျွန်ုပ်တို့ မြေလတ်အသံက အလေးအနက် တိုက်တွန်းအပ်ပါသည်။ 

#မြေလတ်အသံ

#အယ်ဒီတာ့အာဘော် #အာဏာရှင် #မင်းအောင်လှိုင် #စစ်အာဏာရှင်စနစ် #ကျရှုံးရေး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10