လေပြင်းတိုက်၊ မိုးသီးကြွေကျလို့ ပျက်စီးသွားတဲ့ နေအိမ် ၃၅၀ ကျော်နဲ့ နှမ်းခင်းဧက ၅၀၀ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အတွင်းမှာ မေ ၁ ရက် ညနေပိုင်းက လေပြင်းတိုက်ပြီး မိုးသီးကြွေကျတာတွေ ဖြစ်ခဲ့တာကြောင့် ဘုရားစေတီ၊ ကျောင်းဆောင်တွေနဲ့ လူနေအိမ် ၃၅၀ ကျော်ပျက်စီးပြီး သီးနှံစိုက်ခင်းတွေလည်း ပျက်စီးခဲ့တယ်လို့ ဒီပဲယင်းစစ်ရှောင်ထောက်ပံ့ရေးအဖွဲ့နဲ့ S&C အဖွဲ့ဆီက သိရပါတယ်။

ညနေပိုင်း ၅ နာရီခန့်မှာ ရုတ်တရက် လေပြင်းတိုက်ခတ်ပြီး မိုးသီးများကြွေကျလာတာကြောင့် ဒီပဲယင်းမြို့နယ် အရှေ့ခြမ်းရှိ တည်တော၊ သရက်ကန်၊ ကိုင်းကံ၊ မအုံး၊ မြင်းတန်းကျေးရွာက နေအိမ် ၃၅၀ ကျော် သွပ်အမိုးလန်တာ၊ ပြိုကျတာ၊ အိမ်ခေါင်မိုးပြုတ်ထွက်တာတွေဖြစ်ပြီး နှမ်းစိုက်ဧက ၅၀၀ နီးပါးပါ ပျက်စီးခဲ့ရတယ်လို့ ဆိုပါ တယ်။

လေပြင်းတိုက်ခံရတဲ့ ကျေးရွာတွေအနက် သရက်ကန်ကျေးရွာမှ ဘုရားထီးတော်၊ ဘုန်းတော်ကြီးကျောင်း ဆောင်တွေနဲ့ နေအိမ် ၁၀၀ ကျော်ခန့် ထိခိုက်ပျက်စီးခဲ့တာပါ။ 

အဲဒီပျက်စီးသွားတဲ့ နေအိမ်နဲ့အဆောက်အဦတွေကို ကိုယ်ထူကိုယ်စနစ်နဲ့သာ ပြန်လည်တည်ဆောက်နေရတယ် လို့ ဒီပဲယင်းစစ်ရှောင်ထောက်ပံရေးအဖွဲ့ တာဝန်ခံက ပြောပါတယ်။

အလားတူ လေပြင်းကျပြီး မိုးသီးတွေကြွေကျတာကြောင့် ကိုင်းကံကျေးရွာမှာလည်း အိမ်ခြေ ၂၂၁ လုံး၊ နွေနှမ်းစိုက်ဧက ၄၉၆ ဧက ပျက်စီးခဲ့ရတယ်လို့ S&C အဖွဲ့တာဝန်ခံဆီက ဆိုပါတယ်။ 

အဲဒီကိုင်းကံရွာဟာ ၂၀၂၂၊ ဩဂုတ် ၆ ရက်တုန်းကလည်း စစ်ကောင်စီတပ်တွေရဲ့ မီးရှို့ဖျက်ဆီးခဲ့တာကို ခံခဲ့ရလို့ ၁၄၅ လုံး မီးလောင်ပျက်စီးခဲ့ပြီး ဒေသခံ ပြည်သူ ၈ ဦး အသတ်ခံခဲ့ရတဲ့ ကျေးရွာလည်းဖြစ်ပါတယ်။ 

ကိုင်းကံကျေးရွာမှာ စိုက်ပျိုးထားတဲ့ နွေနှမ်းစိုက်ခင်းအပင်တွေဟာလည်း လေပြင်းတိုက်၊ မိုးသီးကြွေတာကြောင့် ပျက်စီးတာတွေဖြစ်ခဲ့ရတယ်လို့ S&C တာဝန်ခံ ကိုစိုးမိုးအောင် ကပြောပါတယ်။

အခုလို ဒီပဲယင်းမြို့နယ်မှာ လေပြင်းတိုက်ချိန်မှာ မုံရွာမြို့နယ်အတွင်းမှာ လျှပ်စစ်မီးတိုင်တွေ၊ အရိပ်ရသစ်ပင်ကြီး တွေနဲ့ နေအိမ်တွေ ပြိုကျပျက်စီးခဲ့ပြီး ကလေးငယ်တဦးလည်း သွပ်ပြားလွင့်မှန်လို့ ထိခိုက်သေဆုံးခဲ့ရတယ်လို့ မုံရွာဒေသခံတဦးဆီက သိရပါတယ်။

အလားတူ ဆားလင်းကြီးမြို့နယ်မှာလည်း လေပြင်းကျရောက်ပြီး မိုးအနည်းငယ်ရွာခဲ့သလို လျှပ်စစ်မီးတိုင်းတွေ၊ စစ်ရှောင်တဲတွေ၊ နေအိမ်တွေ ပြိုကျပျက်စီးခဲ့တယ်လို့ အညာပစ်တိုင်း ထောင်လေးများ အဖွဲ့ဆီက သိရပါတယ်။

စာတည်း - လင်းဇေ၊ တည်းဖြတ်-HP

#မြေလတ်အသံ

#စစ်ကိုင်း #ဒီပဲယင်း #လေပြင်းတိုက် #မိုးသီးကြွေ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10