လျာထားချက် မပြည့်မီသေးလို့ "မြေလတ်ဒေါင်းတို့ပွဲကစို့" ကမ်ပိန်း ရက်ထပ်တိုး (ရုပ်/သံ)

ကမ်ပိန်းကရရှိလာမယ့် ပြည်တွင်းပြည်ပ မှာရှိကြတဲ့ ပြည်သူတွေရဲ့အလှူငွေတွေကို လက်နက်ခဲယမ်းမျိုးစုံ ဝယ်ယူဖြည့်တင်းရမှာဖြစ်သလို ရဲဘော်တွေနဲ့စစ်ရှောင်ပြည်သူတွေ စားသောက်ဖို့ ရိက္ခာနဲ့ဆေးဝါးတွေ ဝယ်ယူသွားဖို့အတွက်ပြုလုပ်တဲ့ "မြေလတ်ဒေါင်းတို့ပွဲကစို့" ကမ်ပိန်းဟာ လျာထားချက်မပြည့်မီသေးတဲ့အတွက် ရက်ထပ်တိုးထားတယ်လို့ သိရပါတယ်။

အဲဒီကမ်ပိန်းကို မကွေးတိုင်း၊ မင်းဘူးခရိုင် တပ်ရင်း ၃ အတွက် အသုံးပြုဖို့ လျာထားတာဖြစ်ပြီး ယခုအခါမှာတပ်ဖွဲ့ဝင် ရဲဘော်သစ်တွေ ရောက်လာတဲ့အတွက် စားသောက်ဖို့ပိုမိုခက်ခဲလာပြီး စစ်ရှောင်ပြည်သူတွေ စားဝတ်နေရေးနဲ့ကျန်းမာရေး စောင့်ရှောက်မှုပေးနေတာကြောင့်လည်း ဆေးဝါးအခက်အခဲ ရှိနေတယ်လို့ ခရိုင်တပ်ရင်း ၃ သတင်းတာဝန်ခံ ရဲမေ မဝတီ က ပြောပါတယ်။

မေ ၅ ရက်မှာ ကမ်ပိန်းအငြိမ့်ပွဲကို စတင်ပြသဖို့ စီစဥ်ထားသော်လည်း လက်မှတ်ရောင်းအား မပြည့်မီသေးတဲ့အတွက် မေ ၁၈ ရက်ကို ပြောင်းရွှေ့ထားပြီး လက်မှတ်များကို "မြေလတ်ဒေါင်းတို့ ပွဲကစို့" ပေ့ချ်မှတဆင့်ဝယ်ယူ အားပေးနိုင်တယ်လို့ သိရပါတယ်။

မကွေးတိုင်း၊ မင်းဘူးခရိုင် တပ်ရင်း ၃ ကို စေတုတ္တရာမြို့ နယ်အခြေစိုက် လူငယ်တွေအပါအဝင် တခြားနယ်မြေတွေက တော်လှန်ရေးလူငယ်တွေနဲ့  ၂၀၂၁ ဇူလိုင်လအစောပိုင်းမှာ စတင်ဖွဲ့ စည်းခဲ့တာပါ။

တပ်ဖွဲ့ မှာ ရဲဘော်ရဲမေအင်အား ၃၀၀ ကျော်ရှိပြီး အခြေစိုက်မြို့နယ်အတွင်းသာမကဘဲ ချင်းဒေသနဲ့ယောဒေသတွေမှာလည်း မဟာမိတ်တပ်ဖွဲ့တွေနဲ့လည်း ပူးပေါင်းစစ်ရေးလှုပ်ရှားမှုတွေ လုပ်နေတယ်လို့ ဆိုပါတယ်။

၂၀၂၃ အတွင်းမှာ စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင်တွေကို တိုက်ပွဲပေါင်း ၃၅ ပွဲကျော် စစ်ဆင်ရေးလုပ်နိုင်ခဲ့ပြီး စစ်ကောင်စီဘက်တော်သား အယောက် ၄၀ ကျော် ဖမ်းဆီးရှင်းလင်းခဲ့သလို ခရိုင်တပ်ရင်း ၃ က ကျဆုံးရဲဘော် ၁ ဦးနဲ့ ထိခိုက်ဒဏ်ရာရ ရဲဘော် ၅ ဦးရှိခဲ့တယ်လို့ မဝတီက ပြောပါတယ်။

လမ်းပန်းဆက်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေး ခက်ခဲသလို တောင်ကုန်းထူထပ်တာကြောင့် စိုက်ပျိုးမြေ ရှားပါးပြီး ဒေသအတွင်းမှာ ယခင်ကတည်းက စိုက်ပျိုးသီးနှံတွေမဖြစ်ထွန်းလို့ စားနပ်ရိက္ခာမဖူလုံဘူးလို့ ဆိုပါတယ်။

တပ်ရင်းအနေဖြင့်လည်း တိုက်ပွဲတွေ ဆက်လက်ဖော်ဆောင်ဖို့ စစ်ရေးအတွက် လက်နက်ခဲယမ်း၊ မိုင်းနဲ့ ဆက်စပ်ပစ္စည်းတွေ လိုအပ်နေတဲ့အတွက် "မြေလတ်ဒေါင်းတို့ ပွဲကစို့ " ကမ်ပိန်းကို ပြုလုပ်ရတာ ဖြစ်တယ်လို့ သိရပါတယ်။

ပြည်သူလူထုအနေဖြင့်လည်း တော်လှန်ရေးမှာ သွေးအေးမသွားဘဲ မင်းဘူးခရိုင် တပ်ရင်း ၃ ကပြုလုပ်တဲ့ ကမ်ပိန်းမှာ ကူညီအားဖြည့်ပေးဖို့ တိုက်တွန်းပြောဆိုထားပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#စေတုတ္တရာ #မြေလတ်ဒေါင်းတို့ပွဲကစို့ #ကမ်ပိန်း #လျာထားချက် #အကူအညီလိုအပ်  #မင်းဘူးခရိုင် #တပ်ရင်း၃

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10