လှေဆိပ်မှာ ထောက်ခံစာလုပ်ငွေတောင်းနေတဲ့ စစ်အုပ်စု ပစ်ခတ်ခံရလို့ တပ်ကြပ်ကြီး ၂ ဦး နဲ့ တပ်သား ၁ ဦး သေဆုံး (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ မြောက်ကျွန်းရွာ မြောက်ဘက်လှေဆိပ်မှာ ထောက်ခံစာထုတ်ပေးတာကို အကြောင်းပြပြီး ငွေကြေးတောင်းခံနေတဲ့ စစ်ကောင်စီတပ်သားတွေကို သြဂုတ် ၈ ရက် မနက် ၈ နာရီလောက်မှာ ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ အမေ့သွေးပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ) ဆီက သိရပါတယ်။

အဲဒီလှေဆိပ်မှာ စစ်ကောင်စီတပ်သား ၅ ဦး နဲ့ အုပ်ချုပ်ရေးမှူးတို့ ထောက်ခံစာပြုလုပ်ပေးနေချိန် ကာကွယ်ရေးတပ်ဖွဲ့က ဝင်ရောက်ပစ်ခတ်ခဲ့လို့ တပ်ကြပ်ကြီး ရဲနိုင်၊ တပ်ကြပ်ကြီး ပုတိုင်း နဲ့ တပ်သား ၁ ဦးတို့ ပွဲချင်းပြီးသေဆုံးသွားပြီး ဗိုလ် ၂ ဦး နဲ့ အုပ်ချုပ်ရေးမှူးတို့က ထွက်ပြေးလွတ်မြောက်သွားတယ်လို့ အမေ့သွေးပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ)မှ တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

အဲဒီဂိတ်ဖွင့်ထားတာ ၄ လကျော်လောက်ရှိပြီး ထောက်ခံစာလာရောက်လုပ်ကိုင်သူ ၁ ဦးကို ငွေကျပ် ၁၅၀၀ ကနေ ၂၀၀၀ အထိပေးဆောင်ရတာမျိုးရှိသလို ထောက်ခံစာမလုပ်ဘဲ ခရီးသွားတဲ့သူတွေကိုလည်း တယောက်ကို ၃ သောင်းကနေ ၅ သောင်းအထိ ပေးဆောင်ရတယ်လို့ ဆိုပါတယ်။

ပစ်ခတ်မှုအတွင်း MA 3 သေနတ် ၁ လက်ရရှိခဲ့ပြီး လက်ရှိမှာတော့ လှေဆိပ်မှာ ထောက်ခံစာမလုပ်ပေးတော့ဘဲ သူတို့ (စစ်ကောင်စီ) အထိုင်ချတပ်စွဲထားတဲ့ မြောက်ကျွန်းရွာတောင်ဘက် စာသင်ကျောင်းမှာသာ သွားရောက်လုပ်ရတယ်လို့လည်း သိရပါတယ်။ 

ဒီတိုက်ခိုက်မှုကိုတော့ အမေ့သွေးပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ) ၊ နွေဦးစစ်သည်တော်အဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြပါတယ်။ 

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - HP

#မြေလတ်အသံ

#မြင်းခြံ #မြောက်ကျွန်းရွာ #စစ်ကောင်စီ #ပစ်ခတ် #သေဆုံး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10