ဝက်ပုတ်ပျူစောထီးစခန်းကို တော်လှန်ရေးတပ်တွေသိမ်းပိုက် စစ်အုပ်စု ၁၀ ဦးသေဆုံးပြီး လက်နက်ခဲယမ်းတွေရ (ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဝက်ပုတ်ပျူစောထီးစခန်းကို ကာကွယ်ရေးအဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ၁၀ ဦးဝန်းကျင်သေဆုံးကာ၂၀ ဦးဒဏ်ရာရသလို လက်နက်ခဲယမ်းတွေပါ သိမ်းဆည်းရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ် အဖွဲ့ဆီကသိရပါတယ်။

ဝက်ပုတ်ပျူစောထီးစခန်းကို ဩဂုတ် ၅ ရက် မနက်ပိုင်းကစတိုက်တာဖြစ်ပြီး ဩဂုတ် ၈ ရက် မနက်ပိုင်းမှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ် တာဝန်ရှိသူတဦးက ပြောပါတယ်။

တိုက်ခိုက်မှုအတွင်းမှာ တော်လှန်ရေးအင်အားစုများဘက်က ပုံစံမျိုးစုံဖြင့် တိုက်ခိုက်တာဖြစ်ပြီး ဒရုန်းနဲ့ တိုက်ခိုက်တာတွေလည်း ပြုလုပ်ခဲဲ့တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီဘက်က Mi 35၊ Y12 ဂျက်ဖိုက်တာတွေနဲ့ ၄ ရက်အတွင်း ၁၂ ကြိမ်လာရောက်ဗုံးကြဲခဲ့တယ်လို့ ဆိုပါတယ်။

ဩဂုတ် ၅ ရက်မှာ ပျူ ကာကင်းစခန်းတွေကို ဝင်ရောက်ပစ်ခတ်ချိန် တော်လှန်ရေးအင်အားစုတွေဘက်က ရဲဘော် ၂ ဦးကျဆုံးသွားတယ်လို့လည်း ဆိုပါတယ်။

ဝက်ပုတ်ပျူစောထီးစခန်းဟာ မြိုင်မြို့နယ်တောင်ပိုင်းနဲ့ စက်မှု ၂ အနောက်မြောက်ဘက်မှာတည်ရှိပြီး အဲဒီစခန်းကနေ အနီးနားမှာရှိတဲ့ ဆိတ်တက်ရွာ၊ ချောင်းဦး၊ ဝန်းကြိုင်ရွာတွေကို မီးရှို့ဖျက်ဆီးတာ၊ ပစ္စည်းတွေယူတာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေပြုလုပ်ခဲ့လို့ ဒေသခံပြည်သူတွေ သေဆုံးမှုလည်းရှိခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအပြီးမှာတော့ MA 4 ၁ လက် ၊ ကာဘိုင် ၁ လက် ၊ G 3 ၂ လက် ၊ G 4 ၁ လက် ၊ M16 ၁ လက် ၊ 12 ဗို့ ၂ လက် ၊ 79 ၁ လက် ၊ 60 mm ၁ လက် ၊ Jammerစက် ၁ လုံး ခဲယမ်းမိုင်းတွေအပြင် အခြားဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရခဲ့တယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ် ၊ ပကဖတပ်ပေါင်းစု အမှတ်(၁) တပ်ရင်း ၊ ပခုက္ကူခရိုင် အမှတ် ( ၁/၂/၆/၇/၁၀/၁၄/၁၅/၁၇ ) ၊ အညာမြေတပ်ပေါင်းစု ၊ ကမ္မတပ်ပေါင်းစု ၊ ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(မြိုင်) ၊ ပေါက်ပကဖ ၊ ပေါက်မြောက်ပိုင်းတော်လှန်ရေးတပ်ဦး ၊ BLY ပြောက်ကျားတပ်ဖွဲ့ ၊ မြိုင်ပကဖ ဒရုန်းတပ်ဖွဲ့ ၊ ပေါက်ပကဖ ဒရုန်းတပ်ဖွဲ့ နဲ့ဒေသတွင်း တော်လှန်ရေးအင်အားစု တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

လတ်တလော ဩဂုတ်လဆန်းပိုင်းမှာ မြိုင်မြို့နယ်ထဲမှာ လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေနဲ့ စစ်ကောင်စီတပ်သား၊ ပျူစောထီးတွေ တိုက်ပွဲရက်ဆက်ဖြစ်ပွားနေပြီး စီးနင်းတိုက်ခိုက်မှုများအတွင်း စစ်ကောင်စီရဲ့ ကိုင်းတောမရဲစခန်းနဲ့ ရေစက်စခန်းတို့ကို တော်လှန်ရေးအင်အားစုတွေဘက်က သိမ်းပိုက်ထားပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#မြိုင် #ဝက်ပုတ် #ပျူစောထီးစခန်း #တိုက်ခိုက် #သိမ်းပိုက်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10