သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်က မီးဘေးသင့်စစ်ရှောင်ပြည်သူတွေကို ဇူလိုင် ၂၉ ရက်မနေ့က အသုံးအဆောင်ပစ္စည်းတွေ ထောက်ပံ့ပေးခဲ့တယ်လို့ ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၅ ရက်မှာ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးမီးရှို့ခဲ့တဲ့ ဝက်လက်မြို့နယ်၊ ကျေးရွာတရွာက ထွက်ပြေးတိမ်းရှောင်နေရတဲ့ အိမ်ထောင်စု ၁၀၇ စုကို ထောက်ပံ့ခဲ့တာလို့ ဆိုပါတယ်။
"ကျနော်တို့ သပိတ်ကော်မတီဆိုတာ ပြည်သူမရှိဘဲနဲ့ ရပ်တည်လို့မရပါဘူး။ ပြည်သူတွေ ဒုက္ခရောက်နေချိန်မှာ ကျနော်တို့တတ်နိုင်တဲ့ဘက်က အကူအညီပေးရတာပါ။ သူတို့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာကို ကူညီပေးတဲ့ သဘောဖြစ်တယ်" လို့ သပိတ်ကော်မတီဦးဆောင်သူ ကိုလွင်မိုးသန့်က ပြောပါတယ်။
စောင်၊ ခေါင်းအုံး၊ ဆပ်ပြာဗူး၊ ဆပ်ပြာ၊ ဆပ်ပြာခြင်း၊ သွားတိုက်ဆေး၊ သွားတိုက်တံ၊ အကိုက်အခဲပျောက်ဆေး၊ အမျိုးသမီးလစဥ်သုံးပစ္စည်းတွေကို လူသားချင်းစာနာထောက်ထားရေးနဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနနဲ့ ဝက်လက်မြို့နယ်လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီတို့က ပူးပေါင်းကူညီပေးခဲ့တာလို့ ဆိုပါတယ်။
"စစ်ကြောင်းဝင်လာတော့ အမြန်ထွက်ပြေးရတယ်။ဘာပစ္စည်းမှ ပါမလာသူတွေလည်း ရှိတယ်။အိမ်ကလည်း စစ်သားတွေမီးရှို့တဲ့အထဲပါသွားတယ်။ စားဖို့၊ နေဖို့၊ ဝတ်ဖို့လည်း ခက်ခဲပါတယ်။ ကျန်းမာရေးမကောင်းလို့ ဆေးခန်းပြစရာ ပိုက်ဆံမရှိပါဘူး "လို့ မီးဘေးသင့်ပြည်သူတဦးက ပြောပါတယ်။
ကျေးရွာသားတွေအနေနဲ့ နေရပ်ပြန်ရောက်နေသူတွေရှိသလို ဘေးလွတ်ရာမှာ ယာယီတဲထိုးပြီး နေကြသူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#သတင်း #စစ်ကိုင်း #ဝက်လက် #စစ်ရှောင် #ထောက်ပံ့
Share Share Share