ဝက်လက်မြို့ပေါ်ကို ပန်းပန်ပြီး ဈေးလာဝယ်တဲ့ အမျိုးသမီး ၄ ဦးကို စစ်တပ်က ဖမ်းဆီး

ဝက်လက်မြို့ပေါ်ကို ပန်းပန်ပြီး ဈေးလာဝယ်တဲ့ အမျိုးသမီး ၄ ဦးကို စစ်တပ်က ဖမ်းဆီး

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့ပေါ်ကို ပန်းပန်ပြီးဈေးလာဝယ်တဲ့ အမျိုးသမီး ၄ ဦးကို စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးသွားတယ်လို့ ဝက်လက်နယ်ခံတွေထံက သိရပါတယ်။ 

ဇွန် ၁၉ ရက် ဒီနေ့ မနက် ၈ နာရီလောက်မှာ စစ်ကောင်စီတပ်သားတွေဟာ ကား၊ ဆိုင်ကယ်‌တွေနဲ့ ဝက်လက်မြို့ ပေါ် နဲ့ ဈေးတွေမှာ လှည့်ပတ်နေချိန် ကျေးရွာတွေဘက်ကနေ ဈေးဝယ်ဖို့လာတဲ့ အမျိုးသမီး ၄ ဦးကို ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။

" ဖမ်းဆီးခံရတဲ့ သူတွေက ဘယ်သူဘယ်ဝါလဲဆိုတာတော့ ကျနော်တို့လည်း လိုက်ထောက်(စုံစမ်း)နေတုန်းပဲ။ မြို့ပေါ်မှာ သူတို့(စစ်ကောင်‌စီ)တွေ အင်အားတွေဖြန့်ထားတယ်။ လိုက်ပတ်နေတယ်၊ ကပ်လို့တောင်မရသေးဘူး" လို့ ဝက်လက်မြို့နယ်က ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။ 

ပြီးခဲ့တဲ့ရက်ပိုင်းကတည်းက ဝက်လက်မြို့ပေါ်ကိုတက်လာတဲ့ ခရီးသွားပြည်သူတွေကို စစ်ကောင်စီတပ်သား တွေက စစ်ဆေးတာတွေပြုလုပ်ခဲ့ပြီး ဒီနေ့မှာတော့ လုံခြုံရေးတွေချထားကာ တင်းတင်းကျပ်ကျပ်စစ်ဆေးတာ တွေ ပြုလုပ်နေတယ်လို့ သိရပါတယ် ။

ဇွန် ၁၉ ရက် ဒီနေ့ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ဖြစ်တဲ့အတွက် နိုင်ငံတဝန်း ပန်းသပိတ်လှုပ်ရှားမှုတွေ လုပ်ဆောင်နေတာကြောင့် ပန်းပန်သူတွေကို စစ်ကောင်စီတပ်သားတွေက လိုက်လံဖမ်းဆီးနေတာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မှာ တော်လှန်ရေးအင်အားစုတွေက ပန်းသပိတ်ဆင်နွှဲနေပြီး စစ်ကောင်စီတပ်က ဒီကနေ့ ပန်းပန်သူတွေကို ဖမ်းဆီးထားကြောင်း စစ်တပ်ကို ထောက်ခံရေးသားနေတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာလည်း ပုံတွေနဲ့ ဖော်ပြထားပါတယ်။ 

ပုံစာ - ကနီနယ်မှာ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အထိမ်းအမှတ် ပန်းသပိတ်ပြုလုပ်နေကြသူများအား တွေ့ရစဉ်။

စာတည်း -လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ဝက်လက်မြို့ #ပန်းပန် #အမျိုးသမီး #စစ်ကောင်စီ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10