သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့ရှိ ဝက်လက်ရဲစခန်းနဲ့ မြို့အရှေ့ဘက်အထွက် စစ်ဆေးရေးဂိတ်တွေကို ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခဲ့ရာ ၃ ဦးဒဏ်ရာရခဲ့တယ်လို့ ဝက်လက်မြို့နယ် ပကဖ ဆီက သိရပါတယ်။
နိုဝင်ဘာ ၂၄ ရက်မနက် ၁၀ နာရီခန့်မှာ ဝက်လက်ရဲစခန်းနဲ့ အင်အား ၁၀ ဦးခန့်ရှိတဲ့ စစ်ဆေးရေးဂိတ်ကို ၆၀ မမ ၄ လုံးနဲ့ ၈၀ မမ ၄ လုံး စုစုပေါင်း ဗုံးသီး ၈ လုံးချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
"၄ လက်ဒရုန်း ၃ စီးနဲ့ ၂ ခေါက်သွားချတာ။ ၆၀ က ၁ ကြိမ် ၂ လုံးသယ်နိုင်တယ်။ ၈၀ က ၁ လုံးပဲသယ်နိုင်တယ်။ သစ်ဆိပ်လမ်းစစ်ဆေးရေးဂိတ်က ထိခိုက်တော့ အတည်ပြုနိုင်ခဲ့တယ်။"လို့ ဝက်လက်မြို့နယ် ပကဖ တာဝန်ခံ ကိုနေမျိုးအောင်က ပြောပါတယ်။
ဒရုန်းဗုံးသီးချတိုက်ခိုက်မှုမှာ စစ်ဆေးရေးဂိတ်က စစ်ကောင်စီအဖွဲ့ဝင် ၃ ဦးထိခိုက်ခဲ့တာကို Scout Drone (ကင်းထောက်ဒရုန်း)တွေကနေ အတည်ပြုနိုင်ခဲ့ပြီး ရဲစခန်းအတွင်း ဗုံးသီးတွေကျရောက်ပေါက်ကွဲပေမယ့် ထိခိုက်မှုကို အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။
ဗုံးသီးချခံရပြီးနောက် စစ်ဆေးရေးဂိတ်နဲ့ ရဲစခန်းဘက်က လက်နက်ငယ်ပစ်ခတ်သံတွ ကြားရတာရှိပြီး ဒရုန်းကို လိုက်ပစ်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီနောက် စစ်ကောင်စီဘက်က မြို့ဝင်မြို့ထွက်နေရာတွေမှာ လမ်းသွားလမ်းလာတွေကို စစ်ဆေးတင်းကျပ်တာတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှုကိုတော့ ဝက်လက်မြို့နယ်ပကဖ၊ ဇာမဏီဒရုန်းတပ်ဖွဲ့နဲ့ ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
၂၀၂၃ နိုဝင်ဘာ ၂၁ ရက်ကလည်း ဝက်လက်မြို့နယ်၊ ရွှေပန်းကုံးကျေးရွာရှိ ရဲစခန်းကိုတော်လှန်ရေး ပူးပေါင်းအဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ရဲနဲ့ စစ်ကောင်စီအဖွဲ့ဝင် ၆ ဦးသေဆုံးပြီး ရဲစခန်းကို မီးရှို့ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ရွှေဘိုကျွန်းရွာ အခြေစိုက် အမှတ် ၂၂ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ ၂၂ က ကား ၃ စီးနဲ့ ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေလည်း ပစ်ခတ်တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ Yenather Column ဆီက သိရပါတယ်။
နိုဝင်ဘာ ၂၃ ရက် ညနေ ၅ နာရီလောက်မှာ မြင်းခြံဘက်ကိုထွက်လာတဲ့ အထက်ပါစစ်ကောင်စီ တပ်သားတွေကို ဆိပ်ဖြူမြို့နယ်၊ ၁၀ မိုင်လမ်းဆုံကြားမှာ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“ကျနော်တို့ ပစ်ခတ်လိုက်တဲ့ နောက်ဆုံးကားပေါ်မှာတော့ ၃၅ ဦးပါလာတယ်။ မီတာ ၁၀၀ ဝန်းကျင် ကနေ ပစ်ခတ်ခဲ့တာ၊ ၆ ဦးသေတယ်။ ထိခိုက်ဒဏ်ရာရတာတော့ ၈ ဦးရှိတယ်။ ဆိပ်ဖြူဆေးရုံ အအေးခန်းထဲမှာထားတာ။” လို့ Yenather Column သတင်းနှင့် ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။
စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုနဲ့ ပတ်သက်ပြီး မြေလတ်အသံက သီးခြားအတည်မပြုနိုင်သေးပါဘူး။
ဒီတိုက်ခိုက်မှုကို Yenanthar Column ၊ ပခုက္ကူခရိုင် အမှတ် ၁၉ တပ်ရင်း ဆိပ်ဖြူဘာမထီ တပ်ခွဲ ၁ ၊ တပ်ခွဲ ၂ ၊ ဆိပ်ဖြူမြို့နယ်ပကဖ အနောက်ပိုင်းဇုန် ၁၊ မကွေးတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၂ ရက်ကလည်း ဆိပ်ဖြူမြို့နယ် ဆော-ဆိပ်ဖြူကားလမ်းပိုင်းက စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို Yenanthar Column အဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လစခ ၉ က တပ်သား ၁ ဦး ၃၀၃၆ အမြောက်တပ်က တပ်သား ၁ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရခဲ့ပါသေးတယ်။
ပုံစာ (၁) - ဝက်လက်ရဲစခန်းနဲ့ မြို့အရှေ့ဘက်အထွက်စစ်ဆေးရေးဂိတ်တို့ကို တိုက်ခိုက်နေစဥ်။
ပုံစာ (၂) - ဆိပ်ဖြူမြို့နယ်အတွင်း စစ်ကောင်စီယာဥ်တန်းကို တိုက်ခိုက်စဥ်။
စာတည်း - လင်း
#မြေလတ်အသံ
#စစ်ကိုင်း #မကွေး #ဆိပ်ဖြူ #ဝက်လက် #စစ်ကောင်စီ #တိုက်ခိုက်
Share Share Share