ဝမ်းတွင်းမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရလို့ ၅ ဦးသေဆုံး

ဝမ်းတွင်းမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရလို့ ၅ ဦးသေဆုံး

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ ဒိုင်ကောင်းကုန်းကျေးရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ၄၀ မမ နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ Voice of Wundwin အဖွဲ့ဆီက သိရပါတယ်။

ဒီဇင်ဘာ ၂၃ ရက်မနက် ၅ နာရီခန့်မှာ ကျေးရွာစာသင်ကျောင်းအနီးမှာ အင်အား ၃၀ ခန့်နဲ့တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ၄၀ မမ လက်နက်ကြီး ၂ လုံးနဲ့ ပစ်ခတ်ခဲ့တာလို့ဆိုပါတယ်။

"ပေ ၁၀၀ လောက်အကွာထိကပ်ပြီး သွားပစ်ခဲ့ကြတာ။ လူမသိသူမသိတပ်စွဲနေတာကြာပြီ။ ထိခိုက် သေဆုံးရှိတာကိုတော့ ကိုယ့်လူတွေက သူတို့ မသာတွေ သင်္ချိုင်းကိုသယ်သွားတာကို မြင်လိုက်ရသူတွေ ရှိတယ်။ သင်္ချိုင်းထဲကိုတော့ အပြင်လူအဝင်မခံဘူး။ အဝေးကနေကြည့်ခဲ့ရတာမျိုး"လို့ Voice of Wundwin အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။ 

စစ်ကောင်စီတပ်သားတွေရဲ့ သေဆုံးတာနဲ့ပတ်သက်ပြီး ရာထူးအဆင့်အတန်းတွေကိုတော့ လတ်တလော မသိသေးဘဲ ၅ ဦးသေဆုံးပြီး  ၁ ဦးဒဏ်ရာရတာကတော့ သေချာတယ်လို့ အထက်ပါတာဝန်ခံက ဆက်ပြောပါတယ်။

ဒီပစ်ခတ်တိုက်ခိုက်မှုကို Wundwin Township Revolution Force - WTRFအဖွဲ့ဝင်တွေကပဲ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ 

လက်နက်ကြီးနဲ့ပစ်ခတ်ခံရပြီးနောက် ညနေပိုင်းမှာ ရွာထဲကိုစစ်ကောင်စီဘက်က အင်အား ၂၀ ခန့် အင်အားဖြည့်ထပ်ရောက်လာပြီး ဘန်ကာတွေထပ်ဆောက်ကာ အကာအရံအတားအဆီးတွေကိုလည်း တိုးမြှင့်လုပ်ဆောင်နေတယ်လို့ သိရကြောင်း Voice of Wundwin အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။ 

ဒါ့အပြင် ရွာသားတွေကိုလည်း ည ၆ နာရီကနေ မနက် ၆ နာရီအတွင်း အပြင်မထွက်ရအမိန့်ကို ထုတ်ပြန်ထားကာ မလိုက်နာရင် ပစ်ခတ်မယ်လို့ ပြောဆိုထားတယ်လို့ သိရပါတယ်။ 

ဒီဇင်ဘာ ၂၂ ရက်ညပိုင်းကလည်း ဝမ်းတွင်းမြို့နယ်၊ တမာကန်ကျေးရွာမှာ ရဲဗလတံဆိပ်ရ အုပ်ချုပ်ရေးမှူးနဲ့မိသားစုဝင် ၂ ဦးကို Wundwin Township Revolution Force - WTRFအဖွဲ့ဝင်တွေက ပစ်ခတ်ခဲ့တာကြောင့် သေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#မန္တလေး #ဝမ်းတွင်း #စစ်ကောင်စီ #တိုက်ခိုက်ခံရ #သေဆုံး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10