ဝါမဆိုနိုင်တဲ့ စစ်ရှောင်သံဃာတွေ (ဆောင်းပါး)

ဝါမဆိုနိုင်တဲ့ စစ်ရှောင်သံဃာတွေ (ဆောင်းပါး)

ဆရာတော် ဦးဥတ္တမ(အမည်လွှဲ)ဟာ ဒီနှစ်ဝါတွင်းကာလတလျှောက်လုံး ဦးပုသ်သီလ ဆောက်တည်နိုင်တယ်လို့ကို မရှိခဲ့ပါဘူး။ သူဟာ ပဲခူးတိုင်းအရှေ့ခြမ်း၊ မုန်းမြို့နယ်ထဲက ကျေးရွာတရွာက ကျောင်းထိုင်ဆရာတော် တပါးပါ။  

ဒီနှစ်ထဲ ဝါမဝင်ခင် မေလကတည်းက ဘာသာရေးကို ကောင်းကောင်းမလုပ်နိုင်ဘဲ သူကျောင်းထိုင်ရာ ဘုန်းကြီး ကျောင်းကနေ ထွက်ပြေးလိုက်ရ ပြန်လာလိုက်ရနဲ့ လုပ်နေရတာဟာ ၅ ကြိမ်ရှိနေပြီလို့ သက်တော် ၄၅ နှစ်၊ ဝါတော် ၂၃ ဝါရှိတဲ့ ဦးဥတ္တမက ဆိုပါတယ်။ 

ပဲခူးတိုင်းအရှေ့ခြမ်း၊ မုန်းမြို့နယ်ဟာ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကြား ၂၀၂၂ ကစလို့ တိုက်ပွဲတွေဖြစ်ပွားလာရာ ဒီနှစ်ထဲမှာ ပိုမိုပြင်းထန်လာပြီး စစ်ကောင်စီတပ်တွေဟာ  ဘုန်းကြီကျောင်းတွေကို ဝင်ရောက်တပ်စွဲရင်း သံဃာတော်တွေပါမချန် စစ်ဆေးမေးမြန်း ခြိမ်းခြောက်တာတွေ လုပ်ကြပါတယ်။ 

၂၀၂၂ ကတည်းက ပဲခူးအရှေ့ခြမ်း မုန်းဒေသနဲ့ ကျောက်ကြီးဒေသဟာ စစ်ကောင်စီတပ်တွေနဲ့ KNLA၊ PDF ပူးပေါင်းတပ်တွေအကြား တိုက်ပွဲမကြာခဏဖြစ်နေပြီး  ၂ နှစ်ကျော် ကာလအတွင်း တိုက်ပွဲပေါင်းရာချီ ဖြစ်ပွားထားပါတယ်။

တိုက်ပွဲတွေကြားမှာ လက်နက်ကြီးထိမှန်တာ၊ လေကြောင်းပစ်ခတ်ခံရတာတွေနဲ့ မိုင်းပေါက်ကွဲတာကြောင့် သေဆုံးသူအရပ်သား စုစုပေါင်း ၃၀ ထက်မနည်းရှိပြီး ၁၀၀ ဝန်းကျင်ခန့် ထိခိုက်ဒဏ်ရာရထားတယ်လို့ စစ်ဘေးရှောင်ကူညီရေးအဖွဲ့တွေရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ဒီလိုပြင်းထန်တဲ့တိုက်ပွဲတွေကြောင့် လူတွေသာမက ဒီဒေသမှာရှိတဲ့ သံဃာတော်တွေပါ စစ်ဘေးရှောင်နေရတာကြောင့် အခုနှစ်ဝါတွင်းကာလမှာ ဘုန်းကြီးကျောင်းမှာ သီတင်းသုံးပြီး ဝါမဆိုနိုင်တဲ့ သံဃာတော်တွေ အများအပြားရှိတယ်လို့ ဆရာတော်ဦးဥတ္တမက ဆိုပါတယ်။ 

ဆရာတော်ဥတ္တမနေထိုင်တဲ့ မုန်းမြို့နယ်ထဲက ကျေးရွာကိုလည်း မေ ၁၇ ရက် ညနေ ၅ နာရီမှာ စစ်ကောင်စီစစ်ကြောင်းက ရုတ်တရက်ဝင်ရောက်လာလို့ ဆရာတော်နဲ့အတူ ကျောင်းနေသံဃာ ၅ ပါးဟာ ဗုံးခိုကျင်းထဲမှာ တညဝင်ပုန်းပြီး နောက်တနေ့ မနက်မိုးမလင်းခင်မှာပဲ တခြားရွာက ဘုန်းကြီးကျောင်းကို  ထွက်ပြေးခဲ့ရပါတယ်။ 

"စစ်တပ်က ရွာကိုလာရင် ဘုန်းကြီးကျောင်းမှာ တပ်စွဲတယ်။ ဘုန်းကြီးတွေလည်း မကျန်စစ်မေးတာပဲ။ သူတို့ ကျောင်းမှာလာနေတော့ တဖက်က လာပစ်ရင် ကြားညပ်မှာ” လို့ ဆရာတော်က ပြောပါတယ်။ 

မုန်းနဲ့ ကျောက်ကြီးမှာ တိုက်ပွဲတွေကြောင့် ကျေးရွာပေါင်း ၆၀ နီးပါးက ဒေသခံ ၇၀,၀၀၀ ဝန်းကျင် ထွက်ပြေးနေရပြီး ဒီထဲမှာ သံဃာအပါး ၂၀၀ ကျော်ပါဝင်တယ်လို့ မုန်းမြို့နယ်နဲ့ ကျောက်ကြီးမြို့နယ်ရဲ့ ကရင့်အရေးပေါ် ကူညီကယ်ဆယ်ရေးကော်မတီ တာဝန်ရှိသူတွေက ဆိုပါတယ်။

ဒီသံဃာတော်တွေထဲက တချို့ဟာ လူသူအရောက်အပေါက်နည်းတဲ့ ဝေးလံခေါင်ဖျားအရပ်က ဘုန်းကြီးကျောင်းတွေမှာ လိုက်လံတည်းခိုနေကြပါတယ်။ 

လတ်တလောမှာ စစ်ဘေးရှောင်သံဃာတော်တွေအပါအဝင် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရသူတွေဟာ စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ အမိုးအကာတွေကို အရေးပေါ်လိုအပ်နေတယ်လို့ မုန်းမြို့နယ် ကရင့်အရေးပေါ်ကူညီ ကယ်ဆယ်ရေးကော်မတီက ဆိုပါတယ်။ 

တချို့သံဃာတွေကတော့ ရွာသားတွေနဲ့အတူ တိုက်ပွဲတွေနဲ့ ဝေးရာဆီကို တောလမ်း၊ ရေလမ်းတွေဖြတ်ကာ လှည့်ပတ်ပြေးနေရတာဖြစ်ပြီး ဝါဝင်ကနေ ဝါကျွတ်တဲ့အထိ ဥပုသ်သီလဆောက်တည်ဖို့နေနေသာ ဆွမ်းအချိန်မီစားဖို့၊ တကိုယ်ရည်သန့်ရှင်းရေးလုပ်ဖို့ စတဲ့နိစ္စဓူဝကိစ္စတွေမှာတောင် ဝိနည်းနဲ့အညီနေဖို့ ခက်ခဲကြတယ်လို့ ဆိုပါတယ်။

ဒီလိုအရေးကိစ္စတွေကိုအသာထားလို့ နေ့စဉ်ကြောက်လန့်နေရတဲ့ အဖြစ်ကို ဆရာတော်ဦးဥတ္တမက အခုလို မိန့်ပါတယ်။

“စစ်ရှောင်တဲ့နေရာမှာ နေချိန်အတွင်းတောင် ဘယ်အချိန် ကိုယ့်အနား လက်နက်ကြီးကျလာမလဲဆိုပြီး တွေးပူနေရတယ်" 

အခုနှစ် ဇွန်လထဲမှာဆိုရင် စစ်ကောင်စီရဲ့ နတ်သံကွင်းအထွက်ဂိတ်၊ ခလရ ၆၀ တပ်၊ ခမရ ၅၉၉ တပ်တို့က ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကျောက်ကြီးမြို့နယ်၊ တောကြောင်ပေါက်ကျေးရွာက သက်တော် ၆၀ နှစ်အရွယ်ရှိ သံဃာတပါးဟာ ပျံလွန်ခဲ့ပါသေးတယ်။ 

အရင်က စစ်ဘေးမသင့်ဖူးတဲ့ မြန်မာပြည်မြေပြန့်ဒေသတွေဟာ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်မှာတော့ တိုက်ပွဲတွေပြင်းထန်လာပြီး အခုဆို ရဟန်းသံဃာတွေ ပြုဖွယ်အပ်တဲ့ ဘာသာရေး အလေ့အထကို စိတ်ဖြောင့်ဖြောင့်နဲ့ လုပ်ဖို့နေနေသာသာ အသက်ဘေးအန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်။ 

နွေဦးတော်လှန်ရေးသံဃကွန်ရက်မှ ဆရာတော်မင်းသုညက ဝါတွင်းကာလတွေမှာ ရဟန်းသံဃာတွေဟာ ကိုယ့်ကျောင်းမှာကိုယ် နေထိုင်ရမှာဖြစ်သလို ဝါတွင်း သီတင်းသုံးမယ့်ကျောင်းကိုလည်း ရှာထားရတာမျိုး ရှိပေမယ့် လက်ရှိ မြန်မာနိုင်ငံရဲ့အခြေအနေရ သံဃာတွေဟာ ဝါတွင်းကာလမှာတင်မဟုတ်ဘဲ ဝါပကာလမှာတောင် ကိုယ့်ကျောင်းကိုယ်မနေနိုင်၊ ကိုယ့်နိုင်ငံမှာ ကိုယ်မနေနိုင်ဘဲ ဘေးကင်းရာကို ရှောင်တိမ်းနေကြရတယ်လို့ ဆိုပါတယ်။ 

“စစ်တပ်က လိုက်ဖမ်းတော့၊ ပြေးဟယ်လွှားဟယ်ဆိုတော့ ကျောင်းမှာ မနေနိုင်ကြတော့ဘူပေါ့။ မနေနိုင်တော့ဘူးဆိုကတည်းက ရဟန်းဟာ ရဟန်းအားထုတ်ဖို့ဆိုတာ မလွယ်တော့ဘူးပေါ့။” လို့ ကိုယ်တိုင်ကျောင်းကိုစွန့်ကာ ရှောင်တိမ်းနေရတဲ့ ဆရာတော်မင်းသုညက မိန့်ဆိုပါတယ်။ 

ဝါတွင်းကာလမှာ ရဟန်းသံဃာတွေဟာ မိမိသီတင်းသုံးရာ ဘုန်းကြီးကျောင်းမှာသာ နေထိုင်ရပြီး အရေးကြီးကိစ္စနဲ့ မဖြစ်မနေ ခရီးထွက်လိုပါက ဝါပန်ကာ ၇ ရက်အတွင်း ခရီးသွားလာခွင့်ကို မြတ်စွာဘုရားက ခွင့်ပြုထားတယ်လို့ ဆရာတော်က မိန့်ပါတယ်။ 

ဒါပေမဲ့ ဘုန်းကြီးကျောင်းမှာ မနေနိုင်ဘဲ ရက်ရှည်ကြာအောင် စစ်ဘေးရှောင်နေရတဲ့သံဃာတွေကတော့ ဝါပျက်ရတဲ့အတွက် ကထိန်အာနိသင်မရသလို ကထိန်ခင်းခွင့်လည်း ဆုံးရှုံးရတယ်လို့ ဆရာတော်က မိန့်ပါတယ်။ 

မင်းအောင်လှိုင်ဦးဆောင်တဲ့ အာဏာသိမ်းစစ်တပ်က ဘုန်းကြီးကျောင်းတွေကို ဝင်ရောက်တပ်စွဲပြီး သံဃာတော်တွေကို ဖမ်းဆီးနှိပ်စက်တာ၊ လူဝတ်လဲစေပြီး ထောင်ချတာတွေကို အာဏာသိမ်းစကတည်းကနေ ဒီနေ့အထိ လုပ်ဆောင်နေပါတယ်။ 

၂၀၂၁ ဖေဖော်ဝါရီကနေ ၂၀၂၃ ဧပြီအထိ မြန်မာနိုင်ငံမှာ သံဃာတော် ၇၇ ပါး အဖမ်းခံခဲ့ရတယ်လို့ နိုင်ငံတကာ ဥပဒေပညာရှင်များကော်မရှင် - အိုင်စီဂျေရဲ့အစီရင်ခံစာက ဆိုပါတယ်။ အသက်ဆုံးပါးသွားတဲ့ သံဃာတော်ဆို ၃၃ ပါးရှိပြီလို့ အဲ့ဒီအစီရင်ခံစာမှာ ဖော်ပြပါတယ်။ 

ဒီထဲမှာ စစ်ဘေးရှောင်တွေကို ကူညီလေ့ရှိတဲ့ သီတဂူဗုဒ္ဓတက္ကသိုလ်ဆင်း အရှင်ဂန္ဓသာရဆိုရင် စစ်ကိုင်းက သူ့ဇာတိ ဒီပဲယင်းကွဲကျေးရွာ ဘုန်းကြီးကျောင်းမှာ ခေတ္တတည်းခိုနေတုန်း စစ်ကောင်စီစစ်ကြောင်း ဝင်လာပြီးနောက် သေနတ်နဲ့အပစ်ခံထားရတဲ့ သူ့ရဲ့ရုပ်အလောင်းကို ရွာသားတွေက တွေ့ခဲ့ရပါတယ်။ 

ဒါ့အပြင် ဗုဒ္ဓသာသနိကအဆောက်အအုံနဲ့ ဝတ်ပြုဆုတောင်းရာနေရာ ၉၀ ကျော် ပျက်စီးခဲ့ပြီး လေကြောင်း တိုက်ခိုက်ခံရတာ၊ လက်နက်ကြီးထိမှန်တာနဲ့ မီးရှို့ခံရလို့ ပျက်စီးတာတွေက အများဆုံးဖြစ်နေတာကို တွေ့ရပါတယ်။

အခုလို တိုက်ပွဲတွေဖြစ်နေတဲ့ ပဲခူးအရှေ့ခြမ်း၊ မုန်းမြို့နယ်အတွင်းမှာတော့ စစ်ဘေးရှောင်ရတဲ့ အခြေအနေတွေကြောင့် ဘုန်းကြီးကျောင်းတွေမှာ ကျောင်းနေ သံဃာနဲ့ ကိုရင်တွေလည်း နည်းလာတယ်လို့ စစ်ဘေးရှောင် သံဃာတော်တွေက ဆိုပါတယ်။ 

"အရင်က ဦးဇင်းတို့ကျောင်းမှာဆို ရဟန်း၊ ကိုရင် အနည်းဆုံး ၁၀ ပါးလောက်ရှိတယ်။ အခုတော့ သုံးလေးပါးလောက်ပဲ ကျန်တော့တယ်" လို့ စစ်ဘေးရှောင် ဆရာတော်ဦးဥတ္တမက ဆက်လက်မိန့်ပါတယ်။

ကိုရင်ငယ်တွေဆိုရင် ပြေးလွှားဖို့ မဖြစ်နိုင်လို့ လူထွက်ခိုင်းပြီး သက်ဆိုင်ရာ မိဘတွေထံ ပြန်အပ်ရတဲ့ အခြေအနေထိ ရှိနေပါတယ်။

လူမထွက်ချင်တဲ့ ကိုရင်၊ သံဃာတွေကတော့ စစ်ပွဲနဲ့ လွတ်ရာ တောင်ငူ၊ ရေတာရှည်၊ ဆွာ၊  ရန်ကုန် စတဲ့ မြို့တွေကို ပြောင်းရွှေ့သီတင်းသုံးနေကြရပါတယ်။

အခုလို စစ်ဖြစ်နေတဲ့ဒေသတွေမှာ သံဃာတော်တွေ မရှိတော့တဲ့အတွက် ကျေးရွာအတွင်း နာရေးဖြစ်တဲ့အခါမှာ လူသေအလောင်းကို ဒီအတိုင်း မြေမြှုပ်ပြီး သံဃာတော်တွေ ကျေးရွာကို ပြန်ရောက်လာလို့ တလပြည့်ဆွမ်းသွပ် အလှူလုပ်တဲ့အခါမှ နာရေးရှင်တွေက သရဏဂုံတင်ရတဲ့ အခြေအနေမျိုးတွေလည်းရှိတယ်လို့ ဆိုပါတယ်။ 

မုန်းဒေသမှာတော့ နာရေးအပါအဝင် ဘာသာရေးဆိုင်ရာ အလှူအတန်းတွေလုပ်တဲ့အခါမှာ စစ်ကောင်စီက လက်နက်ကြီးနဲ့ လှမ်းပစ်တာမျိုးတွေ လုပ်တတ်တာကြောင့် အရင်လို အသံချဲ့စက်ဖွင့်တာမျိုး မလုပ်တော့ဘဲ တိုးတိုးတိတ်တိတ်ကျင်းပရတယ်လို့ ဆရာတော်ဦးဥတ္တမက ပြောပါတယ်။ 

ဆရာတော်မင်းသုညကတော့ ဝါတွင်းကာလ ဝါမဆိုရလို့ ကထိန်အာနိသင်မရ၊ ကထိန်ခင်းခွင့်မရတာထက် “ဓမ္မထွန်းကားခွင့်မရတာကတော့ ပိုပြီး အရေးကြီးပါတယ်” လို့ မိန့်ပါတယ်။

စစ်အာဏာရှင်လက်အောက်မှာ မြန်မာနိုင်ငံက ရဟန်းသံဃာတွေ ကိုယ့်ကျောင်းကိုယ်မနေနိုင်၊ ကိုယ့်နိုင်ငံ ကိုယ်မနေနိုင်ဘဲ ထောင်တွေထဲ၊ တောတွေထဲ ရောက်နေပြီး ဓမ္မစစ်၊ ဓမ္မမှန်တွေ ဟောကြားခွင့် မရတဲ့ အခြေအနေကို နွေဦးတော်လှန်ရေးသံဃကွန်ရက်မှ ဆရာတော်မင်းသုညက အခုလို ဆက်ပြီး မိန့်ပါတယ်။ 

“မြန်မာပြည်မှာ ဓမ္မစစ်၊ တရားမှန်တွေ ဟောကြားခွင့် မရှိတာဟာ ဓမ္မပျောက်ဆုံးနေခြင်း၊ ဓမ္မပျက်စီးနေခြင်းသာ ဖြစ်တယ်” 

#မြေလတ်အသံ

#ဆောင်းပါး #သတင်းဆောင်းပါး #ဗုဒ္ဓဘာသာ #သံဃာတော် #ဝါဆို #ဥပုသ်သီလ #စစ်ဘေးရှောင် #ဘာသာရေးအဆောက်အအုံ #သာသနာ #စစ်ကောင်စီ #စစ်တပ် #ဖျက်ဆီး #လေကြောင်းတိုက်ခိုက်မှု #လက်နက်ကြီးပစ်ခတ်မှု #သေဆုံး #ဖမ်းဆီး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10