ဝါယာရှော့ဖြစ်ပြီး ကျားသစ်နက်တပ်မတော်ရဲ့ Rocket ထုတ်လုပ်ရေးစခန်း မီးလောင်၊ ကျပ်သိန်း ၂၀၀ ကျော်ဖိုး ဆုံးရှုံး

ဝါယာရှော့ဖြစ်ပြီး ကျားသစ်နက်တပ်မတော်ရဲ့ Rocket ထုတ်လုပ်ရေးစခန်း မီးလောင်၊ ကျပ်သိန်း ၂၀၀ ကျော်ဖိုး ဆုံးရှုံး

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်း ဂဟေပုံးဝါယာရှော့ဖြစ်ရာက ကျားသစ်နက်တပ်ဖွဲ့ ယင်းမာပင်ခရိုင် တပ်ခွဲ ၄ က Rocket ထုတ်လုပ်ရေးစခန်း မီးလောင်ပြီး ကျပ်သိန်း ၂၀၀ ကျော်ဖိုး ဆုံးရှုံးခဲ့တာဖြစ်တယ်လို့ တပ်ဖွဲ့ရဲ့ ဥက္ကဌ ဦးဥက္ကာက ပြောပါတယ်။

ပုလဲမြို့နယ်ထဲမှာ ယမန်နေ့ မတ် ၂၃ ရက် ညနေ ၃ နာရီ ၁၀ မိနစ်လောက်က ဂဟေပုံးဝါယာရှော့ဖြစ်ပြီး Rocket ထုတ်လုပ်ရေးစခန်း မီးလောင်ခဲ့ရာ Rocket အဖူး ၊ ယမ်းအိတ်၊ ယမ်းထည့်ထားတဲ့ အဖူး၊ ဂဟေပုံးနဲ့ ကျောက်စက်တွေ ဆုံးရှုံးခဲ့ပါတယ်။ 

ဆုံးရှုံးမှုရဲ့ စုစုပေါင်းကာလတန်ဖိုးမှာ သိန်း ၂၀၀ ကျော်ရှိတယ်လို့ ကျားသစ်နက်တပ်မတော် Black Leopard Army ဥက္ကဌ ဦးဥက္ကာက ပြောပါတယ်။

“ပစ္စည်းကတော့ တဲထဲမှာရှိတာ အကုန်ပါသွားတယ်။ အဲဒီစခန်းက Rocket သီးသန့်ထုတ်လုပ်ဖို့ ခွဲထားတာ။ ဘာပစ္စည်းမှ မရလိုက်ပါဘူး” လို့ သူက ဆက်ပြောပါတယ်။

နောက်ထပ်ကျန်ရှိနေသေးတဲ့ ထုတ်လုပ်ရေးစခန်းတွေမှာ ဆက်လက်ထုတ်လုပ်ပြီး တော်လှန်ရေးဆက်လက် ရှေ့ဆက်သွားမှာဖြစ်တယ်လို့ သူက ဆိုပါတယ်။ 

“အခုဆုံးရှုံးရတာကလည်း ပြည်သူကနေ ပံ့ပိုးလှူထားတဲ့ ပစ္စည်းတွေပါ။ မီးလောင်သွားတာကြောင့် ကျနော်တို့ ပြည်သူတွေကိုလည်း တောင်းပန်ပါတယ်။ ကျနော်တို့ရဲ့ပေါ့ဆမှုကြောင့် ဖြစ်သွားရတယ်” လို့  Black Leopard Army ရဲ့ ဥက္ကဌ ဦးဥက္ကာက ပြောပါတယ်။

စခန်းရှိရဲဘော်အများစုဟာ ရှေ့တန်းစစ်ဆင်ရေးတခုသွားနေခြင်းနဲ့ လေ့ကျင့်ရေးသင်တန်းသွားရောက်နေခြင်းကြောင့် စခန်းမီးလောင်တဲ့အချိန်မှာ မီးငြှိမ်းနိုင်တဲ့အင်အားမရှိဖြစ်ပြီး အခုလို ထုတ်လုပ်ရေးစခန်းတခုလုံး လောင်ကျွမ်းသွားတာဖြစ်တယ်လို့ သိရပါတယ်။ 

“ရွာနဲ့လည်းဝေးတဲ့အခါကြောင့်ပါ၊ ရဲဘော်တွေထိခိုက်ဒဏ်ရာရတာတော့ မရှိပါဘူး။ မီးအားကပြင်းတော့ အနားကိုမကပ်နိုင်ဘူး။ တော်လှန်ရေးက ကျနော်တို့ဆက်သွားရမှာဖြစ်တယ်။ လိုအပ်တဲ့ဟာကိုလည်း ပြည်သူတွေဆီကိုပဲ အကူအညီတောင်းရမှာ” လို့ ဦးဥက္ကာက ပြောပါတယ်။

ပုံစာ - ဝါယာရှော့ကြောင့် မီးလောင်ကျွမ်းခဲ့သည့် ကျားသစ်နက်တပ်မတော်၏ Rocket ထုတ်လုပ်ရေးစခန်း။ 

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ယင်းမာပင်မြို့နယ် #ဝါယာရှော့ #ကျားသစ်နက်တပ်ဖွဲ့  #ထုတ်လုပ်ရေးစခန်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10