သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
“ဝါးရွက်စိမ်းများ” လို့ နာမည်ပေးထားတဲ့ ပန်းချီပြပွဲကို ရောက်ခဲ့တယ်။ ဘုတလင်သား ပန်းချီဆရာ နေနီလှိုင်ခရဲ့ ပန်းချီကား ၁၈ ကားကို ပြသထားတဲ့ပွဲ။ အညာသားပန်းချီဆရာရဲ့ ပွဲဆိုပေမယ့် တမာရနံ့၊ ထနောင်းရနံ့တွေ လွှမ်းမနေဘူး။ အညာအငွေ့အသက်တွေ ကင်းမဲ့နေတဲ့ အစိမ်းရောင် ဝါးရွက်တွေသာ မြင်ရတဲ့ပွဲပါ။ ဒါဟာ ပန်းချီပြပွဲရဲ့ ထူးခြားချက်၊ တနည်းအားဖြင့် တော်လှန်ရေးရဲ့ ထူးခြားချက်လို့ စာရေးသူမြင်မိတယ်။
စာရေးသူက ပန်းချီတွေကို ခံစားတတ်လို့ သွားကြည့်တာတော့ မဟုတ်ပါဘူး၊ စိတ်ဝင်စားလို့ပါ။ ကရင်ပြည်နယ် တောတောင်တွေမှာ တော်လှန်ရေးရဲဘော်တွေနဲ့ ၂ နှစ်နီးပါးအတူနေခဲ့တဲ့ ပန်းချီဆရာရဲ့ ရင်ထဲကို ဝင်ကြည့်ရုံမျှပါ။
ပန်းချီဆရာနေနီလှိုင်ခဟာ အညာမှာ မွေးတယ်ဆိုပေမယ့် အညာအသွေးအမွေး မတွေ့ရဘူး။ အရပ်မြင့်မြင့်၊ အသားလတ်လတ်၊ ပိန်ကပ်ကပ်။ ပန်းချီကားတွေကို မကြည့်ခင် သူနဲ့စကားပြောဖြစ်တယ်။ တော်လှန်ရေးရဲဘော်တွေနဲ့ ဝါးရိပ်အောက်မှာ ခိုခဲ့တယ်ဆိုတော့ လက်နက်ကိုင်ခဲ့သေးလား(စစ်သားတယောက်အနေနဲ့ နေခဲ့သေး)လို့ မေးကြည့်မိတယ်။
သူ့ရဲ့ အဓိက အလုပ်ဟာ ရုပ်သံမှတ်တမ်းရိုက်တာ၊ ပန်းချီဆွဲတာပဲဆိုတော့ အဲဒီအလုပ်နဲ့ပဲ နေခဲ့တယ်လို့ ဆိုတယ်။ တော်လှန်ရေးအလုပ်ကို သူတတ်ကျွမ်းတဲ့အနုပညာနဲ့ ရပ်တည်ခဲ့တယ်၊ အခုလည်း ဒီအတိုင်းပဲလို့ သူက ထပ်ရှင်းပြတယ်။
အနုပညာပေါ်မှာ မယိမ်းမယိုင်ရပ်တည်ခဲ့တာကို အထင်ကြီးမိတယ်။ သူ့ပန်းချီလက်ရာတွေအပေါ် လေးလေး နက်နက် ခံစားလိုက်ရတယ်။
သူ့ပန်းချီကားတွေဟာ သူနေထိုင်ခဲ့တဲ့ ဝါးတောထဲက တော်လှန်ရေးရဲဘော်တွေရဲ့ ပုံတွေ များတယ်။ သစ်လွင်တဲ့ အစိမ်းရင့်ရောင် ပြောက်ကျားယူနီဖောင်းဝတ်၊ မောင်းပြန်သေနတ်နဲ့ စနိုက်ပါသေနတ်ကိုင်ထားတဲ့ ရဲဘော်တွေရဲ့ ရုပ်ပုံပန်းချီကားတွေ။
သူ့အနုပညာဖန်တီးမှုမှာ စစ်သားက သေနတ်ကိုင်ထားသလို ခွေးကလေးကိုလည်း ထွေးပွေ့ထားတဲ့ပုံ၊ မလုံခြုံတဲ့ ဘဝမှာ ခွေးလေးတကောင်ကို လွယ်အိတ်ထဲထည့်ပြီး နွေးထွေးတဲ့ လုံခြုံမှုပေးထားတဲ့ စစ်သားရဲ့ ပုံ၊ သေနတ်နဲ့အတူ ပန်းတွေကိုပါ ကျောပိုးထားတဲ့ စစ်သားပုံ၊ စစ်သားရဲ့ သေနတ်မှာ ချိုးငှက်တကောင်နားပြီး ဦးခေါင်းမှာ သံလွင်ခက်ကို ပန်ဆင်ထားတဲ့ပုံ။ စီးကရက်ခဲပြီး တယောထိုးနေတဲ့ စစ်သားပုံ။
ဒီပန်းချီကားချပ်တွေဟာ သူမှီငြမ်းပြီး ရေးဆွဲထားတာလို့ ဆိုတယ်။ သူ့ရင်ဘတ်ထဲ ငြိတွယ်စေတဲ့ ပုံရိပ်၊ တနည်းအားဖြင့် သူ့ရဲ့ အတွင်းစိတ်ကို ဖော်ပြနေတယ်လို့ ဆိုရမယ်။ သူဟာ တော်လှန်ရေးလည်းသိသလို ငြိမ်းချမ်းရေးလည်း ရှိနေတယ်။
ဖရဲသီးစားနေတဲ့ ရဲဘော်၊ ငှက်ပျော်သီးအဖီးလိုက်ကို လည်ပင်မှာဆွဲပြီး သတိဆွဲထားတဲ့ ရဲဘော်၊ ကြမ်းတမ်းတဲ့ လက်တွေနဲ့ ရေဘူး ဖွင့်သောက်နေတဲ့ ရဲဘော်၊ ဒီပန်းချီရုပ်ပုံတွေဟာ ခက်ခဲကြမ်းတမ်းလှတဲ့တော်လှန်ရေးရဲဘော်တွေရဲ့ ဘဝတွေကို ပန်းချီဆရာနေနီလှိုင်ခ က သရုပ်ဖော်ထားတယ်။
Sniper လို့ အမည်ပေးထားတဲ့ ပန်းချီကားမှာ စစ်သားတယောက်ဟာ စနိုက်ပါတလက်ကို ထမ်းပြီး စိုက်ကြည့် နေတယ်။ သူ့ရဲ့အကြည့်ဟာ ခံစားမှုမဲ့နေပေမယ့် သေချာစိုက်ကြည့်လိုက်တဲ့အခါ ခံစားမှုဝေဒနာတခု တက်လာ စေတယ်။ ခံစားမှုမဲ့နေတဲ့ အကြည့်တွေ။ အကြည့်တွေ။
ပြောက်ကျားဘောင်းဘီနဲ့ ရှေးခေတ်မြန်မာရဲမက်စစ်သည်ဝတ်စုံဝတ်ပြီး ဦးထုပ်ဆောင်းထားတဲ့ ရုပ်သေးပန်းချီကားကိုလည်း ထူးထူးခြားခြား တွေ့ရတယ်။ ဒီပန်းချီကားကို ပြပွဲမှာ မပြဘူးလို့ ပန်းချီဆရာနေနီလှိုင်ခ က တွေးမိသေးတယ်လို့ ဆိုတယ်။ ဒါပေမဲ့ ခံစားသူစိတ်ကြိုက်ပဲဆိုပြီး လွှတ်ပေးလိုက်တယ်လို့ သူက ပြောပြတယ်။
နောက်ထပ် အတွေးပွားစေတဲ့ ပန်းချီကားတခုလည်း တွေ့ရပါသေးတယ်။ ဒါကတော့ တော်လှန်ရေးရဲဘော်ကိုင်ထားတဲ့ သေနတ်ကနေ သစ်ပင်ပေါက်နေသလိုဖြစ်နေတဲ့ ပန်းချီကားပါ။ ပန်းချီဆရာဟာ သူ့ရဲ့ဖိတ်စာမှာလည်း ဒီပန်းချီကားကို ဖော်ပြထားတယ်။
စာရေးသူလည်း ဒီပန်းချီကားကို မျိုးစုံအဓိပ္ပါယ်ဖွင့်မိတယ်။ တော်လှန်ရေးလုပ်ခွင့် မရှိ၊ ပစ်ခွင့်မရတဲ့ သေနတ် ပြောင်းဝတွေက သစ်ပင်တွေပေါက်လာတာကို ပြောချင်တာလား၊ သေနတ်ကိုင်ထားပြီး ကျည်ဆန်မရှိတဲ့ သေနတ်ပြောင်းဝမှာ သစ်ပင်တွေ ပေါက်လာတာလို့ ညွှန်းဆိုချင်တာလား၊ ပန်းချီဆရာမှာတော့ ပြောစရာတွေ အများကြီးရှိမယ်လို့ ယုံကြည်တယ်။
ပန်းချီကား ၁၈ ကားမှာ ထူးထူးခြားခြားအနေနဲ့ ပန်းချီကားတခု ပါပါသေးတယ်။ အဲဒီပန်းချီကားမှာ အနီရောင်အင်္ကျီကို ဝတ်ထားတဲ့ လူတယောက်ဟာ ဝမ်းလျားမှောက်နေပါတယ်။ အောက်ပိုင်းမှာ ဘောလုံးကန်ဘောင်းဘီအတိုကိုဝတ်ပြီး ခြေအိတ်စွပ်ထားတယ်။ သူဟာ စစ်သားတယောက်ဆိုတာ သူ့အနားမှာ ချထားတဲ့ သံပိုက်လုံး လက်လုပ်သေနတ်က သက်သေခံနေတယ်။
ပန်းချီကားကို ကြည့်လိုက်တာနဲ့ အညာက စစ်သားရဲ့ ပုံဆိုတာ တက်အပ်သိနိုင်တယ်။ အညာကို မေ့မထားတဲ့ အကြောင်း အညာသား ပန်းချီဆရာက သက်သေပြထားတယ်။
ပန်းချီပွဲလာတဲ့ အမျိုးသမီးတယောက်က ပန်းချီကားကို စေ့စေ့စပ်စပ်ကြည့်တယ်၊ ဝမ်းလျားးမှောက်နေတဲ့ စစ်သားရဲ့ လက်အနားက ဘာလဲလို့ ပန်းချီဆရာကို မေးတယ်။ “ဖိနပ်” လို့ ပြန်ဖြေတယ်။ “အဲဒါဆို နောက်တယောက်ပေါ့” တဲ့။
“ဟုတ်တယ် အညာက စစ်သားတွေ အပုံလိုက်ကျသွားတာ” လို့ ပန်းချီဆရာက ပြန်ဖြေတယ်။
တော်လှန်ရေးလုပ်နေကြတဲ့ ရဲဘော်တွေရော၊ တော်လှန်ရေးလုပ်နေကြတဲ့ ပြည်သူတွေကိုရော စိတ်ဓာတ်ကျသွားတာမျိုး မဖြစ်စေချင်တာကြောင့် ဒီပန်းချီကားကို ထင်ထင်ရှားရှား မဆွဲလိုက်တာလို့ သူက ရှင်းပြတယ်။ အဲဒါမျိုး မဖြစ်စေချင်ဘူးလို့ ပန်းချီဆရာနေနီလှိုင်ခ က ဆိုတယ်။
ဒါ့ကြောင့် ရုတ်တရက် ကြည့်လိုက်ရင် ဒီပန်းချီကားမှာ အညာစစ်သားတယောက်က တောင်ကုန်းပေါ်ကနေ ပစ်ခတ်ဖို့အတွက် ချောင်းမြောင်းနေတဲ့ ပုံစံမျိုးဖြစ်နေတယ်။
မျှော်လင့်ချက်အမှားတွေပေးပြီး တော်လှန်ရေးအောင်မြင်ရင်ပြီးရောဆိုတဲ့ အာပေါင်အာရင်းသန်သန်နဲ့ အော်နေကြသူတွေထဲမှာ ပန်းချီဆရာနေနီလှိုင်ခ မပါဘူးဆိုတာ ထင်ရှားတယ်။ သူ့မှာ တရားရှိတယ်ဆိုတာ သူ့လက်ရာတွေက သက်သေခံနေတယ်။
ပြီးတော့ ဒီပန်းချီကားတွေအားလုံးဟာ တော်လှန်ရေးအတွက်ဖြစ်တယ်လို့ သိရတယ်။ ပန်းချီဆရာဟာ တော်လှန်ရေးမှာ သူတတ်ကျွမ်းတဲ့အနုပညာနဲ့ ပါဝင်တယ်၊ အားစိုက်ထားတယ်။
အညာအငွေ့အသက်တွေပါတဲ့ ပန်းချီကားတွေ၊ အမှန်တရားကို ရဲရဲကြီးဖော်ထုတ်မယ့် ပန်းချီဆရာ နေနီလှိုင်ခရဲ့ ပန်းချီကားတွေကို မြင်ခွင့်ရဦးမယ်ဆိုတာ စာရေးသူ ယုံကြည်တယ်။ သူဆွဲချင်သေးတဲ့ ပန်းချီကားတွေ သူ့ရင်ထဲမှာ ရှိနေသေးတယ်ဆိုတာ စာရေးသူ မြင်ခဲ့ရတယ်။
#မြေလတ်အသံ
#ဝါးရွက်စိမ်းများ #ပန်းချီပြပွဲ #နေနီလှိုင်ခ #အက်ဆေး #တော်လှန်ရေး #အနုပညာ
Share Share Share