သစ်တင်လာတဲ့ ၁၀ ဘီးကားက နေအိမ်ဝင်တိုက်လို့ ကလေးငယ် ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရ

သစ်တင်လာတဲ့ ၁၀ ဘီးကားက နေအိမ်ဝင်တိုက်လို့ ကလေးငယ် ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရ

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ သာဂရ-ကိုးပင် ရိုးမဖြတ်ကျော် ဖိုးကျားဆင်စခန်းအနီးမှာ သစ်တင်လာတဲ့ ၁၀ ဘီးကားတစီးက အိမ်တလုံးကို ဝင်တိုက်လို့ ကလေးငယ် ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီလ ၇ ရက်မနက် ၅ နာရီခန့်မှာ ရိုးမထဲကနေ သစ်တင်လာတဲ့ ၁၀ ဘီးကား ၁ စီးဟာ လမ်းအတိုင်းမောင်းလာချိန် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ပြီး လမ်းဘေးက နေအိမ်ကို ဝင်တိုက်မိခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။

"သစ်တင်ကားက ကုန်းဆင်းမှာ မှောက်တာ။ အဆင်းဆိုတော့ အရှိန်ပါပြီး လမ်းဘေးရှိနေတဲ့ နေအိမ်ပေါ်ကို သွားပိတာ။ ကားသမားက သူအရှိန်ကို သူမထိန်းနိုင်ဘဲ ဖြစ်သွားတာ။ ကားပေါ်မှာကလည်း ယာဥ်အကူမပါဘဲ ယာဥ်မောင်းတယောက်တည်း မောင်းလာတာ" လို့ ပြောပါတယ်။

သစ်ကားက ဝင်တိုက်လို့ နေအိမ်ပျက်စီးသွားတဲ့အပြင် နေအိမ်ထဲအိပ်နေတဲ့ အသက် ၁၁ နှစ်အရွယ် ကလေး ၁ ဦး ကားပိမိသေဆုံးသွားသလို အိမ်ရှင်ဖြစ်သူ အသက် ၄၀ ခန့်အမျိုးသား ၁ ဦးနဲ့ ယာဥ်မောင်း အသက် ၂၇ နှစ်အရွယ် အမျိုးသားတို့ ထိခိုက်ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။

ဒဏ်ရာရသူတွေကိုတော့ ဒေသလူမှုကူညီရေးအသင်းတွေက ဆွာဆေးရုံကို ပို့ဆောင်ထားပြီး သေဆုံးကလေးငယ်ကိုတော့ နာရေးကိစ္စပြုလုပ်ဖို့ စီစဥ်နေတယ်လို့ သိရပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10