သပိတ်ကျင်းက ရေဘေးသင့်ကျေးရွာ ၁၀ ရွာကျော် အကူအညီလိုအပ်နေ

သပိတ်ကျင်းက ရေဘေးသင့်ကျေးရွာ ၁၀ ရွာကျော် အကူအညီလိုအပ်နေ

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်က ရေဘေးသင့်ကျေးရွာ ၁၄ ရွာမှာ အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

အဲ့ဒီကျေးရွာတွေက ဒေသခံ ၁ သောင်းကျော်မှာ ရေဘေးသင့်နေတာ ၈ ရက်ကျော်ရှိလာတဲ့အတွက် စားနပ်ရိက္ခာ၊ ယာယီတဲဆောင်တွေ ဆောက်လုပ်ဖို့ အမိုးအကာတွေနဲ့ သောက်ရေသန့် လိုအပ်နေတာလို့ ဆိုပါတယ်။ 

"လူတွေအထိအခိုက်တော့ မရှိဘူး။ ပျက်စီးသွားတဲ့ အိမ်တွေရဲ့အခြေအနေကိုတော့ ရေပြန်ကျမှ သိရမယ်ဗျ။ အခုထိတော့ ရေက မကျသေးဘူးဗျ။"လို့ ရေဘေးသင့်ပြည်သူတွေကို ကူညီရေးတွေ ဆောင်ရွက်ပေးနေတဲ့ အမျိုးသားတဦးက ပြောပါတယ်။

ဆညှပ်ကုန်း၊ မန်ကျည်းကုန်း၊ ဝဲကြီး၊ ရေယာဥ်၊ လက်ပံကုန်း၊ ဆယ်ဇင်းကုန်း၊ ငလျင်ပြို၊ လယ်ကြီး၊ ခရမ်းစပ်ကုန်း၊ ဇင်းချောင်း၊ မင်းကုန်း၊ ပုတီးဖြူ၊ ပေါက်တပင်၊ ဘုရားကိုးဆူ စတဲ့ကျေးရွာတွေက ဒေသခံတွေ အဓိက အကူညီတွေလိုအပ်နေကြတာပါ။ 

"မြစ်ဘေးစွန်းကျတဲ့ အိမ်တွေကတော့ အမိုးပဲလွတ်တယ်။ နောက်ပိုင်းကျတဲ့အိမ်တွေကတော့ ကြမ်းပြင်ထိတယ်။ ရေမြုပ်နေတာက ပေအနေနဲ့ဆို ခန့်မှန်း ပေ ၃၀ ကျော်လောက်ထိတက်တယ်"လို့ အထက်ပါအမျိုးသားက ဆိုပါတယ်။

ဧရာဝတီမြစ်ရေဟာ သပိတ်ကျင်းမြို့ နယ်ထဲကို ဇူလိုင် ၅ ရက်က စတင်ဝင်ရောက်လာခဲ့တာဖြစ်ပြီး ဇူလိုင် ၁၃ ရက်ဒီကနေ့အထိ ရေပြန်မကျသေးဘူးလို့ သူကဆက်ပြောပါတယ်။

လက်ရှိကျေးရွာနေအိမ်တွေမှာ ရေနစ်မြုပ်နေတာကြောင့် ဒေသခံတွေကိုတော့ ကုန်းမြင့်ပေါ်မှာရှိတဲ့ ဘုန်းကြီးကျောင်းတွေနဲ့ စာသင်ကျောင်းတွေမှာ ခိုလှုံဖို့ ပြောင်းရွှေ့ပေးထားတယ်လို့ သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#မန္တလေး #သပိတ်ကျင်း #ရေကြီး #ဒေသခံအခက်တွေ့ #သဘာဝဘေးအန္တရာယ် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10