သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးရဲစခန်းကို PDF တွေ အပြီးသတ်သိမ်းယူ

သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးရဲစခန်းကို PDF တွေ အပြီးသတ်သိမ်းယူ

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးကျေးရွာရှိ ရဲစခန်းကို တော်လှန်ရေးတပ်တွေက အပြီးသတ်သိမ်းယူထားနိုင်ပြီး စစ်ကောင်စီက လေကြောင်းကနေ တရစပ်ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ဆောင်နေတယ်လို့  ဒေသခံတွေက ပြောပါတယ်။

စဉ့်ကူးမြို့နယ်နဲ့ သပိတ်ကျင်းမြို့နယ်စပ်ဖြစ်နေတဲ့ ချောင်းကြီးကျေးရွာရဲစခန်းကို တော်လှန်ရေးတပ်တွေ သိမ်းယူနိုင်ဖို့ ကြိုးစားခဲ့တာ တလနည်းပါးကြာမြင့်ခဲ့ပြီး သြဂုတ် ၁ ရက်ကပဲ သိမ်းယူနိုင်ခဲ့တာလို့ သိရပါတယ်။

"ချောင်းကြီးရပါပြီ။ အလောင်း၊ လက်နက်တွေလည်း ရထားတယ်လို့ သိရပါတယ်။ အသေးစိတ်တော့ မသိရသေးပါဘူး" လို့ တိုက်ပွဲနဲ့ နီးစပ်တဲ့ ရဲဘော်တဦးက ပြောပါတယ်။

စစ်ကောင်စီဘက်ကလည်း မနေ့က ချောင်းကြီးရဲစခန်းကျသွားတာကို ဝန်ခံထားပြီး လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

ချောင်းကြီးကျေးရွာနဲ့ကပ်လျက်က ကျေးရွာမှာနေထိုင်တဲ့ ဒေသခံတဦးကို မြေလတ်အသံက မနေ့ကညနေ ပိုင်းမှာ ဆက်သွယ်ကြည့်ရာမှာ ချောင်းကြီးရဲစခန်းကို တော်လှန်ရေးတပ်တွေ သိမ်းယူထားနိုင်ပြီးနောက် စစ်ကောင်စီရဲ့ ရဟတ်ယာဥ်တွေ ဆက်တိုက်ဝဲနေပြီးဗုံးကြဲနေတယ်လို့ဆိုပါတယ်။

ဒါ့အပြင် အင်တာနက်အပါအဝင် ဆက်သွယ်ရေးလိုင်းအားလုံးလည်း ဖြတ်တောက်ထားတယ်လို့ ဆိုပါတယ်။

"စာသင်ကျောင်းရော၊ ရွာထဲရော အကုန်ပျက်စီးသွားပြီ။ တအုံးအုံးနဲ့ မနားမနေကို ကြဲချနေတာ။ ကျမတို့လည်း အပြင်ကို မထွက်ရဲဘူး။ ဘယ်အချိန် ကိုယ့်ဘက် ရမ်းကြဲမလဲ စိုးရိမ်နေရတာ" လို့ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေးဒုတိယလှိုင်းမှာ  မန္တလေးတိုင်းအတွင်းက စစ်ကောင်စီ စိုးမိုးထားတဲ့နယ်မြေအများစု သိမ်းယူခံနေရပြီး စစ်တပ်ကလည်း ရေကြောင်းကနေ အင်အားဖြည့်တင်းမှု တချို့လုပ်နေတယ်လို့ သိရပါတယ်။

ပုံစာ - စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် စာသင်ကျောင်းနှင့်အဆောက်အဦအခချို့။ (ဓါတ်ပုံ - Min Khant Kyaw)

သတင်း - N၊ စာတည်း - လင်းဇေ

#မြေလတ်အသံ

#မန္တလေးတိုင်း #သပိတ်ကျင်း #ချောင်းကြီးကျေးရွာ #ရဲစခန်း #စခန်းသိမ်းတိုက်ပွဲ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10