သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ထန်းတောဆိပ်ကျေးရွာအုပ်စု၊ သပြေသာကျေးရွာဘုန်းကြီးကျောင်းမှာ တော်လှန်ရေးအဖွဲ့တွေနဲ့ ဒေသခံပြည်သူတွေ အစည်းဝေးလုပ်နေချိန် စစ်ကောင်စီက လေကြောင်းသုံး ဗုံးကြဲတိုက်ခိုက်ခဲ့ရာ သံဃာ ၂ ပါးအပါ သေဆုံးသူ ၈ ဦးနဲ့ ဒဏ်ရာရသူ ၅၀ ကျော်ရှိတယ်လို့ ဒေသခံတွေ ဆီကသိရပါတယ်။
ဇွန် ၈ ရက်မနက် ၁၁ နာရီခန့်က သပြေသာကျေးရွာဘုန်းကြီးကျောင်းမှာ မြို့နယ်နဲ့ရပ်ကျေးအဆင့် ပကဖ၊ ပအဖအဖွဲ့ဝင်တွေနဲ့ ရပ်ရွာဒေသခံအချို့ အစည်းအဝေးလုပ်နေချိန်မှာ တံတားဦးဘက်ကတက်လာတဲ့ စစ်ကောင်စီတိုက်လေယာဥ်တွေပေါ်ကနေ ဗုံး ၉ လုံးကြဲခဲ့သလို ရော့ကက်တွေနဲ့လည်း အနည်းဆုံး ၁၀ လုံးဝန်းကျင် ပစ်ခတ်ခဲ့တာပါ။ (ကနဦးသတင်း)
ဒီလေကြောင်းတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်းအတွင်းရှိနေတဲ့ ကျောင်းထိုင်ဆရာတော်နဲ့ သံဃာ ၁ ပါး၊ ထောက်ပို့လင်မယား ၂ ဦးနဲ့ ပြည်သူ့ကာကွယ်ရေးရဲဘော် ၄ ဦး သေဆုံးခဲ့ပြီး အားလုံးဟာ အသက် ၃၀ ကနေ ၆၀ ကြား အရွယ်ဖြစ်တယ်လို့ ဆိုပါတယ်။
"မနေ့ကအထိ ရှင်းလင်းပြီးချိန်မှာ သေဆုံးသူတွေက သံဃာ ၂ ပါး။ တော်လှန်ရေးအတွက် ထောက်ပို့ လုပ်နေသူလင်မယား ၂ ဦး။ ကျန်တာက ပကဖရဲဘော်တွေဖြစ်တယ်။ ဒဏ်ရာရ သူတွေထဲမှာလည်း ပြည်သူ ၁၅ ဦးလောက်ပါတယ်။ ကျန်တာ ပကဖ၊ ပလဖ၊ PDF ရဲဘော်တွေ။ ကလေးတွေတော့မပါဘူး"လို့ ဒေသခံတဦးကပြောပါတယ်။
သေဆုံးဒဏ်ရာရသူတွေကိုတော့ ဒေသခံတွေနဲ့တော်လှန်ရေးအဖွဲ့တွေဘက်က ကူညီကယ်ဆယ်တာ၊ နီးစပ်ရာဆေးတပ်ဖွဲ့တွေဆီပို့ဆောင်ပြီး ဆေးကုမှုပေးနေတာတွေ လုပ်ဆောင်ပေးနေတယ်လို့ ဆိုပါတယ်။
ဒဏ်ရာရသူတွေထဲမှာလည်း စိုးရိမ်ရသူအချို့ ရှိနေသေးတာကြောင့် ဆေးကုသမှုတွေကို တော်လှန်ရေးအဖွဲ့တွေဘက်က သေချာကြပ်မတ်ကုသနေကြရပါတယ်။
ဒါ့အပြင် ဇွန် ၉ ရက် မနက် ၇ နာရီလောက်ကစတင်ပြီး စစ်ကောင်စီဘက်က အင်အား ၂၀၀ ခန့်ဟာ သပြေသာကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံတွေ တိမ်းရှောင်နေကြရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
အခုဇွန်လဆန်းပိုင်းအတွင်း စစ်ကောင်စီက စစ်ကိုင်းတိုင်းအတွင်းကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ဆိုသလို လုပ်ဆောင်လာတာဖြစ်ပြီး ဇွန် ၈ ရက် မနေ့ကမနက် ၉ နာရီလောက်မှာလည်း စစ်ကိုင်းတိုင်း၊ ကလေးဝမြို့နယ်၊ အောင်ချမ်းသာကျေးရွာအနီးက ဘုရားကြီးဝန်းကိုထဲကို Mi 35 ရဟက်ယာဥ်နဲ့ လာရောက်ပစ်ခတ်ခဲ့တာကြောင့် အဆောက်အအုံအချို့ပျက်စီးခဲ့ပါတယ်။
ဒါ့အပြင် ဇွန် ၃ ရက်ကလည်း စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ မတောကျေးရွာမှာလည်း မင်္ဂလာဆောင်လုပ်နေချိန် လေကြောင်းကနေဗုံးကြဲခံရလို့ ကလေးငယ် ၈ ဦးအပါအဝင် ၃၀ ဦးသေဆုံးပြီး ၄၇ ဦးကျော်ဒဏ်ရာရခဲ့ပါသေးတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#စစ်ကိုင်း #သပြေသာကျေးရွာ #စစ်ကောင်စီ #လေကြောင်းတိုက်ခိုက် #သေဆုံး
Share Share Share