သမင်အင်းကုန်းရွာကို စစ်တပ်က တပတ်အတွင်း လက်နက်ကြီး ၃ ကြိမ်ပစ်လို့  ၄ ဦးဒဏ်ရာရ

သမင်အင်းကုန်းရွာကို စစ်တပ်က တပတ်အတွင်း လက်နက်ကြီး ၃ ကြိမ်ပစ်လို့  ၄ ဦးဒဏ်ရာရ

ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ သမင်အင်းကုန်းကျေးရွာမှာ စစ်ကောင်စီတပ်ကပစ်ခတ်တဲ့ လက်နက်ကြီးထိမှန်လို့ ဒေသခံ ၄ ဦးဒဏ်ရာရခဲ့တယ်လို့ ဇူလိုင် ၁ ရက်မှာ KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။

ဇွန်လ ၂၅ ရက် မနက်အစောပိုင်းနဲ့ နေ့လယ်ပိုင်းတို့မှာ ပိန်းဇလုပ်အခြေစိုက် ခလရ-၂၆၄ တပ်ရင်းက ၁၂၀ မမ လက်နက်ကြီး ၂ ကြိမ်ပစ်ခတ်ခဲ့ရာ သမင်အင်ကုန်းကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး စောမဲလေး အသက် ၄၆ နှစ် ဦးချစ်ကို၊ အသက် ၇၂ နှစ် ဦးမျိုးမြင့်တို့  ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် ၁ လုံး ပျက်စီးခဲ့တယ်လို့ဆိုပါတယ်။

ဇွန်လ ၂၉ ရက်မှာလည်း အဆိုပါတပ်ရင်းကပဲ သမင်အင်းကုန်းကျေးရွာဘက်ကို ၁၂၂ မမ ဟောင်ဝှစ်ဇာ  ၃ လုံး  ထပ်မံပစ်ခတ်ခဲ့ရာ ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး   အသက် ၄၈ နှစ်အရွယ် ဒေါ်တင်ဌေး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြပါတယ်။

"စကစဘက်က တပတ်အတွင်းမှာ လက်နက်ကြီးတွေက သမင်အင်းကုန်းရွာထဲကိုပဲ ချိန်ရွယ်ပစ်နေတာ။ ဘာသတင်းတွေရထားလဲတော့မသိဘူး။ ရွာထဲကိုကျတော့ PDF တွေရော KNU အဖွဲ့တွေကော နေထိုင်တာမှမရှိတာ။ ဘယ်လိုသတင်းအမှားတွေရပြီးပစ်နေလဲတော့မပြောတတ်ဘူး" လို့ ရွာခံတဦးက မြေလတ်အသံကို ပြောပါတယ်။

လက်နက်ကြီးဗုံးသီးစထိမှန်ပြီး ထိခိုက်ဒဏ်ရာရသူတွေဟာ ခြေထောက်နဲ့လက်တွေမှာအများဆုံး ဒဏ်ရာရကြပြီး ကျောက်တံခါးဆေးရုံမှာ ဆေးကုသမှုခံယူနေရဆဲ ဖြစ်တယ်လို့ သိရပါတယ်။

ပိန်းဇလုပ်အခြေစိုက် စစ်ကောင်စီတပ် ခလရ ၂၆၄ ကနေ လက်နက်ကြီးတွေ မကြာခဏပစ်ခတ်နေလို့ ကျောက်တံခါး၊ ရွှေကျင်၊ ကျောက်ကြီးမြို့နယ်အတွင်းက ဒေသခံပြည်သူတွေ လက်နက်ကြီးဗုံးစထိမှန်ကာ သေဆုံးဒဏ်ရာရတာတွေ ဖြစ်ပွားနေတာပါ။

ဇွန်လ ၂၅ ရက် မနက်ပိုင်းကလည်း ကျောက်တံခါးမြို့၊ စျေးပိုင်းရပ်ကွက်မှာ လက်နက်ကြီးကျလို့ ပြည် သူ ၁ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရတယ်လို့ သိရပါတယ်။

စာတည်း- ဟိန်းစံ။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10