သမိုင်းထဲက ဖယ်ဒရယ်နှင့် တိုင်းရင်းသားတန်းတူရေးဆိုင်ရာ သင်ခန်းစာများ

သမိုင်းထဲက ဖယ်ဒရယ်နှင့် တိုင်းရင်းသားတန်းတူရေးဆိုင်ရာ သင်ခန်းစာများ

မြန်မာနိုင်ငံတွင် လွတ်လပ်ရေးရပြီးချိန်နှင့်တပြိုင်နက် ဖြစ်ပေါ်လာသည့် ပြည်တွင်းစစ်သည် လက်ရှိအချိန်အထိ ၇၅နှစ်ကျော် ကြာမြင့်ခဲ့ပြီဖြစ်ပြီး ဗမာပြည်ကွန်မြူနစ်ပါတီနှင့် ဖဆပလအစိုးရသဘောထားကွဲလွဲရာမှ ပြည်တွင်းစစ်မီး စတင်တောက်လောင်ခဲ့သည်။ 

တပြိုင်နက်တည်းမှာပင် လွတ်လပ်ရေးရပြီးချိန်မှစ၍ အမျိုးသားတန်းတူညီမျှမှုမရှိခဲ့မှုများကို အခြေတည်ကာ တိုင်းရင်းသားများက လက်နက်ကိုင်ဆန့်ကျင်မှုများ ပေါ်ပေါက်လာခဲ့သည်။ တိုင်းရင်းသားပြည်နယ်များ တန်းတူညီမျှမှုနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်များရရှိမည့် 

ဖက်ဒရယ်စနစ်တရပ် ဖြစ်ပေါ်လာရေးအတွက် လက်နက်ကိုင်တော်လှန်နေကြခြင်းလည်း ဖြစ်သည်။  

ဖက်ဒရယ်စနစ်ဆိုတာဘာလဲ

ဖက်ဒရယ်စနစ်သည် နိုင်ငံဖွဲ့စည်းပုံနှင့် အုပ်ချုပ်ပုံစနစ်တစ်မျိုးဖြစ်သည်။ ဖက်ဒရယ်စနစ်တွင် တနိုင်ငံလုံးကိုလွှမ်းခြုံသည့် ဗဟိုအစိုးရ (Central Government) တနည်း ဖက်ဒရယ်အစိုးရ (Federal Government) နှင့် ပြည်နယ်အစိုးရများ (State Governments) အကြား အာဏာခွဲဝေကျင့်သုံးခြင်းဖြစ်သည်။ အဆိုပါ အစိုးရနှစ်ရပ်မှာ တခုနှင့်တခု အမှီအခိုကင်းစွာ ရပ်တည်အုပ်ချုပ်ကြသည်။ 

ဗဟိုအစိုးရသည် နိုင်ငံတခုလုံးအတွက်အစိုးရဖြစ်ပြီး ပြည်နယ်အစိုးရများသည် ဗဟိုအစိုးရကျင့်သုံးသည့် အာဏာများမှအပ ကျန်အာဏာများကို ကျင့်သုံးခွင့်ရှိသည်။ ဥပမာ နိုင်ငံခြားရေးနှင့် ငွေကြေးမူဝါဒများကို ဗဟိုအစိုးရက ဆုံးဖြတ်ဆောင်ရွက်ပြီး ပညာရေး၊ ကျန်းမာရေးနှင့် စီးပွားရေးမူဝါဒများကို ပြည်နယ်အစိုးရများက သက်ဆိုင်ရာပြည်နယ်အလိုက် သင့်လျော်သလို စီမံအုပ်ချုပ်ခြင်းဖြစ်သည်။ 

ဖက်ဒရယ်ယူနစ်/ပြည်နယ်များအကြား တန်းတူညီမျှမှုနှင့်ကိုယ်ပိုင်ပြဌာန်းခွင့် ရှိရမည် ဖြစ်သည်။ ဖက်ဒရယ်စနစ်တွင် ပြည်နယ်အစိုးရများသည် ဖက်ဒရယ်အစိုးရ၏ လက်အောက်ခံများ မဟုတ်ပါ။

ကမ္ဘာပေါ်တွင် ဖက်ဒရယ်အုပ်ချုပ်ရေးစနစ်ကျင့်သုံးသည့်နိုင်ငံ ၂၈ နိုင်ငံရှိပြီး အများအား ဖြင့် နယ်မြေဧရိယာကြီးမားကျယ်ဝန်းသည့် နိုင်ငံများနှင့် လူမျိုး၊ ဘာသာစကားစုံလင်သည့်နိုင်ငံများတွင် ကျင့်သုံးကြသည်။ 

၁၉၄၇ အခြေခံဥပဒေနှင့် ခွဲထွက်ခွင့်

 မြန်မာနိုင်ငံတွင် ၁၉၄၈ လွတ်လပ်ရေးရပြီးနောက် ၁၉၄၇ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဖြင့် ပါလီမန်ဒီမိုကရေစီစနစ်ကို ကျင့်သုံးခဲ့သော်လည်း ဗဟိုချုပ်ကိုင်မှုများပြားကာ ချင်း၊ ကချင်၊ ရှမ်းအပါအဝင် တိုင်းရင်းသားများအနေဖြင့် ဗဟိုအစိုးရလက်အောက်ခံအဖြစ်သာ နေခဲ့ကြရသည်။

လွတ်လပ်ရေးကို ပူးတွဲရယူရန် ပင်လုံစာချုပ်တွင် လက်မှတ်ရေးထိုးခဲ့ခြင်းသည် ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားများအကြား နှုတ်ကတိပေးခဲ့သည့် တန်းတူညီမျှမှုအပါအဝင် အချက် ၄ ချက်ကြောင့်သာ တိုင်းရင်းသားများက လက်မှတ်ထိုးခြင်းဖြစ်သည်ဟု ရှမ်းနိုင်ငံရေးသမားကြီး ဦးရွှေအုံး၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိတွင် ရေးသားထားသည်။

အဆိုပါ ကတိကဝတ်အရ ရှမ်း၊ ကချင်၊ ချင်း တိုင်းရင်းသားများနှင့် ဗမာပြည်မ (Ministerial Burma)အကြား တန်းတူညီမျှမှုရှိရမည်ဖြစ်သည်။ သို့သော်လည်း ဗိုလ်ချုပ်အောင်ဆန်း သေဆုံးပြီးနောက် အတည်ပြုခဲ့သည့် ၁၉၄၇ အခြေခံဥပဒေအရ တိုင်းရင်းသားများမှာ အမျိုးသားတန်းတူညီမျှခွင့်မရှိဘဲ ဗမာပြည်မအစိုးရအောက်တွင် အုပ်ချုပ်ခံအဖြစ်သာ နေခဲ့ရသည်။ 

၁၉၄၇ အခြေခံဥပဒေအရ လွတ်လပ်ရေးရပြီး ၁၀ နှစ်ပြည့်သည့်အခါ ပြည်နယ်များအနေဖြင့် ခွဲထွက်လိုက ခွဲထွက်ခွင့်ရှိသည်။ တိုင်းရင်းသားများကမူ ပြည်နယ်များခွဲထွက်ခြင်းထက် တန်းတူညီမျှမှုရှိသည့် ဖက်ဒရယ်စနစ်ပေါ်လာရေးကိုသာ အဓိက လုပ်ဆောင်ခဲ့ကြသည်။ 

 တန်းမတူမှုများနှင့် ဖက်ဒရယ်လှုပ်ရှားမှုများ

၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ လူမျိုးစုလွှတ်တော်ကိုယ်စားပြုမှုအတွက် ပါလီမန်အမတ် ၁၂၅ ဦးတွင် ကရင်နီ(ယခုကယား)ပြည်နယ်က ၃ ဦးဖြင့် ၂ ရာ ခိုင်နှုန်း၊ ချင်းဝိသေသတိုင်း (ယခုချင်းပြည်နယ်)က ၈ ဦးဖြင့် ၇ ရာခိုင်နှုန်း၊ ကချင်ပြည်နယ်က ၁၂ ဦးဖြင့် ၁၀ ရာခိုင်နှုန်း ၊ ရှမ်းပြည်နယ်က ၂၄ ဦးဖြင့် ၁၉ ရာခိုင်နှုန်း၊ ကရင်လူမျိုးများကိုယ်စားလှယ်အတွက် ၂၅ ဦးဖြင့် ၂၀ ရာခိုင်နှုန်းသာရရှိပြီး ဗမာပြည်မအတွက် ကိုယ်စားပြုမှု ၅၃ ဦး နဲ့ ၄၂ ရာခိုင်နှုန်းရရှိထားသဖြင့် အမျိုးသားရေးတန်းတူညီမျှမှု မရှိဟုဆိုရမည်။ 

လွတ်လပ်ရေးရပြီးစ အဆိုပါကာလတွင် ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်တို့သည် ကိုလိုနီခေတ်အုပ်ချုပ်မှုအတိုင်း ဗမာပြည်မ (Ministerial Burma)နှင့် တွဲလျက်ရှိနေခဲ့သည်။

ယင်းကဲ့သို့ ကိုယ်စားပြုခွဲဝေမှုသည် သေးငယ်သည့်တိုင်းရင်းသားပြည်နယ်များ၏ အကျိုးစီးပွားများနှင့်ပတ်သက်သည့် အရေးကြီးကိစ္စများအတွက် လူမျိုးစုလွှတ်တော်တွင် ဆုံးဖြတ်ရမည်ဆိုလျှင် ဗမာကို ကိုယ်စားပြုထားသည့် အရေအတွက်မှာ သာလွန်များပြားနေသည်။ ထို့ကြောင့် တိုင်းရင်းသားပြည်နယ်များနှင့် ဗမာပြည်မကြား တန်းတူညီမျှမှုရရှိနိုင်ရေး၊ စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စု ဖော်ဆောင်ရေးအတွက် ဖက်ဒရယ်လှုပ်ရှားမှု (Federal Movement)မှာ ၁၉၅၈ ခုနှစ်နောက်ပိုင်း အားကောင်းလာခဲ့သည်။

တောင်ကြီးညီလာခံ

ဖက်ဒရယ်လှုပ်ရှားမှု၏ အမြင့်မားဆုံးသော အောင်မြင်မှုတစ်ခုမှာ တိုင်းရင်းသားပေါင်းစုံတက်ရောက်သော တောင်ကြီးညီလာခံ ကျင်းပနိုင်ခဲ့ခြင်းဖြစ်သည်။ တောင်ကြီးညီလာခံသို့ ကရင်နီပြည်နယ်ကိုယ်စားလှယ် ၂၀ ဦး၊ မွန်ပြည်နယ်ကိုယ်စားလှယ် ၁၃ ဦး၊ ရခိုင်ပြည်နယ် ကိုယ်စားလှယ် ၅ ဦး၊ ကရင် ပြည်နယ်ကိုယ်စားလှယ် ၂၇ ဦး၊ ချင်းပြည်နယ်ကိုယ်စားလှယ် ၅ ဦး၊ ကချင်ပြည်နယ်ကိုယ်စားလှယ် ၂၆ ဦး၊ ရှမ်းပြည်နယ်ကိုယ်စားလှယ် ၁၃၀ ဦးဖြင့် တိုင်းရင်းသားကိုယ်စားလှယ် ၂၂၆ ဦး၊ လေ့လာသူ ၁၀၄ ဦး စုစုပေါင်း ၃၃၀ ဦး တက်ရောက်ခဲ့သည်။

ညီလာခံမှ ဗမာ၊ ရှမ်း၊ ကချင်၊ ကရင်၊ ကရင်နီ(ကယား)၊ ချင်း၊ ရခိုင်၊ မွန် စသည့် ပြည်နယ် ၈ ခုဖြင့် ပြည်ထောင်စုကိုဖွဲ့စည်းကာ ပြည်နယ်အားလုံး တန်းတူအခွင့်အရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးစနစ်များ သီးခြားကျင့်သုံးရန် တောင်းဆိုခဲ့ကြသည်။ 

ယင်းတောင်းဆိုမှုသည် ဗိုလ်ချုပ်အောင်ဆန်းမူကြမ်းရေးဆွဲခဲ့သည့် ၁၉၄၇ ခုနှစ်ဖွဲ့စည်းအုပ်ချုပ်ပုံမူကြမ်းအတိုင်း တိုင်းရင်းသားများနှင့် ဗမာအကြား တန်းတူညီမျှမှုရှိသည့် အခြေအနေတရပ်ဖြစ်သည့်အပြင် အဆိုပါကာလတွင် နိုင်ငံရေးအရအင်အားချိနဲ့လာသည့် ဝန်ကြီးချုပ် ဦးနုအစိုးရအနေဖြင့် တိုင်းရင်းသားများ၏တောင်းဆိုမှုအား သဘောတူ လက်ခံမည့်အခြေအနေလည်း ဖြစ်နေခဲ့သည်။ 

တောင်ကြီးညီလာခံ၏နောက်ဆက်တွဲအဖြစ် ဖက်ဒရယ်ဆိုင်ရာနှီးနှောဖလှယ်ပွဲတစ်ရပ်ကို ရန်ကုန်မြို့၌ ၁၉၆၂ ဖေဖေါ်ဝါရီလ ၂၄ ရက်မှ မတ်လ ၂ ရက်နေ့အထိ ကျင်းပခဲ့သည်။ ဝန်းကြီးချုပ် ဦးနုက မတ်လ ၂ ရက်နေ့တွင် မိန့်ခွန်းပြောရန်လည်းရှိသည်။ 

ယင်းမတ်လ ၂ ရက် မနက်အစောပိုင်းတွင် ဗိုလ်ချုပ်ကြီး နေဝင်းက ဖက်ဒရယ်တောင်းဆိုမှုသည် တိုင်းပြည်အစိတ်စိတ်အမွှာမွှာပြိုကွဲရေးဟု အကြောင်းပြကာ စစ်အာဏာသိမ်းခဲ့သည်။ ဦးနု၏ မိန့်ခွန်းပြောမည့် အစီအစဥ် ဖြစ်မလာခဲ့ပါ။ သို့ဖြင့် ဖက်ဒရယ်အရေး ငြိမ်းချမ်းစွာတောင်းဆိုမှုသည် အဆုံးသတ်သွားခဲ့ရခြင်းဖြစ်သည်။ 

စစ်အာဏာသိမ်းမှုကြောင့် ဖက်ဒရယ်တောင်းဆိုမှု အဆုံးသတ်သွားခြင်းနှင့်အတူ ရှမ်းတိုင်းရင်းသားလက်နက်ကိုင်တော်လှန်မှုကြီးလည်း မရှေးမနှောင်းပင် ပေါ်ပေါက်လာခဲ့သလို တခြားတိုင်းရင်းသားများကလည်း လက်နက်ကိုင်တော်လှန်ရေး ပိုမိုဆင်နွှဲခဲ့ရလေတော့သည်။ 

ဖက်ဒရယ်စနစ်နဲ့ ပိုဝေးသွားတဲ့ ၁၉၇၄ အခြေခံဥပဒေ

ဗိုလ်ချုပ်ကြီးနေဝင်း၏ အာဏာသိမ်းတော်လှန်ရေးကောင်စီက ၁၉၇၄ ခုနှစ်တွင် တပြည်ထောင်စနစ် (Unitary System) ကျင့်သုံးသော နိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ပြဌာန်းလိုက်ရာ ၁၉၄၇ အခြေခံဥပဒေအောက်တွင် အငွေ့အသက်မျှရှိခဲ့သော ဖက်ဒရယ်စနစ်ကွယ်ပျောက်သွားရသည်။ 

ပိုဆိုးသည်မှာ ၁၉၇၄ အခြေခံဥပဒေက မြန်မာ့ဆိုရှယ်လစ်လမ်းစဥ်ပါတီတစ်ခုတည်းကိုသာ နိုင်ငံရေးပါတီအဖြစ် အသိအမှတ်ပြုပြီး၊ တစ်ပါတီအာဏာ ရှင်စနစ် (Totalitarianism)ကိုကျင့်သုံးကာ အာဏာများကို ထိုပါတီနှင့်စစ်တပ်ကသာ ထိန်းချုပ်ခဲ့သည်။ တပါတီအာဏာရှင်စနစ်သည် အာဏာခွဲဝေကျင့်သုံးအုပ်ချုပ်ရသော ဖက်ဒရယ်စနစ်နှင့် ပြဒါးတလမ်း-သံတလမ်းဖြစ်သည်။

၁၉၄၇ အခြေခံဥပဒေအရ ပြည်နယ်မရခဲ့သော ရခိုင်၊ မွန်နှင့် ကရင်တိုင်းရင်းသားများကို ၁၉၇၄ အခြေခံဥပဒေမှာ ပြည်နယ်အဖြစ် သတ်မှတ်ပေးလိုက်ရာ ဗမာမဟုတ်သည့် တိုင်းရင်းသားပြည်နယ် ၇ ခုဖြစ်လာသည်။ ကျန်သော ဗမာပြည်မနယ်မြေများကိုမူ ဗမာအများစုအတွက် တိုင်းကြီး ၇ ခု သတ်မှတ်လိုက်သည်။ 

ဗမာတိုင်းရင်းသားတမျိုးတည်းအတွက် တိုင်း ၇ ခု ရချိန်မှာ ကျန်တိုင်းရင်းသားများက ပြည်နယ်တခုစီသာ ရရှိကြသည်။ တနည်းအားဖြင့် ဗမာတိုင်းရင်းသားက အခြားတိုင်းရင်းသားများထက် နိုင်ငံရေးကိုယ်စားပြုမှု ၇ ဆ ပိုမိုရရှိခြင်းဖြစ်ရာ ကြီးစွာသောမညီမျှမှုကြီး ဖြစ်လာရသည်။ ဗမာမဟုတ်သည့် တိုင်းရင်းသားများ မျှော်မှန်းသော တိုင်းရင်းသားတန်းတူညီမျှရေးဆိုသည်မှာ ၁၉၇၄အခြေခံဥပဒေအရ လားလားမျှ မအပ်စပ်သောအရာဖြစ်လာသည်။ ကရင်တော်လှန်ရေးခေါင်းဆောင် စောဘဦးကြီးပြောသော ကရင်တကျပ်-ဗမာတကျပ်မူနှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်။

၂၀၀၈ အခြခံဥပဒေအောက်က တန်းမတူမှုများ

တစ်ပါတီအာဏာရှင်စနစ်အဆုံးသတ်ရေးနှင့် ပါတီစုံဒီမိုရေစီစနစ်တောင်းဆိုသော ၁၉၈၈ ပြည်လုံးကျွတ်ဆန္ဒပြပွဲကြီးကို စစ်တပ်က အကြမ်းဖက်နှိမ်နင်းပြီး နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေး(နဝတ) အမည်ဖြင့် စစ်အာဏာသိမ်းပြန်သည်။ ၁၉၉၇ ခုနှစ်တွင် နဝတ ကို နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ (နအဖ)အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။ 

နဝတလက်ထက် ၁၉၉၃ခုနှစ်က စတင်ရေးဆွဲလာခဲ့သောအခြေခံဥပေဒတရပ်ကို ၁၅နှစ်အကြာ နအဖလက်ထက်၂၀၀၈ ခုနှစ်တွင်အတုအယောင် လူထုဆန္ဒခံယူပွဲဖြင့် အတည်ပြုခဲ့သည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင်လည်း တိုင်းဒေသကြီး ၇ ခု၊ ပြည်နယ် ၇ ခုသတ်မှတ်ထားရာ ဗမာနှင့် ဗမာမဟုတ်သော တိုင်းရင်းသားများ၏ နိုင်ငံရေးကိုယ်စားပြုမှုမှာ ၁၉၇၄ အခြေခံဥပဒေအတိုင်း ဖြစ်နေသည်။

၂၀၀၈ အခြေခံဥပဒေမှာ ဗဟိုချုပ်ကိုင်မှုအပြည့် ထည့်သွင်းထားသည့်အပြင် လွှတ်တော်အရပ်ရပ်တိုင်းတွင် တပ်မတော်သား ၂၅ ရာခိုင်နှုန်းက နေရာယူထားသည်။ ကိုယ်စားပြုမှုတွင်လည်း အမျိုးသားလွှတ်တော်(အထက်လွှတ်တော်)တွင် တိုင်းဒေသကြီး ၇ ခုနှင့် တိုင်းရင်းသားနယ်မြေ ပြည်နယ် ၇ ခုလျှင် တခုအတွက် ၁၂ ဦးဖြင့် တိုင်းဒေသကြီး/ ပြည်နယ် ၁၄ ခုတွင် စုစုပေါင်း ၁၆၈ ဦးဖြင့် သတ်မှတ်ထားသည်။ ဗမာက ၈၄ ဦး ကျန်တိုင်းရင်းသားများ အားလုံးပေါင်းက ၈၄ ဦး ရရှိခြင်းဖြစ်သည်။

 အမေရိကန်ပြည်ထောင်စု၏  ဆီးနိတ်အထက်လွှတ်တော်တွင် ပြည်နယ်များကိုယ်စားပြု လွှတ်တော်တက်ရောက်သူ ၁၀၀ ဦးရှိပြီး ပြည်နယ်ပေါင်း ၅၀ မှ ကိုယ်စားပြု ၂ ဦးစီတက်ရောက်ခြင်းဖြစ်ကာ ပြည်နယ်ကြီးသည် ဖြစ်စေ၊ ငယ်သည်ဖြစ်စေ လူဦးရေမည်မျှများပြားစေကာမူ ၂ ဦးစီသာ တက်ရောက်ရခြင်းဖြစ်သဖြင့် တန်းတူကိုယ်စားပြုခွင့် (Equal Representation)ရကြသည်။ ထိုသို့သော တန်းတူကိုယ်စားပြုမှုကို တိုင်းရင်းသားများက လိုလားသည်။

NUCC မူများ

၂၀၂၁ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ဖွဲ့စည်းခဲ့သည့် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ-NUCC၏ ၂၀၂၁ ခုနှစ်၊ မတ်လ ၃၁ ရက်က ပြဌာန်းခဲ့ပြီး ၂၀၂၂ ဇန်နဝါရီလတွင် ပြင်ဆင်ဖြည့်စွက်ထားသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဥ် အစိတ်အပိုင်း-၁၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြေငြာစာတမ်း အခန်း ၄ ၊ အပိုင်း ၃ တွင် ပြည်ထောင်စုဥပဒေပြုရေးကို အောက်ပါအတိုင်း ဖော်ပြထားသည်။ 

ဖက်ဒရယ်လွှတ်တော်ကို အာဏာတူသည့် ဖက်ဒရယ်အထက်လွှတ်တော်နှင့် ဖက်ဒရယ်အောက်လွှတ်တော်တို့ဖြင့် ဖွဲ့စည်းပြီး အထက်လွှတ်တော်ကို ဖက်ဒရယ်ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်အသီးသီးက တူညီသောအရေအတွက်ဖြင့် ရွေးချယ်စေလွှတ်သည့် ရွေးကောက်ခံကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းသည်ဟုဆိုသည်။ သို့သော် ဖက်ဒရယ်ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်မည်မျှဖြင့် ဖွဲ့စည်းပြီး မည်ကဲ့သို့တူညီသောအရေအတွက်ဖြင့် ရွေးချယ်ခံမည်ဆိုသည့် အသေးစိတ်ပါဝင်မည့် ဖွဲ့စည်းပုံကို နိုင်ငံရေးအင်အားစုအားလုံးမှ ညှိနှိုင်းရေးဆွဲနေဆဲ ဖြစ်သည်။

ဗမာပြည်နယ်ကိစ္စ

၁၉၆၁ ခုနှစ် တောင်ကြီးညီလာခံတွင်  ဗမာပြည်နယ်ဖွဲ့စည်းကာ ကချင်၊ ကရင်၊ ကရင်နီ၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း ၊ ဗမာ ဟု ၈ ပြည်နယ်ဖြင့် အမျိုးသားရေးတန်းတူညီမျှစွာဖြင့် ဖက်ဒရယ်စနစ်အုပ်ချုပ်ရေးဖော်ဆောင်ရန် တိုင်းရင်းသားများက အတည်ပြုခဲ့သည်။

၂၀၀၈ ခုနှစ် ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေ(မူကြမ်း)ရေးဆွဲရေးနှင့် ညှိနှိုင်းရေးကော်မတီ(FCDCC)၏ ဒုတိယမူကြမ်းနှင့် အဆိုပါဒုတိယမူကြမ်းကို ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC) မှ ၂၀၁၆ ခုနှစ်တွင် ပြင်ဆင်မွမ်းမံထားမှုများအရ အခန်း ( ၃ ) ဖက်ဒရယ်ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များ ဖွဲ့စည်းရေးကို ယခုကဲ့သို့ဖော်ပြထားသည်။

ကချင်အမျိုးသားများပြည်နယ်၊ ကရင်နီအမျိုးသားများပြည်နယ် ၊ ကရင်အမျိုးသားများပြည်နယ်၊ ချင်းအမျိုးသားများပြည်နယ်၊ ဗမာအမျိုးသားများပြည်နယ်၊ မွန်အမျိုးသားများပြည်နယ်၊ ရခိုင်အမျိုးသားများပြည်နယ်၊ ရှမ်းအမျိုးသားများပြည်နယ်၊ တနင်္သာရီအမျိုးသားများပြည်နယ်၊ဧရာဝတီအမျိုးသားပြည်နယ်၊ ဝအမျိုးသားများပြည်နယ်နှင့် ချင်းတွင်းအမျိုးသားများပြည်နယ်ဟူ၍ ၁၂ ပြည်နယ်ဖြင့် အဆိုပြု ဖော်ပြထားသည်။

တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်းနှင့် စစ်ကိုင်းအတွင်းရှိ ချင်းတွင်းမြစ်ဝှမ်းဒေသများတွင် ဗမာနှင့်အခြားတိုင်းရင်းသားအများအပြား ရောထွေးနေထိုင်မှုများရှိနေသဖြင့် အဆိုပါဒေသများကို အမျိုးသားများပြည်နယ်အဖြစ် ဖွဲ့ စည်းထားခြင်းဖြစ်သည်။

ဖက်ဒရယ်ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များကို ၈ ပြည်နယ်ဖြင့် ဖွဲ့စည်းသည်ဖြစ်စေ၊ ၁၂ ပြည်နယ်ဖြင့် ဖွဲ့စည်းသည်ဖြစ်စေ ဗမာပြည်နယ်တခုသာ ထားရှိဖွဲ့စည်းမှ အမျိုးသားရေးတန်းတူညီမျှမှုရှိမည်ဖြစ်ကြောင်း နှစ်ပေါင်း ၃၀ ကျော် ဖက်ဒရယ်အရေးလေ့လာသူ ဦးခင်မောင်ဝင်းမှ မှတ်ချက်ပြုသည်။

တိုင်းရင်းသားအရေးနှင့်နိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင်က “အလွန်ရှုပ်ထွေးတဲ့ပြဿနာဖြစ်တယ်။ နောက်ပြီးတော့ ပုံသေနည်းမရှိဘူးလို့ ပြောပါရစေ။ တိုင်းပြည်တပြည်ရဲ့ အမျိုးသားပါဝင်ဖွဲ့စည်းမှု၊ သူ့ရဲ့သမိုင်းဆိုင်ရာ ဖြတ်သန်းမှုအများကြီးပဲဗျနော်။ အဲ့တော့တချို့က အိန္ဒိယကို လေ့လာရင် ကောင်းတယ်လည်းပြောကြတယ်။ တချို့က အမေရိကန်ဖွဲ့စည်းပုံက ကောင်းတယ်ပြောကြတယ်။ ကျနော်တော့ ဒီနေ့ကာလမှာ ဘာမှမပြောချင်သေးဘူး။ စစ်ကောင်စီကိုတိုက်ဖို့အတွက် အားလုံးညီညီညွတ်ညွတ်နဲ့ ဝိုင်းဝန်းကြိုးစားကြရမယ့် အချိန်ပဲဖြစ်တယ်လို့ ပြောချင်ပါတယ် ” ဟု ပြောသည်။

သို့သော် ဖက်ဒရယ်ပြည်ထောင်စုပြည်နယ်ဖွဲ့စည်းရေး၊ ဗမာပြည်နယ်ထားရှိရေးကိစ္စများနှင့်ပတ်သက်၍ သူ့အနေဖြင့် သီးခြားသဘောထားမှတ်ချက်မရှိသေးကြောင်း ပြောသည်။ 

ယင်းကိစ္စရပ်များသည် စစ်ကောင်စီပြုတ်ကျပြီးနောက် ဒီမိုကရေစီနည်းကျ၊ တိုင်းရင်းသားပေါင်းစုံပါဝင်တဲ့ ပင်လုံညီလာခံကဲ့သို့ အစည်းအဝေးတရပ်မှာ ပွင့်ပွင့်လင်းလင်းပြောဆိုဆွေးနွေးကြရမည့် ကိစ္စရပ်များအဖြစ် ရှုမြင်ကြောင်းနှင့် လက်ရှိအချိန်တွင်ပြောဆိုနေပါက တော်လှန်ရေးကို တွန်းအားမဖြစ်စေသည့်အပြင် နစ်နာဆုံးရှုံးမှုများ ဖြစ်နိုင်ကြောင်းလည်း  ၄င်းကထပ်လောင်းပြောသည်။

လွတ်လပ်ရေးနှင့်အတူ မွေးဖွားလာသည့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးနှင့် ပြည်တွင်းစစ်မီးများသည် အမျိုးသားရေးတန်းတူညီမျှမှုမရှိဘဲ တခြားတိုင်းရင်းသားများအပေါ် ဗမာလူမျိုးအုပ်ချုပ်သူလူတန်းစားကသာ ဗဟိုချုပ်ကိုင်မှုဖြင့် အုပ်ချုပ်ခဲ့ခြင်း၏ နောက်ဆက်တွဲ ဆိုးကျိုးရလဒ်များပင်ဖြစ်သည်။

ထို့ကြောင့် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းပြီး နွေဦးတော်လှန်ရေးအလွန် အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်တည်ဆောက်ရာတွင် တိုင်းရင်းသားများအားလုံးလက်ခံနိုင်သော အမျိုးသားတန်းတူညီမျှမှုကို အာမခံချက်ပေးဖို့လိုကြောင်း သမိုင်းပေးသင်ခန်းစာများက သက်သေခံနေသည်။

#မြေလတ်အသံ

#သုံးသပ်ချက် #ဆောင်းပါး #ဖက်ဒရယ် #တိုင်းရင်းသား #တန်းတူညီမျှရေး #မြန်မာ #ကချင် #ကရင် #ကယား #ကရင်နီ #ချင်း #မွန် #ဗမာ #ရခိုင် #ရှမ်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10